Thursday, April 28, 2011

ဟိုရောက်ဒီရောက် English Language အကြောင်း (၃)

       ကျွန်တော်တို့ အင်္ဂလိပ်စာကို မူလတန်းကတည်းက သင်လာခဲ့ကြသော်လည်း အခုလို ဘွဲ့တွေဘာတွေ ရလာတဲ့ အထိ ကောင်းကောင်း အသုံးမချ နိုင်တာ အတော်ဆိုးတယ်ပြောရမယ်ဗျာ။ ပြန်စဉ်းစားကြည့်တော့ အသုံးချရလောက်အောင် ပြောရရေးရတာ သိပ်မရှိတာလည်းတစ်ကြောင်းပဲဗျ။ အင်္ဂလိပ်စာဆိုတာ စာမေး ပွဲဖြေ ရုံလောက်ပဲ လုပ်ခဲ့ရတာက ခပ်များများဖြစ်နေတာကိုး။ စိုက်လိုက်မတ်တပ် လုပ်နေတဲ့သူတွေ ရှိ တယ် ဆိုတာကလည်း သူတို့မှာအသုံးချစရာ နေရာရှိလို့ လုပ်နေတာလို့ ထင်တာပဲ။
       ဘာပဲပြောပြောပေါ့လေ၊ သူများနိုင်ငံမှာ လာအလုပ်လုပ်နေပြီ ဆိုရင်တောာ့ အထိုက်အလျှေက်ရေး တတ်ပြောတတ်ဖို့တော့ လိုလာပြီ။ စလုံးမှာ ကျွန်တော်လေ့လာကြည့် သလောက် မလေးတွေ ကောင်း တယ်ဗျ၊ ဖဦးထုတ်တွေက အပြောတော့ ကောင်းတယ်၊ အရေးမှာတော့ ပြောလောက်အောင် သိပ်မကောင်း လှဘူးလို့ ထင်တာပါပဲ။ ရွှေတွေကတော့ ကောင်းတဲ့သူ အတော်ကောင်းပါတယ်။ မကောင်းတဲ့ သူကတော့ ပို များမလားလို့ပဲ (ကိုယ်အပါအ၀င်)။ ဟိုတလောက သတင်းထဲမှာဖတ်လိုက်ရတာ အရှေ့တောင်အာရှမှာ မလေးကျောင်းသားတွေက အကောင်းဆုံးဆိုကိုး။ ကောင်းလှပြီထင်တဲ့ အိန္ဒိယက သူတို့ရဲ့ ရန်သူ တော် ပေါက်ဖော်ကြီး နဲ့ အဆင့်တူ နောက်မှာ ကျန်ခဲ့ပြီ။
         ဟိုးအရင် ဆရာမောင်သာနိုးရဲ့ စာအုပ်တစ်အုပ်ဖတ်ရင်းနဲ့ (is) ကိုပဲ တစ်ချို့အထက်တန်းအောင်ပြီး တဲ့ ကျောင်းသားတွေ ကောင်းကောင်းမသုံးတတ်လို့ အံ့သြမိတယ်လို့ ရေးတာဖတ်ဖူးတယ်။ General အရ တော့ is=ရှိသည်၊ ဖြစ်သည် ဆိုပြီးအော်ခဲ့ကြတာပဲလေ။ "I think, therefore I am" ဆိုတဲ့စကားလိုပေါ့၊ ငါတွေးတယ်၊ ဒါကြောင့် ငါရှိနေတယ်။ အဲဒီ verb (be) ရဲ့နောက်မှာ (to) လိုက်တဲ့ အသုံးလေးလဲ ကောင်းတယ်။ အဲဒီ form ဆိုမဖြစ်မနေ လုပ်ရမယ်ဆိုတဲ့ သဘောပါသွားပြီ။ "The maid is to come when her master calls" ဆိုတဲ့ အသုံးမျိုးပေါ့။
         Grammar ဆိုတာကလည်း တကယ်တမ်းတော့ ကျွန်တော်တို့ သင်ခဲ့သိခဲ့ ပြီးတာတွေက ခပ်များများ ပါ။ ခုချိန်မှာ ၁၀တန်းလောက်က Pattern စာအုပ်လေး တစ်ချက်လောက် ကောက်ကိုင်လိုက်တာနဲ့ အရမ်း တန်ဖိုးရှိသွားတာတွေ့ရပါလိမ့်မယ်။ မေ့မေ့လျော့လျော့ ဖြစ်နေတာတွေ ရှင်းကနဲ လင်းကနဲ ဖြစ်သွားလိမ့် မယ်ဆိုတာ ရဲရဲကြီးပြောရဲပါတယ်။ ခုချိန်မှာသိလိုက်တဲ့ အသိကခေါင်းထဲမှာ စွဲသွားပြီးတော်ရုံနဲ့ မမေ့တော့ ပါဘူး။ ဒါဆို Writing ပိုင်းမှာ အတော်အဆင်ပြေသွားပါပြီ။
Posted by ငခဲ  

