Sunday, June 26, 2011

မြန်မာပြည်မှ ဒေါက်တာအရှင်မြတ်များ

        မြန်မာနိုင်ငံမှ ဒေါက်တာဘွဲ့ရ ရဟန်းတော်များအကြောင်းကို ရေးပြီး မှတ်တမ်းစာအုပ် တစ်အုပ် ပြုလုပ်ချင်စိတ်ရှိနေသည်မှာ (၂၀၀၄) ခုနှစ်ကတည်းက ဖြစ်ခဲ့ပါသည်။ ထိုနှစ်က စာရေးသူသည် ဗုဒ္ဓဂယာအနီးရှိ မဂဓတက္ကသိုလ်တွင် မဟာဝိဇ္ဇာဘွဲ့အတွက် စာသင်နေခဲ့ကြသော ရဟန်းတော်(၂၀)ခန့်ကို အင်္ဂလိပ်စာ တိုးတက်ရန် အထောက်အကူ သင်တန်း ပို့ချပေးခဲ့ရပါသည်။ စာရေးသူသည် ထိုအချိန်က ဒေါက်တာဘွဲ့အတွက် နုတ်ဖြေစာမေးပွဲကို စောင့်နေခဲ့သည့် အချိန်ဖြစ်ပါသည်။ ပါရဂူဘွဲ့ အတွက် စာတမ်းတင်ပြီးသော်လည်း  ပြင်ပစာစစ်ဆရာမှ မေးသော နုတ်ဖြေစာမေးပွဲကို ဖြေဆိုရပြီး ထိုဆရာက သဘောတူ မှသာလျှင် ပါရဂူဘွဲ့ကိုပေးပါသည်။ (၂၀၀၄) နှစ်က မှတ်တမ်းစာအုပ် တစ်အုပ်အဖြစ် စာရေးချင်ခဲ့သော ထိုစိတ်ကူးကို (၂၀၁၀) ခုနှစ်ရောက်မှ အစပြန်ကောက်နိုင်ခဲ့ပြီး ရေးသားမှုကို စတင်ဖြစ်ခဲ့ပါသည်။ စိတ်ကူးပ်ါခဲ့ပြီး (၆) နှစ်တာကာလအတွင်း ဒေါက်တာ ဘွဲ့ကိုရခဲ့သော ရဟန်းတော်များ၏ အရေအတွက်မှာလည်း (၃) ဆခန့် ပိုပြီးများလာ ခဲ့ပါသည်။ များလာခဲ့သဖြင့် စာရေးသူနှင့် လက်လှမ်းမမှီသော ဒေါက်တာဘွဲ့ရ ရဟန်းတော်များလည်း အများအပြား ရှိလာခဲ့ပါသည်။
စာရေးသူသည် (၂၀၀၅) ခုနှစ် ဇန်န၀ါရီလတွင် ပါရဂူဘွဲ့ ပြီးစီးသဖြင့် မြန်မာပြည်သို့ ပြန်လာခဲ့ရာ ထိုကာလ၏ နောက်တွင် ဒေါက်တာဘွဲ့ရကြသော မြန်မာရဟန်းတော်များ၏ စာရင်းကို အတိအကျရရန် ရှာဖွေရမည့် အနေအထားမှာ ခက်ပါသည်။ ယခုစာအုပ် တွင်လည်း (၁၉၉၇ ခုနှစ်မှ ၂၀၀၇) နှစ်တာကာလအတွင်းရှိ ရဟန်းတော်များ၏ ဘွဲ့ရသည့် ရဟန်းတော်က များပါသည်။ ထိုဆယ်စုနှစ် ရှေ့ပိုင်း ကာလက ဒေါက်တာဘွဲ့ရခဲ့သော ရဟန်းတော်များမှာ လေးပါးမျှသာ ရှိခဲ့ပါသည်။ ထိုလေးပါးမှာ ဒေါက်တာရေ၀တဓမ္မ (ဘာမင်ဂန် မြို့ အင်္ဂလန်နိုင်ငံ- ယခု ပျံတော်မူပြီ) ၊ ဒေါက်တာဒေါက်တာ ဇာဂရာဘိဝံသ (သြ စတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ - ယခု အသက်ရှစ်ဆယ်ကျော်) ဒေါက်တာဂမ္ဘီရဗုဒ္ဓိ (ဗာရာဏသီမြို့ ဆေးဝင်္ကဘာကျောင်း၊ အိန္ဒိယနိုင်ငံ၊ ယခု ပျံတော်မူပြီ)  ဒေါက်တာ ဓမ္မာစာရ အိန္ဒိယနိုင်ငံ ပတ္တနားမြို့ တို့ဖြစ်ပါသည်။
