Wednesday, June 20, 2012

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁၁)

၅၂။ ရုပ်ရှင်ကြည့်တဲ့အခါမှာ အဘိဓာန်ကိုင်ပြီးကြည့်ပါ။ ရုပ်ရှင်တွေမှာ ဒီစကားလုံးကိုပဲ အကြိမ်ပေါင်း များစွာ သုံးထားတတ်ပါတယ်။ ဒါကြောင့် စကားလုံးတွေကို ပထမအကြိမ် ဒါမှမဟုတ် ဒုတိယအကြိမ် ကြားတဲ့အခါမှာ အရေးကြီးတဲ့စကားလုံးတွေကို အဘိဓာန်မှာ ရှာထားမယ်ဆိုရင် ရုပ်ရှင်လည်း ဆုံးရော အဲဒီစကားလုံးတွေကို တတ်သွားမှာဖြစ်ပါတယ်။ အင်္ဂလိပ် စာတမ်းထိုးပြီး ကြည့်မယ်ဆိုရင် အဘိဓာန် သုံးရတာ ပိုပြီးတော့ လွယ်မှာ ဖြစ်ပါတယ်။
၅၃။ အသံထွက်သင်္ကေတတွေကို သင်ထားပါ။ အသုံးပြုပါ။ အင်္ဂလိပ်ဘာသာမှာ စာလုံးပေါင်း ပုံစံတွေက အသံအရေအတွက်ထက် ပိုများတယ်။ အသံထွက်သင်္ကေတတွေကို သင်ယူပြီး Vocabulary ရေးတဲ့အခါမှာ အသံထွက်သင်္ကေတပါ တစ်ပါတည်းရေးခြင်းအားဖြင့် Vocabulary သင်တဲ့အဆင့်တစ်ဆင့် ထပ်ဖြည့် နိုင်တယ်၊ ပိုပြီး နှံ့နှံ့စပ်စပ် လေ့လာနိုင်တဲ့အပြင် အသံထွက်လည်း ပိုကောင်းလာမှာ ဖြစ်ပါတယ်။ အသံထွက်တစ်ခုတည်းကိုပဲ နည်းလမ်းအမျိုးမျိုးနဲ့ စာလုံးပေါင်းထားတာတွေကို မှန်းဆပြီး အသံထွက်စရာ မလိုတော့တဲ့အတွက်ကြောင့်လည်း ပိုပြီးတော့ လွယ်ကူအဆင်ပြေသွားမှာဖြစ်ပါတယ်။
၅၄။ စာလုံးပေါင်းစည်းမျဉ်းတွေကိုသင်ယူပါ။ အင်္ဂလိပ်စာလုံးပေါင်းက ကြုံရာကျပန်း စာလုံးပေါင်းတာမျိုးလို့ လူအတော်များများက ထင်ကြပါတယ်။ ဒါပေမယ့် တကယ်တော့ စကားလုံး အများစုက စည်းမျဉ်း တစ်မျိုးမျိုးနဲ့ ကိုက်ညီလေ့ရှိပါတယ်။ ဥပမာ mad နဲ့ made လိုမျိုး နောက်ဆုံးမှာ e ပါတဲ့အတွက် အသံထွက်ပြောင်းလဲသွားတာမျိုးဖြစ်ပါတယ်။
၅၅။ ကိုယ့်အသံကို အသံသွင်းထားပြီး ပြန်နားထောင်ပါ။ ဆရာဆရာမက အသံထွက်ပြင်ပေးတာမျိုးမရှိရင် ဒါမှမဟုတ် နည်းပါးလို့ရှိရင် ကိုယ့်ဘာသာ အသံသွင်းပြီး ပြန်နားထောင်ခြင်းဖြင့် အင်္ဂလိပ်ဘာသာ အသံထွက်တွေ တကယ်တမ်း မှန်အောင် ထွက်နိုင်ရဲ့လား ပြန်ပြီးကြားနိုင်မှာဖြစ်ပါတယ်။
ရေးသားသူ - Language Republic of MyanmarNetwork
Posted by ကိုတူး(မိတ္ထီလာ GTI)