မေတ္တာဆန်ရေ (စင်္ကာပူနိုင်ငံရဲ့ ဖြစ်လေ့ရှိတဲ့ ဓလေ့ဆိုး)

                ယနေ့သည် အလုပ်ပိတ်ရက်ဖြစ်သောကြောင့် စာထိုင်ဖတ်ကာ စိတ်အပန်းဖြေဖို့ ကြိုတွေးထားခဲ့သည်။ ထို့ကြောင့် မနက်စာ စားပြီးထဲက ကော်ဖီတစ်ခွက်ဖျော်ပြီး ဝရန်တာသို့ စာအုပ်တစ်အုပ်နှင့် အတူ ထွက်လာသည်။ မနက်ခင်း ၉ နာရီ ကျော်ရှိသေးသလို ဒုတိယထပ်တွင်နေသော ကျွန်တော်တို့အခန်းရဲ့ ဝရန်တာဆီသို့ အပူဒဏ် မရောက်လာနိင် သေးတာကြောင့် အေးအေးလူလူ စာထိုင်ဖတ်ဖို့ အကောင်းဆုံး အခြေအနေလည်း ဖြစ်၏။
                ပက်လက်ကုလားထိုင်ကို နေရာချကာ ဘေးနားရှိ ခုံပုလေးပေါ်တွင် ကော်ဖီခွက်ကို တင်ထားလိုက်ခြင်းဖြင့် စာထိုင်ဖတ်ရန် ပြင်ဆင်ပြီး ဖြစ်သွာလေပြီ။ ထို့နောက် ခန္ဓာကိုယ်ကို သက်သောင့်သက်သာ အနေအထားဖြင့် စာထိုင်ဖတ်နေ လိုက်တော့သည်။ ခန့်မှန်းခြေ မိနစ် ၂၀ ကျော်ခန့်အရောက်တွင် အိမ်ရှေ့လမ်းမ ဆီမှ ကားတစ်စင်း ရပ်သံကို ကြားလိုက်ရ၏။ ကျွန်တော်တို့နေသော လမ်းသွယ်လေးသည် ကားအသွားအလာ နည်းပါးတတ်ပေမယ့် တနင်္ဂနွေလို အလုပ်ပိတ်ရက်များတွင်တော့ ကားစီးရေ အနည်းငယ် ဖြတ်သန်းလေ့ ရှိသည်။
              ဝရန်တာ ဘေးနားကပ်ကာ ထိုင်နေခြင်းဖြစ်သဖြင့် ခေါင်းစောင်းကာ ကြည့်လိုက်ရုံဖြင့် လမ်းမမှ မြင်ကွင်းများကို မြင်နိင်လေသည်။ ကားရပ်သံနှင့် မရှေးမနှောင်းမှာပဲ ကားတံခါး ဖွင့်သံ ပိတ်သံများကိုပါကြားလိုက်ရပြီးနောက် စကားသံ ထွက်ပေါ်လာသည်။
“ အဖေ နေကောင်းတယ်နော် ”
“ အေး ကောင်းတယ် မင်းတို့ရော ”
“ ကျွန်တော်တို့လည်း ကောင်းတယ် ”
“ မင်းတို့မလာတာတောင် ကြာပြီ ”
“ခုတလော အလုပ်တွေ များနေတယ်လေ”