ရေးသားပုံအစီအစဉ်မှာ စာရေးသူ သိဖူးသော၊ကြားဖူးသော ဒေါက်တာဘွဲ့ရ ရဟန်းတော်များ အကြောင်းကို အထုပ္ပတ္တိပုံစံ မျိုးမဟုတ်ဘဲ စာရေးသူနှင့် တွေ့ကြုံခဲ့ရသမျှ ဘ၀အစိတ် အပိုင်းမျှကိုသာလျှင် သိသာရုံ မိတ်ဆက်အနေဖြင့် ရေးထားခြင်းဖြစ်ပါသည်။ ဒေါက်တာဘွဲ့ရသော ရဟန်းတော်များ၏ ဘ၀ဖြစ်စဉ် တစ်ခုလုံးကို ပြည့်စုံအောင် ဖေါ်ပြ ထားခြင်းမျိုး မဟုတ်ပါ။ ဖေါ်ပြမည်ဆိုပါကလည်း အခန်းဆက်ရေးမှသာလျှင် ပြည့်စုံနိုင်ဖွယ် ရှိပါသည်။ ရေးသားရာတွင်လည်း တကUသိုလ်များကို မြန်မာအက္ခရာစဉ်အလိုက် စီစဉ်ပြီး ထိုတက္ကသိုလ် အသီးသီးမှ ဘွဲ့ရပြီးသော ဒေါက်တာများနှင့် စာရေးသူတို့ တွေ့ဆုံခဲ့ရပုံ အကြောင်းခြင်းရာများကို မီးမောင်းထိုးပြ ရေးသားထားခြင်းမျှသာ ဖြစ်ပါသည်။ ထိုဘွဲ့ရသော ရဟန်းတော် တစ်ပါးချင်းစီ၏ ဘ၀ကို ပြည့်ပြည့်စုံစုံ တင်ပြထားနိုင်ခြင်းလည်း မရှိသေးပါ။ ပြည့်ပြည့်စုံစုံ မတင်ပြနိုင်ရခြင်း၏ အကြောင်းမှာ ဆောင်းပါးပုံစံ အနေဖြင့် ရေသားထားသည့် အပြင် တစ်ပါးချင်းနှင့် တွေ့ဆုံပြီး အချက်လက်များကို ရယူနိုင်ဖို့ ရန်လည်း အလွန်ခဲယဉ်းလှသော အနေအထားကြောင့် ဖြစ်ပါသည်။
ဥပမာ-စာရေးသူသိသော ဒေါက်တာဇနိတ၊ ဒေါက်တာကစ္စာယန၊ မသိမမြင် ဖူးသော ဆရာတော်ကြီး ဒေါက်တာဇာဂရာဘိဝံသတို့သည် သြစတေးလျတွင် သီတင်းသုံး နေကြသည်။ ဒေါက်တာဓမ္မသာမိ နှင့် ဒေါက်တာဥတ္တရဥာဏတို့သည်လည်း အဝေးဋ္ဌာနေ အင်္ဂလန်မြေတွင် သာသနာပြုနေကြသည်။ ဒေါက်တာဃောသိတ တစ်ပါးလည်း ဂျာမနီတွင် ရှိနေသည်ဟု သိရပါသည်။ ယနေ့အထိ စာရေးသူနှင့် မိတ်ဆွေ အရှင်ဃောသိတတို့ အဆက်အသွယ် မရပါ။ ဒေါက်တာဓမ္မပိယ၊ ဒေါက်တာခေမိန္ဒ၊ ဒေါက်တာနာယက၊ ဒေါက်တာပညာဇောတ၊ ဒေါက်တာအရိယဓမ္မ စသည့် ရဟန်းတော်တို့ကလည်း ကျယ်ပြန့်လှသော အမေရိကနိုင်ငံ၏ တစ်ပြည်နယ်စီတွင် အသီးသီး ရှိနေကြပြန်သည်။ ဒေါက်တာဣန္ဒက နှင့် ဒေါက်တာသီလ၀ံသတို့သည် မလေးရှားနိုင်ငံ၊ ဒေါက်တာဝိစိတ္တ၊ ဒေါက်တာသုပီယ၊ ဒေါက်တာဇယတိဿ တို့က စင်ကာပူနိုင်ငံတွင် သာသနာပြုနေ ကြပါသည်။ အိန္ဒိယနိုင်ငံတွင်လည်း အချို့သော ဒေါက်တာရဟန်းတော်များ သီတင်းသုံး နေဆဲဖြစ်ပေသည်။ ဒေါက်တာကေလာသ၊ ဒေါက်တာသိရိန္ဒ၊ ဒေါက်တာဇ၀န၊ ဒေါက်တာသောဘိတ စသော ရဟန်းတော်များ ဖြစ်ကြပါသည်။
