အာဆီယံနိုင်ငံများ၏  သဘောတူညီမှုအရ ကုန်သွယ်မှု အခွန်ကင်းလွတ်ခွင့်များကို သက်မှတ်ခဲ့ကြောင်း  အဆိုပါကင်းလွတ်ခွင့်အရ အိုင်တီနှင့် ဆက်စပ်ပစ္စည်းများအတွက်  ပြည်ပနိုင်ငံများမှ ကုမ္ပဏီများ၏ သက်သေခံမှုရင်းလက်မှတ်ပါရှိလျှင်  အကောက်ခွန်ပေးဆောင်ရန် မလိုအပ်တော့ကြောင်း အကောက်အခွန်ဦးစီးဌာန၊ စီမံရေးရာ  ဌာနခွဲ ညွှန်ကြားရေးမှုးဦးကျော်ဝင်းက ပြောသည်။ အကောက်အခွန်အနေဖြင့်  အိုင်တီပစ္စည်းများတင်သွင်းရာ၌ သက်ဆိုင်ရာ နိုင်ငံများ၏ ကုမ္ပဏီများမှ  သက်သေခံလက်မှတ် မှုရင်းများ တင်ပြနိုင်သူများကို သုညရာခိုင်နှုန်းအထိ  အကောက်အခွန် လျှော့ပေးခြင်းဖြစ်သည်။ “ အများဆုံးကောက်လည်း ၅  ရာခိုင်နှုန်းပါပဲ။ သုညရာခိုင်နှုန်းအတွက် သက်သေခံမူရင်းလက်မှတ်  ပြနိုင်ဖို့တော့လိုတယ်” ဟု ၎င်းက ဆိုသည်။ အာဆီယံနိုင်ငံများ၏ သဘောတူညီမှုအရ  အိုင်တီပစ္စည်းများအတွက် အကောက်ခွန် သုညရာခိုင်နှုန်း သတ်မှတ်ထားသော်လည်း  လက်ရှိတင်သွင်းနေသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်  အိုင်တီပစ္စည်းများအတွက် အကောက်ခွန် ပေးဆောင်နေရဆဲဖြစ်ကြောင်း  ရန်ကုန်မြို့လယ်ရှိ အိုင်တီစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။  “ကုန်သွယ်ခွန် ၁.၅ ရာခိုင်နှုန်းနဲ့ အကောက်ခွန် ၂.၅ ရာခိုင်နှုန်းက  ပေးနေရတုန်းပဲ။ သုညရာခိုင်နှုန်း ဆိုတာမျိုးတော့ မကြုံဖူးသေးဘူး” ဟု အဆိုပါ  စီးပွားရေးလုပ်ငန်းရှင်က ပြောသည်။ ကုန်သွယ်ခွန်နှင့် အကောက်ခွန်ကို ၁.၅  ရာခိုင်နှုန်းနှင့် ၂.၅ ရာခိုင်နှုန်း ပေးဆောင်ရသော်လည်း သတ်မှတ်ချက်  ငွေလဲလှယ်ဈေးနှုန်းကြောင့် ပေးဆောင်နိုင်သည့် အနေအထားတွင် ရှိကြောင်း  အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။ အာဆီယံနိုင်ငံများအကြား  အကောက်ခွန်ကိစ္စရပ်နှင့် ပတ်သက်၍ အပြန်အလှန် အသိအမှတ်ပြုနိုင်ရန်အတွက် Soft  Certificate Code ကို စမ်းသပ်အသုံးပြုနေပြီဖြစ်ကြောင်း၊  စမ်းသပ်သုံးစွဲမှုတွင် မြန်မာနိုင်ငံ အနေဖြင့် ပါဝင်နိုင်ခြင်း  မရှိသေးသော်လည်း စင်ကာပူ၊ မလေးနှင့် ဘရူနိုင်း နိုင်ငံတို့၌  စတင်စမ်းသပ်သုံးစွဲနေကြောင်း အကောက်ခွန်ဦးစီးဌာန စီမံရေးရာဌာနခွဲ  ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၉  ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Source: ခေတ်လူငယ်
Source: ခေတ်လူငယ်
 
