Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Saturday, June 30, 2012

ကျေင်းဖွင့်ချိန်

ခေါင်းလောင်းသံတိတ်
ကျောင်းတွေပိတ်ပြီ
အလွမ်းကမ္ဘာ ရင်ဝယ်ထားကာ
ကျောင်းကြီးဖွင့်ရက်
လက်ချိုးတွက်လို့
စောင့်မျှော်နေမယ်
သူငယ်ချင်းတို့ရယ်။   ။

ကျောင်းတော်ရင်ခွင်
တို့ပြေးဝင်မဲ့
ရာသီလေမြူး ၀သန်ဦးလဲ
စောင့်မျှော်ရက်ကြာ
ရောက်လို့လာတော့မှာမို့
နင်လဲငါ့လို ငါလဲနင့်လို
အလွမ်းတွေ ပိုလို့သာ
စောင့်မျှော်နေမှာ
ကျေင်းဖွင့်ချိန်ရာ ။   ။

Posted by တကိုယ်ငယ်

Saturday, June 16, 2012

ပိတောက်စိတ်ကူး

ရွှေဝါရောင် တဖိတ်ဖိတ်နဲ့
လူ့ရဲ့စိတ်ကို မရိုးမရွစေတာ
ဒီတခါတော့ ငါလွမ်းရပြီထင်ရဲ့
ပန်းပိတောက်ရယ် ။

အဆက်အသွယ်ပြတ်ခဲ့တဲ့ တခဏ
စိတ်ကူး အိပ်မက်တွေ ပျက်ခဲ့ရတယ်
နင့်ကြောင့် ရယ်လို့တော့ မပြောပါဘူး
ပုံမှန်ရောက်လာတတ်ခဲ့တဲ့
တစ်နှစ်တစ်ခါဆိုတာက
ဖိအားပေးခဲ့တာပါ ။

ပျော်စရာတွေ ယူလာတတ်သလို
ပျော်စရာတွေလဲ ပြန်သယ်သွားတတ်တော့
နင့်ကြောင့်ပဲ ငါလွမ်းတတ်သွားပြီ။

နင့်ကြောင့် စိတ်ကူးတွေ ယဉ်ခဲ့ဖူး
နင့်ကြောင့် ပဲစိတ်ကူးတွေ ယိုင်ခဲ့ဖူး
ဘာမဟုတ်တဲ့ ပိတောက်စိတ်ကူး က
ငါ့ကို ရူးစေခဲ့တာလား ။

ပိတောက်ဖူးနဲ့ ငါ့စိတ်ကူးတဲ့
ခဏတော့ ငါ့မကြာခဏပဲ
ပျော်ဖူးပါတယ်
ပိတောက်စိတ်ကူးလေးရယ် ။     ။

Posted by တကိုယ်ငယ်

Friday, April 13, 2012

ပိတောက်ပန်း

ပိတောက်ပန်း
လတန်ခူးပေမို့
အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။
တကယ်တမ်းသာဖြင့်
ဘယ်ပန်းသော် စံမတူဘု
နန္ဒမူ ဖလ်ဂူထိပ်မှာလ
ပစ္စေကာ ချွေးတော်သိပ်ရတယ်
အေးရိပ်ဆာယာ။
တနှစ်တွင် သည်တလသာပ
တလတွင် တရက်ထဲ
ခက်ခဲတဲ့ ရက်ဗုဒ္ဓါ
ပွင့်ရှာကြ စုံမြိုင်တွင်း။
မြူမင်းလွင်ထန်
ကြူသင်းတာချိန်ယံ မတော့
ရွှေဝတ်ဆံ ငုံတံ ညှောက်ကယ်နှင့်
ခါသင်္ကြန် ဂိမှာန် ရောက်ပြန်တော့
သိရ်သရေ ထိန်ဝေလို့ တောက်တဲ့ပြင်
လမ်းတလျှောက် သင်းတာမို့
ဆန်းသလောက် မလင်းနိုင်ဘု
ပန်းပိတောက်မင်း။      ။
(ဦးကြော့)
Posted by KAE

Monday, March 12, 2012

သောက

နှစ်မကုန်ခင်
မြစ်ဆုံတော့ သွားကြည့်ထားဦးမှ
မလိဇွပ်နားဝယ်
ဆည်ဆောက်မှာလေ
သေမလောက်ကြောက်မိပါရဲ့။ 

