Wednesday, May 02, 2012

အင်္ဂလိပ်စာလေ့လာရာတွင် အသိများလေ ပိုလွယ်လေ

အကြားသန်ရန်အားထုတ်ရာတွင် အင်္ဂလိပ်စာလေ့လာရသည့် ရည်ရွယ်ချက်ပေါ်မူတည်ပြီး ဘာကို နားထောင်မလဲ ဆိုသည်မှာလည်း ကွဲပြားသွားနိုင်သည်။ ပညာရပ်တစ်ခုကို အင်္ဂလိပ်စကားပြော တက္ကသိုလ်တစ်ခုတွင် သင်ယူဖို့ ရည်ရွယ်ပါက လက်ချာဟု အများခေါ်ကြသော ဟောပြောပို့ချချက်များကို နားလည်နိုင်စွမ်းရှိရမည်။ ထို့ပြင် ၀ိုင်းဖွဲ့ဆွေးနွေးပြောဟန် (seminar) ကိုလည်း ယဉ်ပါးထားရပါလိမ့်မည်။
ထိုသို့ နားထောင်စရာများကို အင်တာနက်စာအိမ်များပေါ်တွင် ရှာနိုင်ပါသည်။ အင်္ဂလိပ်စာ လေ့လာ သူများအတွက် သီးသန့်ဟောပြောချက်များကိုမူ သိပ်ရှာတွေ့မည်မဟုတ်ဘဲ ပုံမှန်စကားပြောနှုန်းဖြင့် ပြောသော ဟောပြောမှု၊ ဆွေးနွေးမှု စကားပြောများကိုသာ များသောအားဖြင့် နားထောင်နိုင်ပါလိမ့်မည်။ bbcworldservice.com bbc.co.uk စာအိမ်များတွင် အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေးဟောပြောထားသော နားထောင်စရာများစွာ ရှိပါသည်။
ဤနေရာတွင် အခက်အခဲတစ်ခုရှိပါသည်။ ပြောသော အသံများ၊ စကားလုံးများကို အကုန် ဖမ်းမိလျင်သော်မှ နားမလည်လိုက်သော အဖြစ်မျိုးရှိနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဆွေးနွေး ဟောပြောသော အကြောင်းအရာကို တီးမိခေါက်မိမရှိသောကြောင့်ဖြစ်ပါသည်။ ဥပမာ ဘီဘီစီ အင်္ဂလိပ်ပိုင်းရှိ သိပံ္ပဆိုင်ရာ သတင်းလွှာသော်လည်းကောင်း၊ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးမှု အစီအစဉ်သော်လည်းကောင်း၊ စာပေဆွေးနွေးမှုများကိုလည်းကောင်း နားထောင် ရာတွင် ထိုအကြောင်းတို့ ၏ အခြေခံ သဘောများကိုအနည်းငယ် တီးမိခေါက် မိရှိထားပါက မြန်မြန်နားလည် နိုင်ပါလိမ့်မည်။
မေးစရာရှိပါသည်။ ထိုအရာတို့ကို မသိပါ။ ကျောင်းတွင်မသင်ခဲ့ရပါ။ ထို့ကြောင့် ဘယ်လိုသိနိုင်မလဲ။ သတိပြုစရာ တစ်ခုရှိပါသည်။ ၎င်းရေဒီယို အစီအစဉ်များမှာ သိပံ္ပပညာရှင် စာပေပညာရှင် ကျန်းမာရေးပညာရှင်များအတွက်သာ သီးသန့်ထုတ်လုပ်ထားသည် မဟုတ်ပါ။ သူလိုကိုယ်လို သာမန်နားဆင်သူများအတွက် မေးမြန်းဆွေးနွေးထားချက်များ ဖြစ်ပါသည်။ မေးမြန်းသူက နားထောင်သူများ လိုက်နိုင်မည်ဟု ထင်သည့်နေရာက စထားတတ်ပါသည်။ ထို့ကြောင့် ထိုအရာတွေကို မသိ၍ စနားမထောင်ဘူးဟု ဆင်ခြေမပေးသင့်ပဲ အကြောင်းအရာအသစ်များကို စိတ်ဝင်စားအောင် အားထုတ်သင့်ပါသည်။