         

စင်္ကာပူမှ သင်္ဘောကျင်းများ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ ကျော်ကစပြီး ကြည့်ရင်တော့ စင်္ကာပူမှာ သင်္ဘောကျင်းအနေနဲ့
အင်္ဂလိပ်ရေတပ်အတွက် Sambawang Shipyard ရှိပါတယ်။ ဂျပန်တွေကလည်း Jurong
Shipyard, Hitachi-Zoezin Shipyard စတင်ခဲ့ကြတယ်။ စင်္ကာပူအစိုးရ အနေနဲ့
သင်္ဘောကျင်းလုပ်ငန်းကို ST Marine (Singapore Technology) နဲ့ Keppel
Shipyard စသဖြင့် ဝင်ရောက်ပါဝင်ခဲ့ရင်း အခုတော့ စင်္ကာပူအစိုးရ
ရှယ်ယာအများဆုံးရှိတဲ့ Sambawang Corporation နဲ့ Keppel Corporation ၂
ခုကပဲ တခြားသင်္ဘောကျင်းများကို လက်ဝါးကြီးအုပ် ဝယ်ယူသွားခဲ့ကြပါတယ်။ ၂ဝဝ၉
ခုနှစ်မှာတော့ KEPPEL CORPORATION (10 Billions S$) နဲ့ SEMBCORP (9
Billions S$) တို့ ဖြစ်ကြပါတယ်။ မြန်မာပြည်က လာတဲ့ အလုပ်သမားတွေကို
ဒီကုမ္ပဏီကြီး ၂ ခုနဲ့ ဆိုင်တဲ့ သင်္ဘောကျင်းများမှာ တွေ့နိုင်ပါတယ်။
အဲဒီသင်္ဘောကျင်းတွေရဲ့ Sub Contract လုပ်တဲ့ ကုမ္ပဏီအငယ်၊ အလတ်စားများ
S&E Companies မှာလည်း မြန်မာအလုပ်သမား၊ အင်ဂျင်နီယာများစွာကို
တွေ့ရပါတယ်။

လွန်ခဲ့သော ၁၉၉ဝ ကျော်ပိုင်းက စင်္ကာပူမှာ မြန်မာအလုပ်လာရှာသူများအတွက် အလွယ်ကူဆုံး အလုပ်ရနိုင်ပြီး၊ အစိုးရက
အလုပ်လုပ်ခွင့် မြန်မြန် ပါမစ်ချပေးတာက သင်္ဘောနဲ့ဆိုင်တဲ့ Marine Industry
ပါပဲ။ အလုပ်သမားအနေနဲ့တော့ ယခင်က အိန္ဒိယပြည်က အလုပ်သမားတွေပဲ သုံးနေရာကနေ
အခုနောက်ပိုင်းမှာ တရုတ်ပြည်မကြီးနဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ခ်ျ အလုပ်သမား၊
အင်ဂျင်နီယာများစွာကို တွေ့နေရပါပြီ။ အထူးသဖြင့် Keppel Corporation က
သင်္ဘောကျင်းများမှာ မြန်မာများစွာ ရှိပါတယ်။ မြန်မာစာနဲ့ ဆိုင်းဘုတ်များ၊
အရည်အချင်းစစ် စာမေးပွဲများပင် ရှိနေကြပြီဖြစ်ပါတယ်။ စင်္ကာပူမှာ အစိုးရသုံး
ဘာသာကြီး ၄ မျိုး (အင်္ဂလိပ်၊ တရုတ်၊ မလေး၊ အိန္ဒိယ (Tamil) တို့ ဖြစ်ပါတယ်။
အခုတော့ သင်္ဘောကျင်းလောကမှာ မြန်မာဘာသာစကား ပြောသူ များလာတာကို မြင်ရပါတယ်။

