အရင်တစ်ပတ်က နည်းလမ်းတစ်ချို့ရေးခဲ့ပါတယ်။ post တစ်ခုတည်းအပြတ်ရေးဖို့ မအားတာက တစ်ကြောင်း၊ မိမိအပျင်းနည်းနည်းထူတာက တစ်ကြောင်း၊ အင်တာနက်ဆိုင် မရောက်ဖြစ်တာက တစ်ကြောင်း၊ ရောက်ပြန်တော့ connection မကောင်းတာက တစ်ကြောင်း၊...အကြောင်းတွေများလွန်းလို့ ကျွန်တော်လည်း typical Myanmar တစ်ယောက်ဖြစ်သွားခဲ့ပါတယ်။
ဒီ post မှာတော့ အရင်တစ်ခေါက်က ကျန်ခဲ့တဲ့အကြောင်းအရာလေးတွေကိုတင်ပြပါ့မယ်။
ဝေါဟာရအရေးအကြီးဆုံး
Linguistic လို့ခေါ်တဲ့ သိပ္ပံပညာကို ကိုးကားပြီးပြောရမယ်ဆိုရင်တော့ ဘာသာစကားတစ်ခုဟာ အသံတွေနဲ့ဖွဲ့စည်းထားပါတယ်။ ၄င်းအသံတွေကိုမှ အက္ခရာ (character) များနဲ့ ကိုယ်စားပြုဖော်ပြပြီး အဓိပ္ပါယ်ရှိတဲ့ အသံအစုအဖွဲ့တစ်ခုကို ဝေါဟာရဟု ရည်ညွှန်းကြပါတယ်။ ဒီတော့ ဘာသာစကားကိုလေ့လာခြင်းဟာ အခြေခံအားဖြင့် အသံတွေကိုမှတ်မိခြင်း နှင့် ပြန်လည်အသံထွက်ခြင်း၊ တစ်နည်းမဟုတ် ဝေါဟာရတွေကိုမှတ်မိခြင်းနှင့် ပြန်လည်သီကုံး ဖွဲ့နွဲ့ခြင်း ဟုဆိုချင်ပါတယ်။
အပိုင်း-၁ တွင် ဘာသာစကား ပြောရခြင်း၏အဓိကရည်ရွယ်ချက်မှာ ဆက်သွယ်မှု ပြုရန် ဟု တင်ပြခဲ့ပါသည်။ ၄င်းသည် အခြေခံအချက်သာဖြစ်သည်ကို မမေ့သင့်ပါ။ ဘာသာစကားသုံးရခြင်းတွင် တခြားရည်ရွယ်ချက်များစွာလည်း ရှိပါသေးသည်။
ဥပမာ - မကြာသေးခင်ကမှ ရင်းနှီးသွားကြသော ကောင်မလေးက ကောင်လေးကို “သူ့မှာ စိတ်ပူရမယ့်သူရှိလို့လား” ဟု မေးလိုက်ခြင်းသည် ဘာကိုဆိုလိုကြောင်း မြန်မာစကားပြောတတ်သူတိုင်း သိကြမှာမလွဲပါ။ စကားပရိယာယ် ဆိုသည့်အတိုင်း မိမိပြောချင်တာကို ထိထိမိမိရှိဖို့ စကားလုံးကို ရွေးချယ်မှုမှန်ကန်ရပါမည်။ ကိုယ်လိုရင်းကိုပြောနိုင်ဖို့ ဝေါဟာရကြွယ်ဝ မှုရှိရပါမည်။ အောက်ပါဝါကျများမှာ အခြေခံဆိုလိုရင်း တူညီသော်လည်း ပြောသူ၏ခံစားချက်ကို ဖော်ပြနိုင်မှု ကွာခြားကြပါသည်။