မိမိ မသိသေးသော အကြောင်းအရာကို မည်သို့စိတ်ဝင်စားအောင် အားထုတ်ပါမလဲ။ အလွယ်ကူဆုံးမှာ  မေးခွန်း ထုတ်ကြည့်ခြင်းဖြစ်ပါသည်။ ဥပမာ သတ္တ၀ါများ အဆင့်ဆင့်ပြောင်းလဲမှုဖြစ်စဉ်Evolution  အကြောင်းကြားလိုက်သည်ဆိုပါစို့ ။ ဘယ်သတ္တ၀ါတွေကို ပြောတာလဲ။ အဆင့်ဆင့်ဆိုတာဘာလဲ။ ပြောင်းတယ်ဆိုတာ ဘယ်လိုပြောင်းတာကို ခေါ်တာလဲ။ ဖြစ်စဉ်ဆိုတာကရော။ ဘယ်လောက်ကြာသလဲ စသည့် စသည့် မေးခွန်းများကို မေးကြည့်ပါ။ နားထောင်သည့် အစီအစဉ်တွင် ရှင်းပြထားတတ်ပါသည်။ ထိုအခါ နားထောင်ရာတွင် ဘာအချက်အလက်ကို ဂရုစိုက်ရှာဖွေရမည်ကိုလည်း သိပြီးဖြစ်သွားပါလိမ့်မည်။ အကယ်၍ နားထောင်သည့် အစီအစဉ်တွင် မိမိသိလိုသည့် မေးခွန်း၏ အဖြေပါမလာပါက အင်တာနက်တွင် evolution theory အကြောင်းဖတ်နိုင်မည့် စာအိမ်ကို ရှာကြည့်နိုင်ပါသည်။ အလွယ်အင်္ဂလိပ်စာဖြင့် ရေးထားသော စာအိမ်များကို ရှာလိုပါက evolution theory for kids ဟု စာရိုက်ရှာဖွေပါ။ ထိုအခါ အဖတ် စွမ်းရည်ကိုပါလေ့ကျင့်ပြီးသား ဖြစ်သွားပါပြီ။
ဆိုခဲ့ပြီးသည့်အတိုင်း တက္ကသိုလ်ကောလိပ်တွင် ပညာသင်ရန်ရည်ရွယ်ချက်ဖြင့် အင်္ဂလိပ်စာလေ့လာလျင် ဟောပြောပို့ချမှုပုံစံ ဆွေးနွေးမှုပုံစံတို့ နှင့် အကျွှမ်းဝင်ရန် အကြောင်းအရာဗြောက်သောက်ကို သိထားဖို့ရန် လိုပါသည်။ ထို့ ပြင် ထိုဗဟုသုတများက မိမိ၏လေ့လာမှုကိုပါ အထောက်အကူ ပေးပါသည်။အဘယ်ကြောင့်ဆိုသော် မိမိအထူးပြုသင်ယူနေသည့် ဘာသာရပ်နှင့်ဆက်နွယ်၍ ဆရာများက အခြားနယ်ပယ်မှ အကြောင်းအရာတို့ကို  ဆက်စပ်ပြတတ်သောကြောင့် ဖြစ်သည်။ ထိုအခါ နားမအ တော့ဟုပြောနိုင်ပါမည်။
ထိုမျှမကပါ။ IELTS TOEFL စသည့် စာမေးပွဲဖြေရာတွင်လည်း အထောက်အကူပေးပါလိမ့်မည်။ ထိုစာမေးပွဲများတွင် အကြားစွမ်းရည်စစ်ဆေးသည့် နားထောင်စရာများတွင် ထိုထိုသော အကြောင်းအရာ များစွာပါ၏။ သိထားသော အကြောင်းအရာကို နားထောင်ရသည်က ဘာမှမသိဘဲ အသံများ စကားလုံးများကိုသာ လိုက်နားထောင်ရသည်ထက် ပို၍လွယ်ကူပါလိမ့်မည်။ အဖတ်စွမ်းရည်ကို ဖြေရာတွင်လည်း ဤအတိုင်းပင်ဖြစ်ပါသည်။ ရေးရာတွင်လည်း သူများသုံးထားသည့် ဖန်တရာတေ အ ချက်များထက်သာအောင် ရေးနိုင်ပါလိမ့်မည်။
နောက်ဆုံးမေးခွန်းတစ်ခုမှာ များပြားလှသော သိစရာများအနက် ဘယ်အရာကို အရင်သိအောင် အားထုတ်သင့်သလဲ ဆိုသောမေးခွန်းဖြစ်ပါသည်။ ဖတ်စရာများများ နားထောင်စရာများများကို ရှိရန် နိုင်ငံ တကာသတင်းများကို စတင်စိတ်ဝင်စားကြည့်ပါဟု အကြံပေးလိုပါသည်။ မြေပုံကိုလည်း ဂူဂဲလ် မြေပုံ googlemap မှရှာနိုင်ပါသည်။ နိုင်ငံတစ်ခုစီ၏ ခေတ်ဟောင်း ခေတ်သစ်သမိုင်းကိုလည်း အင်တာနက်ပေါ်တွင် လက်ချောင်းတစ်ချက်နှစ်ချက်နှိပ်ဖြင့်ပင် ရှာဖတ်နိုင်ပါပြီ။
အသိများများ ရှာနိုင်ကြပါစေ။
ရေးသားသူ - ကျော်ဝင်းထွန်း
Posted by ကိုတူး(မိတ္ထီလာ GTI)

