ကိုရီးယားစစ်ပွဲကာလမှာ ကျနော် ကလေးအရွယ်ပဲ ရှိသေးပေမဲ့၊ ဆင်းရဲမွဲတေမှုကို ကိုယ်တိုင် ကြုံခဲ့ရပါတယ်။ ကျနော့်် ပတ်လည်မှာ ဆင်းရဲတဲ့ မြင်ကွင်းတွေ နေ့တိုင်း မြင်ခဲ့ရသလို၊ ကျနော်ကိုယ်တိုင်လည်း ဆင်းဆင်းရဲရဲ နေခဲ့ရပါတယ်။ ကျနော့်ငယ်စဉ်ဘ၀ အမှတ်ရစရာတွေထဲကတခုကတော့ နှစ်ဖက်တိုက်ပွဲတွေဖြစ်နေရာက လွတ်မြောက်ဖို့ ရွှံ့ညွန်တွေဖြတ်ပြီး တောင်တန်းတွေဆီ ပြေးခဲ့ရတာပါ။ နောက်ဘက်မှာ ကျနော်တို့ တစ်ရွာလုံး မီးလောင်ကျန် ခဲ့ပါတယ်။ ရှေ့မှာ ကျနော်နဲ့ ကျနော့်မိသားစုနဲ့ ဘာဆက်ဖြစ်မလဲဆိုတာ ရင်တမမပါ။
နောက်ဆုံး အဖြေကတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့တွေပါ။ နိုင်ငံပေါင်းစုံက မိတ်ဆွေတွေရဲ့ အကူအညီကြောင့် ကျနော်တို့နိုင်ငံဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ပြန်ရပ်လာနိုင်ပါတယ်။ ကြောက်မက်ဖွယ် ပဋိပက္ခတွေအပြီး၊ အပျက်အစီးပုံတွေကြားကနေ နိုင်ငံကို ပြန်လည်ထူထောင်ဖို့ ကြိုးစားခဲ့ပါတယ်။ သန်းနဲ့ချီတဲ့ ကိုရီးယားတွေရဲ့ အလုပ်ကြိုးစားလုပ်ကိုင်မှုနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကြောင့် ကိုရီးယား သမ္မတနိုင်ငံဟာ နှစ်ငါးဆယ်တောင်မကြာဘဲ အဆုံးစွန်ဆင်းရဲမွဲတေမှုကနေ ချမ်းသာကြွယ်ဝတဲ့အဆင့်ကို ရောက်ရှိလာပါတယ်။
အခု ကျနော် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုချုပ် ဖြစ်တော့လည်း၊ ငယ်စဉ်က ဇာတ်လမ်းမျိုးတွေနဲ့ ကြုံတွေ့ ရင်ဆိုင်နေရတုန်းပါပဲ။ ကမ္ဘာပေါ်မှာ အဆုံးစွန်ဒုက္ခရောက်နေတဲ့ လူသန်းတစ်ထောင်ရဲ့ ဆင်းရဲမွဲတေမှု ပြဿနာကို ကူညီဖြေရှင်းဖို့ နေ့တိုင်း ကျနော် အလုပ်လုပ်နေရပါတယ်။
အာဖရိကတောင်ပိုင်းက ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေနေတဲ့ မာလာဝီနိုင်ငံက ကျေးလက်တွေ ရောက်သွားတော့ ကျနော်ငယ်စဉ် ကြုံခဲ့ရတဲ့ ဆင်းရဲမွဲတေမှုနဲ့ အခက်အခဲဒုက္ခတွေကို ပြန်အမှတ်ရလာပါတယ်။