အချက်အလက်စုရန် မလွယ်ကူသဖြင့် အသေးစိတ် မရေးသားနိုင်သည့် အနေ အထားပင် ဖြစ်ပါသည်။ တစ်ချို့ဒေါက်တာများမှာ ရဟန်းအသွင်ပျောက်၍ လူ့ဘ၀သို့ရောက် သွားကြပြီး၊ တစ်ချို့မှာမူ လူ့ပြည်တွင် မရှိကြတော့မူI ပျံလွန်တော်မူခဲ့ကြ ကုန်ပါပြီ။ နှစ်ငါးဆယ်အတွင်း ဒေါက်တာဘ၀သံသရာ စက်ဝန်းလည်နေပုံ ဖြစ်ပေသည်။ နှစ်ငါးဆယ်အတွင်းတွင် ဒေါက်တာဘွဲ့ရ ရဟန်းတော်တို့သည်လည်း များများစားစား မပေါ်ထွက်သည်ကို သိနိုင်ပေသည်။ မည်သို့ဆိုကြစေကာမူ စာဖတ်သူများ စာရေးသူ၏စာကို ဖတ်မိသဖြင့် ရရှိမည့် မြင်သာသော အချက်မှာ မြန်မာပြည်မှ ရဟန်းတော် တို့၏ ပညာရှာမှီးရာဒေသများ၊ သင်ယူကြသည့် တက္ကသိုလ် အရေအတွက်နှင့် ထိုထိုတက္ကသိုလ်များအကြောင်း၊ ဘွဲ့ရရှိပြီးသည့် ရဟန်းတော်များ၏ အရေအတွက် စာရင်းတို့ ဖြစ်ပေသည်။ ဆင်ခြင်ဥာဏ်ဖြင့် ရယူနိုင်မည့် ဆင့်ပွားအကျိုးရလာဒ်ကိုမူ တစ်ဦးချင်းစီ၏ ယောနိသောမနသိကာရ အပေါ်တွင် မူတည်ပေသည်။
ဘွဲ့တစ်ခုရရန် အဓိက အရင်းအနှီးမှာ ဖြစ်ချင်သောစိတ်ဓာတ် တစ်ခုသာလျှင် ရှိပါသည်။ စိတ်ဓာတ်ကို အရင်းအနှီးပြုလျှင် ကျန်သည့် အခက်အခဲများကို တဖြည်းဖြည်းချင်း လွန်မြောက်ပါမည်။ ကြွင်းကျန်သော အရင်း အနှီးများမှာ အသက်အရွယ်။ ကျန်းမာရေး၊ စာသင်ဖို့ပေးရမည့်အချိန်၊ အဆက်အသွယ်ကောင်း၊ ကုန်ကျမည့် စရိတ်တို့ပင်ဖြစ်ပေသည်။ မစွမ်းနိုင်သည်ဟုထင်လျှင် မည်သူမျှပင် စိတ်ကူးထည့်ပြီး ဒေါက်တာဘွဲ့ကို ကြိုးစားဖြစ်ကြ မည်မဟုတ်ပါ။ တစ်ဦးဦးက ဘွဲ့အတွက် စိတ်ကူးထည့် စဉ်းစားခဲ့ပြီဆိုပါလျှင် စိတ်ကူးသူအတွက် ဘွဲ့ရရန် ဖြစ်နိုင်ချေ အားလုံးက ကြိုဆိုနေပါပြီ။ မဟာဝိဇ္ဇာ ဘွဲ့ရသူများ ဒေါက်တာဘွဲ့ကို ရခဲ့ကြသူများချည်း မဟုတ်ပါ။ ဘွဲ့ရရန် စိတ်ဓာတ်ခွန်အား ဖြည့်ဆည်းရန် လိုနေသောကြောင့် ဖြစ်ပါသည်။ စိတ်ကူးအနေဖြင့် ထည့်မိကြပေလိမ့်မည်ဟု စာရေးသူအနေဖြင့် ယူဆမိပါသည်။ စိတ်ကူးမှ အစပြုပြီး ခိုင်မာသော စိတ်ဓာတ်ဖြင့် ဒေါက်တာဘွဲ့ ရယူနိုင်ကြပါစေဟု ဆန္ဒပြုပါသည်။ ပွင့်သောပန်းများ လန်းဆန်းပြီး မွှေးကြိုင်ပါစေ။ ဒေါက်တာဆရာတော်များကို ခွင့်မပန်ဘဲ ဤစာရေးသားခြင်းအတွက် ကြိုတင် ခွင့်ပန်အပ်ပါသည် ဘုရား။
ဒေါက်တာအရှင်နန္ဒက ဓမ္မဒူတကျောင်း
ဘူဖြောင်းရပ်ကွက်၊အင်ချွန်းမြို့။
တောင်ကိုရီးယားနိုင်ငံ