Saturday, January 28, 2012

အစိုးရ ၀န်ထမ်းများ အရစ်ကျ စနစ်ဖြင့် ကားဝယ်နိုင်

အာမခံ စနစ် မလိုပဲ အရစ်ကျ စနစ်ဖြင့် အစိုးရ၀န်ထမ်းများအား ပြည်တွင်းထုတ် မော်တော် ယာဉ်များကို ရောင်းချပေးသွားမည် ဟု အားမာန်သစ် ကားထုတ်လုပ်ရေးမှ တာဝန်ရှိသူ က ဇန်န၀ါရီလ ၁၉ ရက်နေ့ တွင်ပြောသည်။ နိုင်ငံ့ ၀န်ထမ်းဖြစ်ကြောင်း သက်သေခံလက်မှတ် ရှိရမယ်။ ဘယ်ဌာန ဘယ်အဆင့်ဖြစ်ဖြစ်ရောင်းချပေးသွားမယ် ဟု ၄င်းကပြောသည်။ ရန်ကုန်၊ မန္တလေး နှစ်နေရာ၌ အရောင်းပြခန်း ဖွင့်လှစ်ကာ ရောင်းချပေးသွားမည်ဖြစ်ပြီး ၀ယ်ယူသူ အနေဖြင့် ယာဉ်တန်ဖိုး၏ တစ်ဝက်ကိုဦးစွာပေးချေရမည်ဟု သိရသည်။ ထိုသို့  ရောင်းချပေးမည့် ကားများမှာ ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) လိုင်စင် အပြီးအစီး ဖြစ်ကြောင်းသိရသည်။ အားမာန်သစ် ကားထုတ်လုပ်ရေးမှ Light Truck အမျိုးအစားတူ AMTOB အား ကျပ် ၁၂၃ သိန်း၊ MTO 16 အား ကျပ် ၉၈ သိန်း၊ MINI BUS အားကျပ်သိန်း ၅၀ ဖြင့် ဇန်န၀ါရီလ ၁၉ ရက်မှ ၂၂ ရက်နေ့ အထိ မင်းဓမ္မလမ်း MCC ခန်းမ ကားပြပွဲ တွင် ရောင်းချခဲ့ ကြောင်း သိရသည်။

Myanmar Express

တစ်လ ၅၀၀၀၀ တန်ဖိုးနည်း အိမ်ရာများ စီစဉ်နေ

တန်ဖိုးနည်းတိုက်ခန်းများ ဆောက်လုပ်ရောင်းချရေးအတွက် ယခုအခါ သက်ဆိုင်ရာသို့ မြေနေရာတင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက အများပြည်သူအား တရားဝင် အသိပေးကာ ရောင်းချနိုင်မည့် အကြောင်းကို ပြောပြခဲ့သည်။ “တန်ဖိုးနည်း တိုက်ခန်းနှင့် ပတ်သက်ပြီး လာစုံစမ်းတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဘယ်နေ့၊ ဘယ်အချိန်မှာ ရောင်းခွင့်ပေးမယ်ဆိုတာ မသိသေးပါဘူး။ သေချာတာက ရောင်းခွင့်ကျပြီဆိုတာနဲ့ နိုင်ငံပိုင် သတင်းစာကနေ ကြော်ငြာမယ်” ဟု အရောင်းတာဝန်ခံက ပြောပြခဲ့သည်။ ယခုဆောက်လုပ်ရန် လျာထားသော တန်ဖိုးနည်း တိုက်ခန်းများမှာ အခြေခံလူတန်းစားများအတွက် ရည်ရွယ်ကာ လစဉ်ကြေး တစ်လကျပ် ၅၀၀၀၀ ပေးသွင်းရုံဖြင့် တိုက်ခန်းရရှိနိုင်မည်ဖြစ်သည်။ တိုက်ခန်း၏ စုစုပေါင်း ကုန်ကျငွေပမာဏမှာ ကျပ် ၃၄ သိန်းဖြစ်ပြီး ဝယ်ယူခွင့်ရရှိသူမှ ကနဦးငွေကျပ် ၄ သိန်း ပေးသွင်းကာ ကျန်သိန်း ၃၀ အတွက် လစဉ်ကြေး ၅၀၀၀၀ ဖြင့် ငါးနှစ်ပေးသွင်းရမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။ ယခု တန်ဖိုးနည်းတိုက်ခန်း အစီအစဉ်ကို မြောက်ဒဂုံမြို့နယ် ၄၁၊ ၄၂ တိုးချဲ့ရပ်ကွက်မှာ စီမံဆောင်ရွက်လျက်ရှိကာ သက်ဆိုင်ရာဌာနသို့ တင်ပြထားခြင်းနှင့် ခွင့်ပြုချက် ရရှိပါက နိုင်ငံပိုင်သတင်းစာမှ တရားဝင် ကြေညာကာ ရောင်းချပေးမည်ဖြစ်သည်။ တန်ဖိုးနည်း တိုက်ခန်းတွင် ကျပ် ၃၄ သိန်း ဖြစ်သည်နှင့်အညီ အခန်းဖွဲ့စည်းပေးခြင်း မရှိဘဲ တိုက်ခန်းဝယ်ယူခွင့် ရရှိသူမှ မိမိစိတ်ကြိုက် အခန်းဖွဲ့ခြင်း၊ အလှဆင်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