မျိုးပြုတ်အောင် တောတွေခုတ်
လုပ်ချင်သလို လုပ်နေကြတဲ့ အဖြစ်
မြစ်တကြော
လောဘဇောတိုက် နေတဲ့ လူတသိုက်
ရွှေနှိုက်နေပုံ များကလည်း မြင်မကောင်းဘူး။

ကချင်မြေတ၀ိုက်
ရေလိုက်လွဲနေပုံများ
မဟားဒရား တွင်းတွေတူး
အရူးအမူးတောင်တွေဖြို
အို…ကြောက်စရာ ကောင်းလှချည့်
ရှိသမျှ သယံဇာတ
အစလေးမှ ကျန်ပါဦးမလား
ခါးသီးစရာ မြင်ကွင်းများ
အားလို့ online ပေါ်တက်တိုင်း မြင်နေရ
လှပတဲ့ တောတောင် ရေမြေသဘာဝ
မပျက်စီးခင်က ငါတော့ အ၀သွားကြည့်ထားဦးမှ
သွားကြည့်ထားဦးမှ ။      ။


Posted by ဂျစ်တီး

Sunday, March 04, 2012

ပန်တော်ဦး

ပန်တော်ဦး...
မင်းက လတစ်စင်းဆိုရင်
ငါက ဒီရေပဲဖြစ်ချင်ပါတယ်။

ပန်တော်ဦး...
မင်းက နေရောင်ခြည်ဆိုပါတော့
ငါက သစ်တပင်ပဲ ဖြစ်ပါလိမ့်မယ်။

ပန်တော်ဦး...
မင်းက ကံဇာတ်ဆရာ ဆိုရင်လည်း
ငါက လူတစ်ယောက်ပါပဲ။

Posted by ဂျစ်တီး

Sunday, December 25, 2011

လွမ်းည

အလွမ်းငွေ့တွေဖြာကျ
သတိရခြင်းတွေ လှိုင်းထနေမှတော့
ဒီည....
မအိပ်တာက ပိုကောင်းမယ် မဟုတ်လား.......


Posted by ဂျစ်တီး

Thursday, December 08, 2011

မဆုံးသေးတဲ့ဇာတ်လမ်း

♥♥♣သေချာတွက်ကြည့်ရင်
အထီးကျန် ရှင်သန်ခဲ့တဲ့ လေးနှစ်
ဖြတ်သန်းခဲ့ရ ခရီးကြမ်း
တွေ့သမျှ boss ခေါ်
ရှဲရှဲတွေမိုးလုံးပြည့်
ရယ်ပြနေရတဲ့ ငါ့ပါးစပ်
အာတွေတောင်ညောင်းလို့
ကိုယ့်ကိုယ်ကိုတောင် ရွံမိတယ်။
♥♥♣အရင်ကတော့
မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်
ရောင်စုံအလွှာ မတူသူတွေကြား ရှင်သန်ဖို့
ရေဆန်ကိုလှော် လေဆန်ကိုကျော်ခဲ့တယ်။
♥♥♣မျှော်ခဲ့မိပါရဲ့ ဒီကွန်ကရစ် တောအုပ်ထဲမှာ
အတ္တမီးတွေကထိန်ထိန်လင်းလို့
ငါတို့မိုးအလင်း ကခဲ့ကြတာပေါ့။
♥♥♣ဖြေသိမ့်စရာက ဘာလဲ
မိုးချုပ်လို့ အိမ်မပြန် ဘ၀အမောတွေကို
ခဏ ပျော်စေတဲ့အယ်ကိုဟောတွေ
ခေါင်းထဲလောင်းထည့်ကြ
ဝေးနေကြရ တို့တွေ ဘယ်မှာလဲ မိသားစုဘ၀။
♥♥♣တစ်ခါတစ်လေလည်း ယောင်ရမ်းတမ်းတ
အမေ့အိမ်ကထမင်းဝိုင်း
အသားမပါတဲ့ညစာ ဆိုလည်း
KFC ထက်တော့ သာပါတယ်။
♥♥♣သွေးမတိတ်တဲ့ အနာတွေနဲ့
ချွေးသိပ်ချင်လွန်းလို့
နွေးထွေးတဲ့ အမေ့အိမ် ပြန်ချင်ပါတယ်။
အခြေအနေကို အရင်းစစ် အရင်းအမြစ်တွေလည်းဆွဲမနုတ်နိုင်
မျှော်လင့်ခြင်း ပန်းတိုင်တစ်ခုအတွက်
အတ္တတွေ မြေမြုပ် မာနတွေမီးရှို့ပြီး
ငါတို့ ဒီဇာတ်ကိုပဲ ရင်နာနာနဲ့
ဆက်ကနေရဦးတော့မှာပေါ့။။။။။

