ပက်လက်ကုလားထိုင်ကို နေရာချကာ ဘေးနားရှိ ခုံပုလေးပေါ်တွင် ကော်ဖီခွက်ကို တင်ထားလိုက်ခြင်းဖြင့် စာထိုင်ဖတ်ရန် ပြင်ဆင်ပြီး ဖြစ်သွာလေပြီ။ ထို့နောက် ခန္ဓာကိုယ်ကို သက်သောင့်သက်သာ အနေအထားဖြင့် စာထိုင်ဖတ်နေ လိုက်တော့သည်။ ခန့်မှန်းခြေ မိနစ် ၂၀ ကျော်ခန့်အရောက်တွင် အိမ်ရှေ့လမ်းမ ဆီမှ ကားတစ်စင်း ရပ်သံကို ကြားလိုက်ရ၏။ ကျွန်တော်တို့နေသော လမ်းသွယ်လေးသည် ကားအသွားအလာ နည်းပါးတတ်ပေမယ့် တနင်္ဂနွေလို အလုပ်ပိတ်ရက်များတွင်တော့ ကားစီးရေ အနည်းငယ် ဖြတ်သန်းလေ့ ရှိသည်။
ဝရန်တာ ဘေးနားကပ်ကာ ထိုင်နေခြင်းဖြစ်သဖြင့် ခေါင်းစောင်းကာ ကြည့်လိုက်ရုံဖြင့် လမ်းမမှ မြင်ကွင်းများကို မြင်နိင်လေသည်။ ကားရပ်သံနှင့် မရှေးမနှောင်းမှာပဲ ကားတံခါး ဖွင့်သံ ပိတ်သံများကိုပါကြားလိုက်ရပြီးေ
“ အဖေ နေကောင်းတယ်နော် ”
“ အေး ကောင်းတယ် မင်းတို့ရော ”
“ ကျွန်တော်တို့လည်း ကောင်းတယ် ”
“ မင်းတို့မလာတာတောင် ကြာပြီ ”
“ခုတလော အလုပ်တွေ များနေတယ်လေ”
သူတို့ရဲ့ စကားသံများ ဝရန်တာ အထိ ပျံ့လွင့်လာသဖြင့် အောက်ထပ် လမ်းမသို့ ကြည့်လိုက်မိ၏။ ပြောင်လက်နေအောင် သုတ်ထားပုံရသော အနက်ရောင် ဇိမ်ခံကား တစ်စီးရဲ့ ဘေးနားတွင်တော့ အသက် ၃၅ နှစ်အရွယ်ခန့် အမျိုးသားတစ်ယောက်နှင့် အတူ သူ့ရဲ့ ဇနီးဖြစ်ဟန်တူသော အမျိုးသမီး တစ်ယောက်ကိုပါ အလှမွေး ခွေးလေး ပိုက်လျက်သား တွေ့လိုက်ရသည်။ သူတို့ရဲ့အရှေ့တွင်တော့ စွပ်ကျယ်အင်္ကျီ ဝတ်ထားသော အသက် ၆၀ ကျော်ခန့်ရှိ အဖိုးကြီး တစ်ဦးကို တွေ့လိုက်ရသဖြင့် ကျွန်တော် အနည်းငယ် အံ့သြသွားရသည်။
ထိုအဖိုးကြီးကို ကျွန်တော် သိတာကြာပြီ။ လက်တွန်းလှည်း တစ်စီးဖြင့် အနီးအနားရှိ လမ်းတကာကို ဝင်ကာ ရေဘူးခွံ အချိုရည် ဘူးခွံများ လိုက်ကောက်သလို စက္ကူပုံးခွံများ လိုက်ကောက်သော အဖိုးကြီး ဖြစ်သည်။ ကျွန်တော် တို့တွေ သောက်ပြီးသား ကိုကာကိုလာ ဘူးခွံများ ဘီယာဘူးခွံများ အရက်ပုလင်းခွံ များကို စုထားပြီး ပေးလေ့ရှိသဖြင့် လမ်းတွေ့တိုင်း လက်ပြနှုတ်ဆက်တတ်သော အဖိုးကြီးဖြစ်သည်။ သူနှင့်အတူ တခါတလေ သူ့ဇနီး အဖွားကြီးပါ လိုက်ကောက်လေ့ရှိသည်။ ဒီနိင်ငံတွင်တော့ ဆင်းရဲသော သက်ကြီးရွယ်အို တွေရဲ့ စားဝတ်နေရေး အလုပ်မှာ ထိုကဲ့သို့ ဘူးခွံများကို ကောက်ပြီး ပြန်ရောင်းခြင်း ဖြစ်သည်။