သင်္ဘောနဲ့ဆိုင်တဲ့ အလုပ်များမှာ မြန်မာများ နေရာပိုရလာရေးအတွက် အလွန်ကောင်းမွန်တဲ့ စာအုပ်ငယ်
Singapore.info.2009.Build Your Future[1] ကို အင်တာနက်
http://monywa.org/singaporeinfo.htm မှာ ဒေါင်းလုပ်ဖတ်ရှုနိုင်ပါတယ်။
ပြုစုသူ အေးငြိမ်း ဖြစ်ပါတယ်။ အင်မတန် ကောင်းမွန်တဲ့ စာတမ်းငယ်ဖြစ်ပြီး၊
သင်္ဘောကျင်းများသာမက အခြား စက်ရုံအလုပ်ရုံလုပ်ငန်း လုပ်ကိုင်သူများအတွက်လည်း
ဘဝတိုးတက်ရာ လမ်းပြစာအုပ်ဖြစ်ပါတယ်။


ဒုတိယပိုင်း (စင်ကာပူအတွေ့အကြုံ - ပထမ ၂ နှစ်) -ဦးအေးငြိမ်း(လေးမျက်နှာ)

ဒုတိယပိုင်း (စင်ကာပူအတွေ့အကြုံ - ပထမ ၂ နှစ်)

(၅) စင်ကာပူသို့ ရောက်ရှိခြင်း

လေယာဉ်ကြီး လေပေါ်ပျံတက်ရန် ပြေးလမ်းပေါ်တွင်အရှိန်ယူကာ တအားစ’ ပြေးလိုက်သည်နှင့် ရင်ထဲတွင်လှပ်ကနဲ ဖြစ်သွားကာ မဖော်ပြနိုင်သော ဝေဒနာတစ်ရပ်ကို ခံစားလိုက်ရပါသည်။ သည်ဝေဒနာမျိုးကို မိသားစုနှင့်ခွဲခွာကာ နိုင်ငံခြားသို့ ယခုမှစတင်ထွက်ခွာလာသူ တိုင်း ခံစားရလိမ့်မည် ထင်ပါသည်။ တဖြည်းဖြည်း ဝေးကျန်ရစ်ခဲ့သော ရန်ကုန်မြို့ကြီးကို လေယာဉ်ပေါ်မှစီးကြည့်ရင်း ၀မ်းနည်းသလိုလို ခံစားမိပါသည်။ ထိုနေ့ထိုရက်မှစကာ ငါတို့မိသားစုနဲ့ ပြန်တွေ့ဘို့ ဘယ်နှရက်လိုသေးတယ် ဆိုသည်ကို နေ့တိုင်းတွက်မိပါတော့၏။
သင်္ဘောကျင်းတွင် အလုပ်လုပ်နေရင်းလည်း ကောင်းကင်တွင် ဖြတ်ပျံသွားသော လေယာဉ်တစ်စီးတလေကို မြင်ရတိုင်း မြန်မာပြည်ကို လွမ်းဆွတ်စိတ်များ ပေါ်မိပါသည်။ နက်ဖြန် အိမ်ပြန်ရမဲ့နေ့ဆို ဒီနေ့ဘယ်လောက် ပျော်ဘို့ကောင်းလိုက်မလဲ ဟုလည်း မကြာခဏ တွေးမိ၏။ သို့သော် ဤသည်မှာ စင်ကာပူရောက်ခါစ နှစ်များသာဖြစ်ပြီး ယခုတော့လည်း ရိုးသွားသဖြင့် သိပ်အထွေအထူး မခံစားမိတော့ပါ။ မြန်မာပြည်မှ မိသားစုထံပြန်ရသည်ကို ခဏအလည်သွားသကဲ့သို့ လည်းကောင်း၊ မြန်မာပြည်မှ စင်ကာပူသို့ပြန်လာမှ မိမိနေရပ်သို့ ပြန်လာရသကဲ့သို့လည်းကောင်း ကပြောင်းပြိ၊ ကပြောင်းပြန် ခံစားရပါသည်။
လူ့စိတ်များ ထူးဆန်းပါပေ့။