 Nyinyist

Posted by John

Sunday, November 20, 2011

ချောင်းလှဖို့ကို

ဒီချောင်းမှာသာ၊ ကြာပါပေါ့လား။
မဗေဒါပြာနွဲ့နှောင်းငဲ့။
ချောင်းတန်တန် ရေငန်ရပ်မှာ စွဲတတ်နိုင်အား။

သူ့စိတ်နဲ့သူ့ကိုယ်။
ချောင်းတစ်ခွင်မြင်သမျှ ချောင်းလှဖို့ကို။
ဘုတ်မက ချိုချင်ချို
ဗျိုင်းညိုက အောက်ချင်အောက်။
အုန်းညီနောင် စောင်းချင်စောင်း
ချောင်းကောက်ချင်ကောက်။

သူ့လမ်းနဲ့သူ့အမြင်။
ချောင်းဒီရေနေသမျှ၊ ချောင်းလှဖို့ပင်။
ချောင်းဖျားက ထက်တစ်ခွင်
ပင်လယ်က အောက်တလွှား။
စုန်ချည် ဆန်ချည်နဲ့
တစ်လှည့်စီ ဒီသဘော၊ မျောကြမနား။


ဒီချောင်းမှာသာ၊ ကြာချင်လှလေး။
ကျူရိုးမောင် ရွှေယောင်စောင်းငဲ့။
ချောင်းတန်တန် ရေငန်ထဲ၊ စွဲချင်လှလေး။ ။


အင်မတန် ကြိုက်ခဲ့ရတဲ့ ဆရာဇ်ာဂျီ ရဲ့ ဗေဒါလမ်း ကဗျာများထဲက ကဗျာလေးတစ်ပုဒ်ကို ပြန်လည်တင်ပြလိုက်ပါတယ်။ အတော်များများလည်း သိပြီးဖြစ်မှာပါ။ အကြိုက်ဆုံး အပိုဒ်ကတော့ ဒုတိယ အပိုဒ်ပါပဲ။ အသံ အရမ်းလှလို့ပါ။


Posted by ဂျစ်တီး

Monday, August 22, 2011

အိပ်ပျက်ည

မိုးမခြိမ်းလိုက်နဲ့...
အော်လိုက်ကြတဲ့ဖားတွေ
မယုံရဲ ယုံရဲနဲ့၊
ဒဏ်ရာဗရပွ ရင်မှာပိုက်
ငိုက်မြည်းနေတဲ့ မျက်စိတွေ ပွတ်သတ်လို့
လာရပ်ကို မှန်းမျှော် 
 တော်တော်နဲ့ကို မိုးမချုပ်နိုင်ဘူး တဲ့ ။

အလင်းတစ်အုပ်
ခပ်စုတ်စုတ်နဲ့ ပြိုဆင်းလာလို့
ကိုယ့်ရင်တွေလဲ လှုပ်ရှား
မိုးများလင်းတော့ မလားပေါ့
ဖျော့တော့တော့ အတွေးများနဲ့
မှုံရီေ၀၀ါး လမ်းမများကြား
စူးစိုက်ငေးရင်း
လင်းကြက်တောင်မတွန်သေးတာ
ဒီလိုနဲပဲ ငါ့မှာ
အိပ်ရေးပျက်ပေါင်းတွေ များလှပြီ။   ။

Posted by ဂျစ်တီး

Tuesday, August 16, 2011

သူငယ်ချင်း

သူငယ်ချင်း….
မင်းအလည်လာသလား
ဘာကြောင့်လာတာပဲဖြစ်ဖြစ်
လာတယ်ဆိုရင်ကိုပဲ
ငါကျေနပ်တယ်။

လာကွာ…
လ္ဘက်ရည်ဆိုင် သွားရအောင်၊
ကျစိမ့် နှစ်ခွက်၊ လန်ဒန်တစ်ပွဲ နဲ့
ဘာညာရွက်လွင့်ကြရင်း ငါလွမ်းလာမိတယ်
ဘာကိုလွမ်းတာလဲ….
ဇဝေဇ၀ါ ဖြစ်နေတုန်း
အလွမ်းဝင်္ကပါထဲမှာ ငါ့ခြေထောက်တွေ အခိုးခံလိုက်ရတယ်။