သူတို့တွင် သားထောက်သမီးခံ မရှိဘူးဟု ကျွန်တော် ထင်ထားခဲ့သည်။ သူ့အရှေ့တွင် ရပ်နေကြသော သားနှင့် ချွေးမ ဖြစ်သူရဲ့ ပုံစံကတော့ ပြည့်ပြည့်စုံစုံ နေထိုင်နိင်ပုံမျိုးဖြစ်သည်။ အဖိုးကြီးရဲ့ လက်ထဲတွင်တော့ စက္ကူပုံးခွံ တစ်ခုကို ကိုင်လျက်သား မြင်ရ၏။ စီရလွယ်အောင် သေသေသပ်သပ် ခေါက်နေဟန်တူသည်။ ထိုအချိန်တွင် အိမ် အတွင်းဘက်မှ အဖွားကြီး ဖြစ်သူ ထွက်လာ၏။ ပင်မအိမ်ရဲ့ ဘေးဘက်မှ ကားဂိုထောင်ဟောင်းကို အိမ်အဖြစ် လုပ်ကာ နေကြခြင်းဖြစ်သည်။ အတွင်းဘက်တွင်တော့ ဘူးခွံများကို အိတ်တွေနှင့် ထည့်ထားသည်ကို မြင်ခဲ့ဖူးသည်။ အနည်းငယ် စိတ်ဝင်စားဖွယ် ကောင်းနေသောကြောင့် ဆက်ကြည့်နေမိလိုက်၏။
“ နေကောင်းလား သားတို့ ”
“ အမေနေကောင်းလား ”
“ ကောင်းပါတယ် ကလေးတွေရော မပါဘူးလား ”
“ အိမ်မှာ အင်တာနက်ဂိမ်းဆော့နေကြတယ်လေ မလိုက်လာကြဘူး ”
“အော် ..အေး..အေး..”
“ အိမ်ထဲ ဝင်အုံးမလား ”
“ မဝင်တော့ဘူးအမေ သွားစရာ ရှိတယ် အမေတို့ကို ပေးစရာ ရှိလို့ ဝင်လာတာ ”
“ ဘာများလဲ ”
အမေဖြစ်သူရဲ့ မေးခွန်းကို မဖြေတော့ဘဲ ကားနောက်ဖုံး ဘက်ကို လျှောက်သွားရင်း နောက်ဖုံးဖွင့်လိုက်သည်။
“ အဖေ ဒီမှာ ပစ္စည်းတွေ လာယူ”
သားဖြစ်သူ ခေါ်သံကြောင့် အဖိုးကြီးရော အဖွားကြီးပါ ကားနောက်ဖုံးဆီ လျှောက်လာကြသည်။ ချွေးမ ဖြစ်သူ ကတော့ ခွေးကလေး ကြိုးတန်းလန်းဆွဲကာ ဟိုဟိုဒီဒီ လမ်းလျှောက်နေလေ၏။
“ အဖေတို့ အတွက် ရုံးကနေ သယ်လာပေးတာ”
ကားနောက်ဖုံးထဲတွင်တော့ စက္ကူပုံးခွံများကို ထပ်ကာ ကြိုးဖြင့် ချည်ထားသည်ကို တွေ့လိုက်ရသည်။
“ သယ်ရလွယ်အောင် ရုံးကကောင်လေးကို ကြိုးနဲ့ ချည်ခိုင်းထားတာလေ ”
အဖိုးကြီးလည်း လက်နှစ်ဖက်အသုံးပြုကာ မ ယူ လိုက်သည်။
“ အမေ ဒါကတော့ ဘူးခွံတွေ... အိမ်ကယူလာပေးတာ”
ဟုဆိုကာ ကျွတ်ကျွတ်အိတ် အကြီးစားဖြင့် ထည့်ထားသော အိတ်တစ်လုံးကို ပေးလိုက်သည်။ အိတ်ထဲတွင်တော့ အချိုရည် ဘူးခွံများကို တွေ့လိုက်ရသည်။ ဆေးဘူး တစ်ချို့ကိုလည်း တွေ့ရ၏။
“ ကျေးဇူးပါ သားရေ ”
“ အားမနာနဲ့ အမေ ... ကျွန်တော်တို့ သွားလိုက်အုံးမယ် ”
ဘောင်းဘီ အိတ်ထဲမှ ကားသော့ကို ဆွဲထုတ်ရင်း နှုတ်ဆက်လိုက်သည်။
“ ယောကျာ်းရေ ဒီမှာ ဘော်ဘီ အီးပါနေလို့ ကားနောက်ခန်းထဲက စက္ကူယူခဲ့ပါအုံး ”