ခုမှသာ အနေကြာလို့ရိုးသွားရမည်။ ရောက်စကတော့ စင်ကာပူဆိုတာ အလွန်ထူးဆန်းသော၊ ခမ်းနားသော၊ လှပသောမြို့ကြီး ဖြစ်သည်။ လမ်းကြီးတွေကလည်း ကောင်း၊ ကားတွေကလည်း အသစ်၊ လူတွေကြည့်လိုက်လျှင်လည်း ကိုယ့်တိုင်းပြည်ကလူတွေလို ခပ်စုတ် စုတ်ကလေးတွေ မဟုတ်။ တောက်လို့ပြောင်လို့။ သစ်သစ်လွင်လွင်၊ ကြော့ကြော့မော့မော့။ ဘယ်ကြည့်လိုက်ကြည့်လိုက်။ အရာရာ အထူး အဆန်းတွေချည်း ဖြစ်သည်။
ကျွန်တော်တို့ အယောက် (၂၀) ပါ လူစုကို လေဆိပ်တွင် ကုမ္ပဏီမှ လာကြိုနေသည်။ လာကြိုသောလော်ရီကားဖြင့်ပင် သူတို့ခေါ် ရာ လိုက်ခဲ့ကြသည်။ ပထမဆုံးနေရသည်မှာ Yishun တွင် ဖြစ်၏။ Sembawang Road ပေါ်က နှစ်ထပ်အိမ်ကလေးတစ်လုံး၏ အပေါ်ထပ် တွင်ဖြစ်သည်။ အောက်ထပ်တွင် စားသောက်ဆိုင်ရှိသည်။ ကုန်စုံဆိုင်ကလေးလည်း ရှိသဖြင့် စားရေးသောက်ရေး အဆင်ပြေပါသည်။
လော်ရီပေါ်က ဆင်းကြတော့ အသက်ခပ်ကြီးကြီး လူကြီးနှစ်ဦးမှာ ကျွန်တော့် luggage ကို အတင်းထမ်းပြေးပါသည်။ ကျွန်တော် လည်း ဘုမသိ၊ ဘမသိနှင့် သူတို့နောက် ရောယောင်လိုက်ခဲ့၏။ အိမ်ခန်းမှာ အိပ်ခန်းသုံးခန်း ပါသည်။ အခန်းများမှာ အတော်ကျဉ်းပါသည်။ ကုတင်သုံးလုံးကို နံရံသုံးဘက်တွင် ကပ်ထားပါသည်။ အခန်းအလယ်တွင် ကွက်လပ်တစ်ခုရှိရာ ထိုကွက်လပ်သည်ကား ကျွန်တော်တို့၏ ထမင်းစားရာ၊ အပန်းဖြေရာ၊ ခေတ္တခဏထိုင်လိုကထိုင်ရာ မျိုးစုံသုံးနေရာပင် ဖြစ်ပါတော့သည်။

အရိမေတ္တေယျမြတ်စွာဘုရားလောင်း

ကျွန်တော် တို့ နေထိုင်သောဟောဒီကမ္ဘာမှာ
ဘုရားငါးဆူပွင့်မယ်လို့မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေးဆူး
ပွင့်ထွန်းပြီးပါပြီ။ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ
အရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။ ဒီစာကိုပေးပို့သူက
ကျွန်တော်ရဲ့တစ်ဦးတည်းသော ကောင်မလေးပါ။
သူကျွန်တော့်ဆီဖုန်းဆက်ပြီးမေးလာပါတယ်။ အရိမေတ္တေယျ
ဘုရားဘယ်လိုပွင့်မလဲဆိုတာသိလားတဲ့..။

