Thursday, June 16, 2011

အိမ်မက်လေးတစ်ခု

"ဘာကွ... မြန်မာငွေ ပါမလာဘူး။ ဟုတ်လား။ မင်းတို့ဆီက စင်ကာပူဒေါ်လာက ဒီမှာသုံးလို့ ရမယ်ထင်လို့လားကွ။"လူဝင်မှု အရာရှိ၏ ဟိန်းဟောက်မှုကြောင့် အဆိုပါ စင်ကာပူသား ခေါင်းလေး ပုဝင်သွားသည်။ ထို့နောက် မြန်မာစကား မပီကလာ ပီကလာဖြင့် "ကျနော် ရှာဝယ်ပါသေးတယ်။ မရလို့ အမေရိကန် ဒေါ်လာနဲ့ ထိုင်းဘတ်ပဲ ဝယ်လာခဲ့တာပါ။ မြန်မာ အကြွေတွေတော့ နည်းနည်း ပါပါတယ်။" ဟုဆိုကာ တဆယ်ကျပ်တန် နှင့် ငါးဆယ်တန် တရွက်စီ ထုတ်ပြသည်။"ဒါနဲ့ မင်းက ဒီပိုက်ဆံလောက်နဲ့ ဘယ်မှာနေမှာတုန်း။ မှန်းစမ်း ဗီဇာလျှောက်တုန်းက ထောက်ခံသူကို ကြည့်လိုက်ဦးမယ်"
“အော်... မင်းက ဘုန်းကြီးကျောင်းက ထောက်ခံချက်နဲ့ ဘုန်းကြီးကျောင်းမှာနေမှာပေါ့။ အခု မင်းလာတာ အလည်ဗီဇာနဲ့နော်။ အလုပ်လုပ်လို့ မရဘူး။ နားလည်တယ်နော်။ မင်းတို့ စလုံးက ကောင်တွေမပြောချင်ဘူး။ အလည်လာ ဒီမှာနေ။ တောက်တိုမယ်ရ အလုပ်လေးလျှောက်။ အခြေအနေမကောင်းရင် ခဏပြန်ထွက် ပြီးရင်ပြန်ဝင်။ ဒီကြားထဲ အိုဗာစတေးတွေလဲ မနည်းဘူး။ ကဲ.. ကဲ... သွားတော့”  လူဝင်မှု အရာရှိရှေ့မှ စင်ကာပူသား ခေါင်းလေးငုံ့ကာဖြင့် ရိုရိုကျိုးကျိုးလျှောက်သွားသည်။
ကျနော်လဲ ဘေးမှကြည့်နေမိသည်။ အော်.. တော်တော်ခက်တဲ့ စလုံးသားပဲ မအူမလည်နဲ့။ ကျနော်တို့လို နိုင်ငံသားများအတွက်က လွယ်သည်။ ID Card ကို တင်ပေးလိုက်သည်နှင့် အချက်အလက်များအားလုံးယူပြီးသားဖြစ်သွားသည်။ ထိုနောက်အလိုအလျောက် Update လုပ်သည့် စက်ထဲ ပတ်စ်ပို့ ထည့်လိုက်လျှင် တံဆိပ်တုံးထုပြီးသားဖြစ်သွားသည်။ လူနဲ့ စကားပြောစရာမလို။ ဒါကြောင့် နိုင်ငံသားနဲ့ နိုင်ငံခြားသား ခွဲပြီး တန်းစီခိုင်းခြင်းဖြစ်သည်။
အေးလေ... မြန်မာနိုင်ငံထဲ ဝင်လာလို့ ရတယ်ဆိုတာ နည်းတဲ့ အခွင့်အရေးမှ မဟုတ်တာ။ အကြံအဖန်တွေကလဲ အများသား မဟုတ်လား။ ဒီတော့လဲ.... ဒီလောက်တော့စစ်ဆေးရမှာပေါ့။ စက်ကတော့ အကြံအဖန်က မစစ်နိုင်ဘူးလေ...