သူငယ်ချင်းရေ…
မင်းကတော့ မင်းလျှောက်လမ်းတလျောက်
ပေါ့ပါးစွာ နေတတ်ပါရဲ့
ငါကတော့ လားလားမှ မကြိုက်
ငါ့အသိုက်ဟောင်းကို စွန့်ပစ်ထားပြီး
ခရီး အသစ်စနေ
လေကို ဆန်တက် ၊ ပျံလျှက်ပဲကွာ။

သူငယ်ချင်းရေ…
သူငယ်ချင်းဆိုတဲ့ ဝေါဟာရကို
လူတွေ အလွယ်တကူ သုံးနေပေမယ့်
တကယ့် နက်နဲတဲ့ အဓိပ္ပါယ် ကို
တို့နှစ်ယောက် ခံစားမိကြတယ်လို့ ထင်တယ်၊
အရစ်စတိုတယ် ပြောခဲ့ဖူးတဲ့
သူငယ်ချင်းဆိုတာ နှစ်ကိုယ့်တစ်စိတ် ဆိုတဲ့ စကား
တို့နှစ်ယောက် အတွက်တော့ ကိုက်သားကိုးကွ။

သူငယ်ချင်းရေ…
လေတိုက်လို့ သစ်ပင်ယိမ်းတာ
အကြောင်းမဟုတ်ပေမယ့်
အမြဲတမ်းဆိုရင်တော့
ငါမင်းကို စိတ်ဆိုး မိမလားပဲ။

သူငယ်ချင်းရေ…
ဟိုး…ရှေ့ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့
လှေခါးထစ် အတော်များများရဲ့ အဆုံးမှာ
သိပ်တောက်ပနေတဲ့ အနာဂတ်တစ်ခု ရှိလိမ့်မယ်
မင်းအဲဒီကို ရောက်အောင် သွားလိုက်စမ်းပါ။

သူငယ်ချင်းရေ…
မင်းလမ်းကြုံရင်တော့ ၀င်လာခဲ့ပါလားကွာ
ငါမင်းကို…… ။                   ။

Posted by ငခဲ

စမိတာ ကိုယ့်အမှား

တစ်နေ့ တစ်နေ့
ပို့စ် အသစ်တင်
ဟိုပြင်ဒီပြင်
လူဝင်လျှင်ပျှော်၊
တော်တော်နှင့် မအိပ်
ဒီစိတ်သာရှိ။

ဟိုလူဝင်ပါ
ဒီလူလာပါ
အကြံပေးပါ
ဆက်သွယ်ကြပါ
တစာစာအော်
ခေါ်နေငြားလည်း
နည်းနည်းမှ မလှုပ်
ကိုယ့်လူအုပ်ကြောင့်
စောင့်ရကျိုးမနပ်
လမ်းခုလပ်မှ
လှည့်ပြန်မလား
စဉ်းစားမိပြီ ။   ။

Posted by ငခဲ

အဖြူရောင်သံယောဇဉ်


အဖြူရောင်သံယောဇဉ်လေးတွေနဲ့ 
ငါတို့ နှစ်ယောက်           
သူငယ်ချင်းဘ၀လေးက
ကြည်းနူးစရာလေးတွေပါပဲ...။
တစ်ယောက်ကိုတစ်ယောက်
ဘယ်အချိန်ပဲဖြစ်ဖြစ်
အမြဲတန်းပွင့်လင်းခဲ့ကြတယ်။
မင်းနဲ့ ငါ ကြားမှာ
အကောင်းဆုံးသူငယ်ချင်းဆိုတဲ့
စည်းလေးတစ်ခုအလိုလိုနေရင်း
တားထားကြတယ်..........။
ငါဘက်ကလဲ မချိုးဖောက်သလို....
မင်းကလဲ ချိုးဖောက်မှာမဟုတ်ပါဘူး....
အမြဲတန်းပေါ့....။
ဘာဖြစ်လို့ လဲဆိုတော့.....
ငါတို့ နှစ်ယောက်ရဲ့ 
ရရှိပြီးသားခင်မင်မှုလေးကို
ပျောက်ပျယ်သွားမှာ
စိုးရိမ်မိတယ် သူငယ်ချင်းရယ်...။
Posted By ၀တီ

