Friday, November 11, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၉)

Adverbs ဆိုတာ Verb ရဲ့ အဓိပ္ပာယ်ထဲကို ဖြည့်စွက်ပြောပြတဲ့ စကားလုံး၊ ဒါမှမဟုတ် စကားစုဖြစ်တယ်။
He walked quickly.
He walked to the station.
He walked as fast as he could.
ဒီဝါကျ သုံးခုမှာပါတဲ့ quickly, to the station, as fast as he could တို့ဟာ Adverb တွေပါပဲ.။ တစ်ခုက စကားလုံးတစ်လုံးတည်း Adv၊ တစ်ခုက စကားလုံးစု Phrase Adv၊ တစ်ခုက S နဲ့ V ပါတဲ့ Clause Adv.။ အားလုံးဟာ walked ဆိုတဲ့ Verb ကို ဖြည့်စွက် ပြောနေကြတာချည်း။
Adv ဟာ V ကိုတင် ညွှန်းတာမဟုတ်ဘဲ Sentence တစ်ခုလုံးကို ညွှန်းနိုင်သေးတယ်။ ဥပမာ....
Nothing could be done in the circumstances.
အခြေအနေအရ ဘာမှ မလုပ်နိုင်ကြဘူး။
ဒီဝါကျမှာ in the circumstances ဆိုတဲ့ Adv ဟာ could be done ဆိုတဲ့ V သက်သက်ကိုသာ ညွှန်းတာမဟုတ်ဘဲ Nothing could be done ဆိုတဲ့ ၀ါကျတစ်ခုလုံးကို ညွှန်းနေတာ ဖြစ်တယ်။ ဒီလို Adv မျိုးကို Sentence Adv လို့ ခေါ်ရမယ်။ ( တစ်ချို့ကလည်း Sentence Modifier လို့ ခေါ်ကြရဲ့။ )
Sentence Adv တွေကို ၀ါကျနောက်၊ ၀ါကျရှေ့၊ ၀ါကျအလယ် ကြိုက်ရာမှာ အလျဉ်းသင့်သလို လွတ်လွတ်လပ်လပ် ထားနိုင်တယ်။ ဥပမာ အထက်က ၀ါကျကို ..
In the circumstances, nothing could be done. လို့ ရေးလည်း ရပါတယ်။ အဓိပ္ပာယ်အလေး အပေါ့ အနည်းအပါးပဲ ရှိတယ်။
Nothing, in the circumstances, could be done. လို့ ရေးလည်း ရသေးတာပါပဲ။ အလားတူ ...
To our surprise, she had married the rascal.
She had married the rascal to our surprise.
( ဒီဝါကျကို မြန်မာလိုပြန်ရင် Adv သဘောပျောက်သွားမယ်။ ၀ါကျ အဆောက်အအုံကို ပြင်ရမယ်။ “ သူခွေးသူတောင်းစားကို ယူလိုက်သဗျ၊ အံ့ရော ” လို့ ဖြစ်မယ်။ )