အားဆေးများ သောက်သုံးခြင်းနှင့် ကောင်းကျိုးဆိုးပြစ်များ

အားဆေးများ သောက်သုံးခြင်းနှင့် ကောင်းကျိုးဆိုးပြစ် ယနေ့ခေတ်မှာ လူအတော်များများဟာ အလုပ်တွေ လုပ်ပြီးလို့ ပင်ပန်းသွားရင် အနားယူဖို့နဲ့ အတူ တွေးတတ်ကြတာက အားဆေးသောက်ပြီး နားဖို့ပါပဲ။ ကာယနဲ့ အလုပ်လုပ်သူဖြစ်ဖြစ်၊ ဥာဏနဲ့ အလုပ်လုပ်သူ ဖြစ်ဖြစ် ပင်ပန်းနွမ်းနယ်လာရင် အားဆေးတစ်ခုခု သောက်ပြီး နားဖို့ စိတ်ကူးမိတတ်ကြပါတယ်။ အနားမရနိုင်သေးဘူး ဆိုရင်လည်း အားဆေးလေးသောက်ပြီး ပင်ပန်းတဲ့ ဒဏ်ကို တွန်းလှန်နိုင်ဖို့ ကြိုးစားကြပါတယ်။ အားဆေးဆိုတာ ကလည်း ဆရာဝန်ခွင့်ပြုချက် မပါဘဲ ၀ယ်လို့ရတဲ့ ဆေးဝါး (Over-the-counter Drugs) တွေ ဖြစ်ပြီး ယနေ့ခေတ်မှာ ကျယ်ကျယ်ပြန့်ပြန့် အလွယ်တကူ ရနိုင်နေလို့ပဲ ဖြစ်ပါတယ်။
နီးစပ်ရာ လက်လီလက်ကား ဆေးဆိုင်ကြီးအချို့ကို မေးကြည့်တော့ အားဆေးတွေရဲ့ ရောင်းအားဟာ အထူးကောင်းနေပြီး ကျသွားတယ်လို့ မရှိကာ နှစ်စဉ် ရောင်းအား တက်လျက် ရှိပါတယ်တဲ့။ ပြည်ပကနေ အားဆေးတင်သွင်းနှုန်းလည်း တစ်နှစ်ထက်တစ်နှစ် တိုးလာနေတယ်လို့ ၄င်းတို့က ခန့်မှန်း ပြောဆိုပါတယ်။ ဒါကြောင့် သေချာပေါက် ပြောနိုင်တာက ယနေ့ခေတ်မှာ အလုပ်ပင်ပန်းမှု ရှိသူတိုင်းလိုလို အားဆေး မကြာခဏ သောက်သုံးမှု ရှိနေကြပါပြီ။
အကြောအရမ်းတက်တတ်တဲ့ အသိမိတ်ဆွေအချို့က ၄င်းတို့ဟာ Vitamin B1, B6, B12 တို့ ပါဝင်တဲ့ အားဆေးတွေ နေ့စဉ်သောက်မှ နေလို့ရ အလုပ်လုပ်လို့ ရတယ်လို့ ဆိုပါတယ်။ အာရုံစူးစိုက်ရလွန်းတဲ့ အလုပ်လုပ်သူတွေ၊ လုပ်ငန်းခွင်မှာ ပင်ပန်းသူတွေကလည်း မကြာခဏဆိုသလို စိတ်ဖိစီးမှု သက်သာစေတယ်ဆိုတဲ့ အားဆေးတွေ သောက်သုံးနေကျမြဲ ဖြစ်ပါတယ်တဲ့။ အချို့သူတွေကတော့ ပြောပါတယ်။ သူတို့ဟာ ပုံမှန်လုပ်နေကျ မဟုတ်တဲ့ အရမ်းပင်ပန်းတဲ့ အလုပ်မျိုး တစ်နေကုန် လုပ်လိုက်ရတဲ့ အခါမျိုးမှာ အားဆေးနဲ့ အားပြန်ဖြည့်တတ်တယ်လို့ ပြောကြသလို လုပ်ပြီးသွားတိုင်း အားဆေးပြန်သောက်ဖြစ်ကြတဲ့ အမျိုးသားတွေလည်း များပါတယ်။