Friday, August 12, 2011

မဖြေနိုင်မှန်း သိသော်လည်း

မင်း ငါ ဆုံခိုက် ၊ဘုရားလိုက်ဖို့
ငါတိုက်တွန်းငြား၊ မင်းပြောကြားခဲ့
မအားသေးဘူး နောက်မှကွယ်..........။
ဆိတ်ငြိမ်နေရာ ၊ အေးရိပ်သာဝယ်
အာနာပန ၊ ရသမျှကို
သွင်းပ ရှုရှိုက် ၊ အတူလိုက်ဖို့
ငါတိုက်တွန်းငြား ၊ မင်းပြောကြားခဲ့
မအားသေးဘူး ၊ နောက်မှကွယ်........။
ဟိုတနေ့က
မအားနေရင်း ၊ သူငယ်ချင်းဟာ
သေမင်းခေါ်ရာ ၊ မငြင်းသာပဲ
လိုက်ပါ ၊ သွားရရှာလေပြီ။ . . .
ကိုယ်ခေါ်စဉ်က ငြင်းလို့ရလည်း
ခုမှမငြင်း ၊ လိုက်သွားခြင်းကြောင့်
ရင်တွင်းစကား ၊ဆိုမိငြားသည်
အားသွားလို့လား သူငယ်ချင်း....................။
From Forward Mail.
Posted  by ထွန်းမြင့်ဌေး 

Friday, April 29, 2011

အမောပြေ အမှတ်တရ ကျောင်းသားဘဝ

အဆောင်မှာ ငေါင်ငေါင်
ကျောင်းမှာဆို ယောင်တောင်တောင်
အပြင်မှာကျ ပေါကြောင်ကြောင်နဲ့
ကျုပ်တိုရဲ့ သယ်ရင်း မောင်ဟိုဒင်းကြီးမှာလ
မရှောင်ရင်လွတ်တဲ့ ဆတွတ်ရဲ့ ကျည်အဆံလို
လမ်းမှန်ကမ်းမှန်လည်းမသွား
ဟိုလျားလျားသည်လျားလျား
တစ်နေကုန် လမ်းသလားနေရမှ
စားဝင်တဲ့ လူစားမျိုးတကား။ ။

lecture လည်းမှန်မှန်မတက်
တက်ပြန်လည်း လိုက်မမှတ်ဘဲ
ဟိုကြောင်ကြည့် ဒီကြောင်ကြည့်
ငေါင်စီစီလုပ်ရင်လုပ်
မဟုတ်ရင်လည်း
ဘေးနားက သူ့ သယ်ရင်း မောင်မိုက်ပျင်းမယ်မိုက်ပျင်းတွေနဲ့
ကလောင်ကိုင် ဖက်ပြိုင်ကာ အဆဲပြိုင်ရင်ပြိုင်တယ် ။ ။

စာမေးပွဲ ဟေ့ဆိုရင်….
ဖင်ကြီးကိုမိုးထောင်ကာ
မျက်လုံးကပုဇွန်၊ လက်ရုံးကား jet အလျင်နဲ့
ရှေ့ နောက် ၀ဲယာ အရပ်လေးမျက်နှာပင်
နည်းသေးသည် အထင်ရှိသည်ထင့်
အရပ် ရှစ်မျက်နှာမက
မြင်မြင်သမျှ သူတွေထဲက
တောင်မဟုတ်မြောက်မဟုတ်
လုပ်ကြံပီး တုတ်ထားတဲ့
စာဗယုတ်တွေကိုလည်း
အဟုတ်ကြီးမှတ်ထင်ကာ
ဟိုတစသည်တစ ဘာတစ်ခုမှ မချန်
အကြားမလပ် မရပ်မနား
တရစပ်သာကူးသွားတော့တယ်
Am Is Are တောင်မလွဲ
ဇနကပင် ရှုံးလောက်သည့်ဇွဲမျိုးမို့
သြော် ထူးလိုက်သည့် သောက်ရူး
မူးများမှုးနေရော့သလားဟင် ။ ။

အကြံဥာဏ်လည်း မရှိ
မှန်မမှန်လည်းမသိ
ပင်ကိုဥာဏ်ဆိုတာ နတ္ထိ
စာပါရင်ပွဲပြတ်ပီအထင်ရှိသည့်
သင်းငနဲ ပညာဥာဏ် ငမွဲမှာလ
ကျိုးခါနီးသစ်ကိုင်းခြောက်တွေကိုမှ
အားကိုးတကြီး လှမ်းစွဲမှိလိုက်သလိုမျိုးမို့
စာမေးပွဲ ကြလိုက်ပုံများနှယ်
အုံး အုံး တောင်မြည်တယ်။ ။
( ကျောင်းသားဘ၀ ကိုပြန်အမှတ်ရပြီး….ပြန်လည် ကြည်နှုး နိုင်ကြစေကြောင်းအလို့ ငှာ…….)
 Posted By ၀တီ