Friday, September 09, 2011

သက်သောင့်သက်သာရှိသောနေရာ

ဘဝအခြေ မတိုးတက်ခြင်းမှာ မိမိစိတ်သက်သောင့်သက်သာရှိသောနေရာ (Comfort Zone) တွင် ပိတ်မိနေသောကြောင့် ဖြစ်သည်။ လက်ရှိထက် မြင့်မားတိုးတက်လိုလျှင် Comfort Zone ကို ချဲ့ရမည်၊ သို့မဟုတ် Comfort Zone မှ ထွက်ကြည့်ရမည်။
လုပ်နေကျ၊ တွေ့နေကျဖြစ်သဖြင့် သက်သောင့်သက်သာရှိနေသော စိတ်နယ်မြေကို Comfort Zone ဟု ခေါ်ဆိုခြင်းဖြစ်သည်။ လုပ်နေကျအလုပ်ကို လုပ်ရလျှင်၊ သွားနေကျလမ်းကိုသွားရလျှင်၊ တွေ့နေကျ လူကိုတွေ့ရလျှင် စိတ်သည် သက်သောင့်သက်သာ ဖြစ်နေသည်။ တစ်နည်းစိတ်သည် Comfort Zone တွင်းရောက်နေသည်။ မလုပ်ဖူးသော အလုပ်၊ မသွားဖူးသောလမ်း၊ မကြံဖူးသောအကြံကို ကြံလျှင် စိတ်မသက်သာဖြစ်လာပြီ။ ယင်းမှာ Comfort Zone တွင်းမှ ထွက်လိုက်သောကြောင့် ဖြစ်သည်။ မိမိပိုနှစ်သက်သောအလုပ်၊ ပိုကောင်းသောအကြံတို့နှင့် ကြုံဆုံရသော်လည်း Comfort Zone တွင်းမှ ထွက်ရမည်ကို စိုးရိမ်သောကြောင့် လုပ်နေကျအလုပ်၊ သွားနေကျလမ်းကိုသာ သွားနေတတ်ကြသည်။