မိန်းမဖြစ်သူရဲ့ ခေါ်သံကြောင့် ထိုအမျိုးသားလည်း တချက်လှမ်းကြည့်ကာ ကားထဲမှ တစ်ရှူးတစ်ချို့နှင့် ကတ်ထူ စက္ကူ အပြားလေးကို ယူလိုက်သည်ကို တွေ့လိုက်ရသည်။ ဒီနိင်ငံတွင် အိမ်မွေးခွေးများ မွေးခြင်း ခေတ်စားသလို မနက်ခင်းနှင့် ညနေခင်းတိုင် ခွေးကျောင်းထွက်လေ့ရှိကြသည်။ ကျွန်တော်သိသလောက် အိမ်းမွေးခွေး တစ်ကောင်ရဲ့ တန်ဖိုးသည် မနည်းပေ။ လမ်းတွင် မစင်စွန့်ခဲ့လျင်တော့ ပိုင်ရှင်ဖြစ်သူမှ စက္ကူများဖြင့် ကျုးံပေးရသလို ခွေးကိုလည်း တစ်ရှူးများဖြင့် သုတ်သင်ကာ သန့်ရှင်းပေးကြရသည်။
ထိုအမျိုးသားလည်း ခွေးအနားကို လျှောက်သွားရင်း ခွေးခေါင်းကို တချက်ဖွဖွပုတ်ကာ
“ ဘော်ဘီ မင်း.. မနက်ကလည်း တစ်ခေါက်ပါပြီးပြီ ”
ဟုပြောပြီး ကတ်ထူစက္ကူ နှစ်ခုဖြင့် ခွေးချီးများကို ကျုံးပြီး ဘေးက ရေမြောင်းထဲ ပစ်ချလိုက်သည်။
“ကဲ သွားကြစို့ ” ဇနီးဖြစ်သူထံ လှမ်းပြောရင်း
“အဖေနဲ့ အမေ ကျွန်တော်တို့ သွားပြီနော် ”
“ အေး အေး သွားကြ ”
“ ဖြေးဖြေး သွားကြနော် ”
တဖြည်းဖြည်း ထွက်သွားသော ဇိမ်ခံကားနက်ကြီးကို အဖိုးကြီးရော အဖွားကြီးပါ မျက်စိ တစ်ဆုံး ကြည့်နေကြသည်။ သူတို့လက်ထဲတွင်တော့ သားဖြစ်သူ တကူးတက လာပေးထားသော စက္ကူဘူးခွံများ နှင့် အချိုရည် ဘူးခွံများကို ကိုင်လျက်သား ရှိနေသေး၏။ ထိုပစ္စည်းများကို ရောင်းချလိုက်လျင် တနပ်စာတော့ ရနိင်မည်ဟု ကျွန်တော် စိတ်မှန်းဖြင့် တွက်ကြည့်လိုက်မိသည်။
ထိုမြင်ကွင်းကို အစအဆုံး ကြည့်ပြီးချိန်တွင်တော့ အတွေးတွေ များသွားရသည်။ ရုံးဌာန တစ်ခုတွင် လုပ်ခွင့် ရနိင်သည်အထိ ပညာသင်ပေးခဲ့သော သူ့သားသည် ထိုရုံးမှ စွန့်ပစ်သော စက္ကူဘူးခွံများကို ယူလာပြီး သူတို့ကို ကြည့်ရှုထောက်ပံ့မည်ဟု ဘယ်တုန်းကမှ တွေးမိခဲ့မည် မထင်ပေ။ ပြည့်ပြည့်စုံစုံ ရှိပုံရသော ထိုအမျိုးသားရဲ့ မိဘကို ကျေးဇူးဆပ်ပုံကို မြင်လိုက်ရသဖြင့် ကျွန်တော် စိတ်အာရုံတို့ ညစ်နွမ်းသွားရသည်။ ထို့ကြောင့် ဖတ်လက်စ စာအုပ်ကို ပိတ်ကာ ထရပ်လိုက်မိသည်။ ဆက်ဖတ်ဖို့ရန် ကျွန်တော်စိတ်မပါတော့ပေ။
မြစ်ကျိုးအင်း
--
ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်တက်၏။
ရုပ်နာမ်ဓမ္မသင်္ခါရတို့
ကိုယ်ကဤပုံဖြစ်လိုတုန်လည်း
တစ်ဖုံဆင်ကွဲသူတနဲဖြင့်
ဖောက်လွဲတက်စွာ ဓမ္မတာကို
ပညာစက္ခုမျှော်ထောက်ရု့၍
ယခုကပင်လျှင် မအိုခင်က
ယခုကပင်လျှင် မနာခင်က
ယခုကပင်လျှင် မသေခင်က
ကြိုတင်ကောင်းမှု ကြိုးစားလော။
(ကျေးဇူးရှင် မင်းကွန်းဆရာတော်)
Posted by ထွန်းမြင့်ဌေး
1 comment:
တွေးစရာလေးတွေရပါတယ်။
Post a Comment