Thursday, May 05, 2011

အဖတ် ၊ အသိ ၊အမြင်

လူအများပင် စာဖတ်တတ်ပါသည်...။အဓိပ္ပါယ်ကို သိကြပါသည်...။သို့ ရာတွင် စာရေးဆရာ၏အာဘော်၊စာရေးဆရာ၏ရည်ရွယ်ချက်၊စာရေးဆရာ၏ဆန္ဒကိုသိမြင်တတ်သူကား နည်းပေသည်...။စာဖတ်သူအများအပြားပင်စာရေးဆရာ၏ ရည်ရွယ်ချက်ကို သိအောင်တွေးသူ မြင်သူကား ရှားပေသည်...။
စာကိုစာအနေနှင့်ဖတ်ချင်၍ဖတ်သည်...။ဖတ်ပျော်ရှုပျော်ရှိ၍ဖတ်သည်...။အစအဆုံးဖတ်ပြီးလျှင် ``ဖတ်လို့ ကောင်းသားပဲ``ဟု မှတ်ချက်ချချင်ချမည်..။``ပျင်းစရာကြီးပါကွာ``ဟု ကဲ့ရဲ့ ချင် ကဲ့ရဲ့ မည်...။ စာရေးဆရာ၏ ရည်ရွယ်ချက်ကိုကား စာရင်းသွင်းလှခဲသည်။
        စာရေးဆရာသည် သူ့ ရည်ရွယ်ချက်ကို တိုက်ရိုက်ရေးသည့်အခါရေးသည်...။ အရိပ်ပြ အကောင်ထင်သဘောမျိုးရေးသည့်အခါ ရေးသည်..။ စာဖတ်သူက စာကို စာသက်သက်အဖြစ် ဖတ်ခြင်းထက် စာရေးသူ၏ဆန္ဒကိုပါ တွေးကြည့်လျှင် ပို၍ အရသာတွေ့ ပေမည်...။
စာရေးကတည်းက စာရေးဆရာတိုင်း ရည်ရွယ်ချက်နှင့်ရေးကြ၍ စာရေးသူ၏ ရည်ရွယ်ချက်ကား အဓိကဟု ဆိုချင်ပါသည်...။

အသိပညာ (Knowledge)

အသိပညာ (Knowledge)သည် ယနေ့ခေတ်တွင် အရေးပါမှုအဆင့်အတန်း ပိုမိုမြင့်မားလာ သည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့အနေဖြင့် အတန်းပညာများစွာတက်မြောက် သိထားယုံဖြင့် မလုံလောက်တော့ပေ။ပြောင်းလဲမှုအရှိန်မြန်ဆန်လွန်းသော ယနေ့ခေတ်ကာလ မျိုးတွင် အသိပညာ (Knowledge) တို့ကို မည်သည့်အသက်အရွယ် ရောက်နေပါစေ၊ အမြဲမပြတ်လေ့လာ ဖတ်ရှုနေမှသာ ခိုင်မာစွာ ရပ်တည်နိုင်ပေလိမ့်မည်။

အလုပ်လုပ်နေခြင်းဖြင့်လဲ မလုံလောက်ပါ။ မိမိတို့၏ လုပ်ကိုင်ပုံ နည်းလမ်းများအား လမ်းကြောင်းမှန်မမှန်၊ စနစ်ကျနမှု ရှိမရှိ များနှင့် အားနည်းချက်၊ အားသာချက်များကို ဝေဖန်နိုင်ဖို့ လိုအပ်သည်။ ပြင်ပလောကကို လေ့လာပြီး မိမိကိုယ်ကို အမြဲမပြတ် ဆင်ခြင် ချင့်ချိန်သတိရှိရမည်။ ထိုကဲ့သို့ ဆင်ခြင်ချင့်ချိန်နိုင်စွမ်း တိုးတက်လာစေဖို့ အတွက် Knowledgeဆိုသောအသိပညာတို့ကို စဉ်ဆက်မပြတ် လေ့လာဖတ်ရှုနေကြခြင်း ဖြစ်သည်။ အောင်မြင်ကြီးပွားခဲ့သော ပုဂ္ဂိုလ်များစွာတို့ ၏ အောင်မြင်မှု လျှို့ ဝှက်ချက်မှာ ပင်ကိုယ် ထူးချွန်ခြင်းထက် အားလပ်ချိန်မှန်သမျှကို အကျိုးရှိရှိ အသုံးချခဲ့ ခြင်းက အဓိကဖြစ်သည်။