ကျွန်တော်က အရိမေတ္တေယျ ဘုရားပွင့်မယ်ဆိုတာတော့ သိကြောင်း ဘယ်တော့ပွင့်မယ်
ဘယ်လိုပွင့်မယ်ဆိုတာတော့ မသိကြောင်းပြောပါတယ်။ အဲဒါနဲ့ သူဒီနေ့
စာအုပ်တစ်အုပ်ဖတ်ရကြောင်း။ အဲဒီထဲမှာ အရိမေတ္တေယျ ဘုရားဘယ်လိုပွင့်မယ်
ဘယ်တော့ပွင့်မယ် ဘုရားရှင်ကိုဖူးမျှော်ချင်ရင် ဘာတွေလုပ်ရမယ်
စတာတွေပါကြောင်း။ သူဖတ်ပြီး အရမ်း ကြည်ညိုကြောင်း။ ပြီးတော့
တစ်ခြားမသိသေးသူများကိုလဲ ဗဟုသုတ အလို့ဌာသိစေချင်ကြောင်း။ သူအဲဒီစာကို
ဖတ်ပြီးပြီးချင်းပဲစက်ထဲမှာသူကိုယ်တိုင် အချိန်ပေးပြီးရိုက်ခဲ့ကြောင်း။
ပြီးတော့ ကျွန်တော် ကိုအဲဒီစာကို အလင်းစေတမန်မှာ ပို့စေချင်ကြောင်း
(သူကိုယ်တိုင်ပို့လည်းရပါတယ် ဒါပေမယ့်ကျွန်တော်ကိုကုသိုလ်ရစေချင်လို့တဲ့)
အလင်းစေတမန်မှတဆင့် မန်ဘာများက ဖော်ဝေါ့ပြန်လုပ်ပါက
သူတို့လည်းကုသိုလ်တိုးမှာဖြစ်ကြောင်း ၀မ်းသာအားရပြောလာပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်းဖတ်ပြီး အရမ်းကိုကြည်ညိုကာ
ဘုရားရှင်လက်ထပ်တော်မှာ လူဖြစ်ချင်စိတ် ကလေးဖြစ်လာပါတယ်။
စိတ်ထဲကလည်းဆုတောင်းနေမိတယ် ။ ဗုဒ္ဓဘာသာတိုင်းရဲ့ 
ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗန်ဖြစ်ပါတယ်။

အလွန်ကြည်ညိုစရာကောင်းသောဘုရားရှင်ရဲ့ တရားတော်အားနာကြားပြီး
ရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗန်စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။


ရေးကြပါ။ ဖတ်မလို့။

တရက်တရက် မအားတဲ့ကြားထဲက မဖြစ်မနေ ကြည့်ဖြစ်တာတွေကတော့ email အရင်စစ်ကြည့်တယ်။ ဘယ်သူကများ ဘာပို့ ထားသလဲပေါ့။ ဒုတိယကတော့ ဒေါက်တာလွန်းဆွေ ဘလော့ဝင်ကြည့်တယ်။ မြန်မာပြည်သတင်းတွေ၊ နိုင်ငံတကာသတင်း ဖတ်ကြည့်တယ်။ အခုတော့ ကိုခဲနဲ့ ကိုဝတီတို့ရဲ့ ဘလော့မှာ ဘာတွေများ တင်ထားသလဲပေါ့။ ဖတ်စရာက သိပ်မရှိဖြစ်နေတယ်။ ကိုခဲရဲ့ English Speaking အကြောင်းတွေ ဆက်ပါအုံး။ ဂျပန်က ဗလကြီးကလဲ ဘာများတင်မလဲ စောင့်နေတယ်။ သူငယ်ချင်းရေးတာလေးတွေက ပိုဖတ်ကောင်းသလိုပဲ။
Posted by ထွန်းမြင့်ဌေး