ထိုင်း၊ စင်္ကာပူ နှင့် မလေးငွေပို့ ငွေလွှဲဝန်ဆောင်မှု ပြည်တွင်းဘဏ်တစ်ချို့ ဖေဖော်ဝါရီ စမည်

ပြည်ပရောက် မြန်မာလုပ်သားများ တရားဝင် ငွေလွှဲပို့ရန် ဝန်ဆောင်မှုများကို ပြည်တွင်းဘဏ်အချို့က ဖေဖော်ဝါရီတွင် စတင်၍ ဆောင်ရွက်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း ပုဂ္ဂလိကဘဏ် လေးခုဖြစ်သည့် သမဝါယမဘဏ်(CB ဘဏ်)၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)ဘဏ်တို့က စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် တရားဝင်ငွေလွှဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ကျွန်တော်တို့ ဘဏ်ကတော့ ဖေဖော်ဝါရီ လလယ်လောက်မှာ စင်ကာပူကို တရားဝင်ငွေလွှဲအတွက် ဝန်ဆောင်မှု စတင်တော့မှာပါ။ အဲဒီအတွက် ပန်နီဆူလာပလာဇာမှာ ရုံးခန်းကအစ စီစဉ်ပြီးသွားပါပြီ။ မလေးရှားကတော့ ဧပြီလောက်မှ စနိုင်ပါမယ်” ဟု အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက ပြောသည်။ “ကျွန်မတို့ ဧရာဝတီဘဏ်ကလဲ ဖေဖော်ဝါရီ ဒုတိယပတ်လောက်မှာ လုပ်ဖို့စီစဉ်နေပါတယ်။ ဘဏ်ခွဲပဲ ဖွင့်ဖြစ်မလား၊ ကိုယ်စားလှယ်ရုံးခွဲပဲ ဖွင့်ဖြစ်မလား ဆိုတာကိုတော့ ဥက္ကဋ္ဌက ခရီးသွားနေတော့ အတိအကျ မသိသေးပါဘူး” ဟု ဧရာဝတီဘဏ်မှ ဈေးကွက်မန်နေဂျာ ဒေါ်သန်းမြင့်က ပြောသည်။ CB ဘဏ်က စင်ကာပူနိုင်ငံ၊ ဧရာဝတီဘဏ်က မလေးရှားနိုင်ငံ၊ ကမ္ဘောဇဘဏ်က ထိုင်းနိုင်ငံနှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး (AGD)ဘဏ်က စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် ငွေလွှဲခြင်း လုပ်ငန်းများကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်ပရောက် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် ပြည်ပရှိ ပြည်တွင်းဘဏ်များမှ ငွေလွှဲပါက ပြည်တွင်းရှိ သက်ဆိုင်ရာ ဘဏ်များ၏ ငွေလွှဲကောင်တာများမှတစ်ဆင့် ငွေကြေးပေါက်ဈေး နှုန်းထားများအတိုင်း လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် အစိုးရဘဏ်များကလည်း ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် ဘဏ်ခွဲများ ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express