2 comments:

  1. ထွန်းမြင့်ဌေ6း May 2012 at 13:25

    This comment has been removed by a blog administrator.

    ReplyDelete
  2. ထွန်းမြင့်ဌေ6း May 2012 at 13:32

    အင်္ဂလိပ်စာအကြောင်း ဒီမှာ ဆွေးနွေးချင်ပါတယ်။ ကျနော် စင်္ကာပူစရောက်တော့ အင်္ဂလိပ်စကားပြောရာမှာ တော်တော် အဆင်မပြေဖြစ်ခဲ့ပါတယ်။ ဖတ်တာနဲ့ ရေးတာက ကျနော်တို့ တော်တော်လေး အဆင်ပြေကြပါတယ်။ Listening နဲ့ Speaking မှာတော့ တော်တော် အားနည်းပါတယ်။ အခု စင်္ကာပူမှာ(၅)နှစ်လောက် နေလိုက်မှ အဆင်ပြေလာပါတယ်။ Daily Meeting တွေ Weekly Meeting တွေ Safety Toolbox တွေမှာ အာရုံစိုက် နားထောင်တာရယ်၊ မဖြစ်မနေပြောရမယ့် အခြေအနေတွေကြောင့် တိုးတက်လာတာပါ။ အခုဆိုရင်တော့ Fluently မဟုတ်တောင် Meeting မှာ Fighting လုပ်ရတာ အဆင်ပြေလာပါပြီ။ အရင်တုန်းက သူများတွေလို့ ဘယ်တော့များမှ ပြောနိုင်မလဲ အားငယ်နေခဲ့ပါတယ်။ ကိုတူး အခုတင်ထားတဲ့ Post ကို 100% ထောက်ခံပါတယ်။ အင်္ဂလိပ်စကားမှာ အခက်အခဲဖြစ်နေသူတွေ နည်းယူသင့်တဲ့ အချက်တွေပါပဲ။ ဒီလို Post ကို တစိုက်မတ်မတ်တင်ပေးနေတဲ့ ကိုတူးကို ကျေးဇူးအများကြီး တင်ကြောင်း အားလုံးရဲ့ကိုယ်စား ပြောချင်ပါတယ်။

    ReplyDelete