Wednesday, March 28, 2012

နားထောင်တိုင်းလည်း မကြားပါ။ ကြားတိုင်းလည်း နားမလည်ပါ (၂)

အင်္ဂလိပ်စကားလုံးတို့ ၏ အသံထွက်တွင်ရှိသည့် ဖိသံstress သဘောကို “နားထောင်တိုင်းလည်း မကြားပါ။ ကြားတိုင်းလည်း နားမလည်ပါ” ဆောင်းပါးတွင်ပြောခဲ့ပါသည်။ စာကြောင်းတွင်ပါသည့် ဖိသံသဘော ကို ဆက်ပါမည်။
စာကြောင်းတစ်ကြောင်းကိုရွတ်ဆိုရာတွင်လည်း ဖိသံပါသည်။ ဥပမာအားဖြင့် I went to school. ကိုပြောရာတွင် went နှင့် school ကို အခြား I နှင့် to တို့ ထက် ပိုရှည်ရှည်နှင့် ကျယ်ကျယ် ပြော လေ့ရှိပါသည်။ အများအားဖြင့် နာမ်၊ ကြိယာ စသည့် အချက်အလက်ကိုဖော်ပြသည့် content words ဟု ပညာရှင်များကခေါ်ကြသော စာလုံးများကို နာမ်စား၊ ၀ိဘတ်စသည့် စာကြောင်းတည်ဆောက်သည့် function words ဟုပညာရှင်များကခေါ်ကြသော စာလုံးများထက် ပိုပြီး ကျယ်ကျယ် နှင့် ရှည်ရှည် ရွတ်တတ်ကြပါသည်။ အထက်ပါစာကြောင်းတွင် ဘယ်ကိုသွားသည်ဆိုသည့် အချက်အလက်ကို အသားပေးပြီး wentနှင့် school ကို ဖိသံဖြင့် ထွက်ပါသည်။ ဤသဘောကိုသိလျှင် နားထောင်ရာတွင် ဖိသံနှင့် ထွက်သည့်စကားလုံးများကိုပိုပြီး သတိပြုလျှက် ကြားအောင်နားထောင်သင့်ပါသည်။
နားထောင်ကျင့်နည်းသေးလျှင် မည်သည့်စကားလုံးများကို ဖိသံနှင့် ထွက်သွားသည်ကို အလွယ်တကူဖမ်းမိဦးမည် မဟုတ်ပါ။ ထို့ ပြင် စာကြောင်းများတွင် စကားလုံးတစ်လုံးနှင့်တစ်လုံးကို တစ်ဆက်တည်း ရွတ်သွားသည်ကိုလည်း နားယဉ်ဦးမည်မဟုတ်ပါ။ ထို့ကြောင့် အကြားစွမ်းရည်တိုးတက် လိုလျှင် များများနားထောင်၍ လေ့ကျင့်ခြင်းမှတပါး အခြားမရှိပါ။