လူအချို့တို့မှာ အဆင်ပြေချောမွေ့နေပြီး အလိုလိုက်အကြိုက်ဆောင်နေလျှင်
အကြိုက်တွေ့ကြ၍ အလွန်ခင်မင်စရာကောင်းသူပါပဲဟုဆိုလေသည်။ ထိုသူသည် တခါတရံ
စိတ်နှင့်အခန့်မသင့်၍ သဘောကွဲလွဲသွားလျှင်မူ ထိုသူထံမှ ဖယ်ခွာသွားတတ်ကြလေသည်။ ဤသို့သော
မိတ်ဆွေသင်္ဂဟများမျာ လူမူဘဝတွင် များမှများပေသည်။ တခါ မြင့်မားနေစဉ်အခါတွင်လည်း
အလွန်ပင်လေးစားချစ်ခင်ဖွယ်ကောင်းပါဘိဟု ဆိုကြပြန်သေးသည်။
ထိုသူနိမ့်ပါးသွားသောအခါတွင် ဖုတ်လေသည့်ငါးပိ ရှိသည်ဟုလေပင်မထင်တော့ပဲ
လမ်းတွေ့လျှင်ပင် မသိချင်ယောင်ဆောင်သွားတတ်ကြပေသည်။
အမှန်တကယ်မိတ်ဆွေကောင်းတို့သည် မိမိခံစားရသည်တို့ကို နားလည်ပေးခြင်း၊
မိမိကြုံတွေ့ရသည့်အခက်အခဲကို ဝိုင်းဝန်းဖြေရှင်းပေးခြင်း၊ မည်သည့်အခြေအနေတွင်
ရောက်နေသည်ဖြစ်စေ နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်းတို့ကို ပြုလေသည်။
မိတ်ဆွေကောင်းဆိုသည်မှာ အခက်အခဲဆုံးအချိန်တွင် မိမိနှင့်အတူရှိနေခြင်းပင်ဖြစ်သည်။
မိမိကိုလည်း အခက်အခဲကြုံအောင် မည်သို့မျှပြုမူမည့်သူမဟုတ်ချေ။ ထို့အပြင်
မိတ်ဆွေကောင်းတို့သည် မိမိမိတ်ဆွေ၏ နဂိုရှိပြီးသားပုံစံအတိုင်းကိုပင် လက်ခံကြသည်။
အရှိအတိုင်းဖြစ်တည်နေသည်ကို လက်ခံကြသည်။ စိတ်သဘောထားမှာ တသမတ်တည်းရှိပြီး
မည်သည့်အခြေအနေရောက်ရောက် ပြောင်းလဲမသွားချေ။