Thursday, June 16, 2011

အားဆေးများ သောက်သုံးခြင်းနှင့် ကောင်းကျိုးဆိုးပြစ်များ

အားဆေးများ သောက်သုံးခြင်းနှင့် ကောင်းကျိုးဆိုးပြစ် ယနေ့ခေတ်မှာ လူအတော်များများဟာ အလုပ်တွေ လုပ်ပြီးလို့ ပင်ပန်းသွားရင် အနားယူဖို့နဲ့ အတူ တွေးတတ်ကြတာက အားဆေးသောက်ပြီး နားဖို့ပါပဲ။ ကာယနဲ့ အလုပ်လုပ်သူဖြစ်ဖြစ်၊ ဥာဏနဲ့ အလုပ်လုပ်သူ ဖြစ်ဖြစ် ပင်ပန်းနွမ်းနယ်လာရင် အားဆေးတစ်ခုခု သောက်ပြီး နားဖို့ စိတ်ကူးမိတတ်ကြပါတယ်။ အနားမရနိုင်သေးဘူး ဆိုရင်လည်း အားဆေးလေးသောက်ပြီး ပင်ပန်းတဲ့ ဒဏ်ကို တွန်းလှန်နိုင်ဖို့ ကြိုးစားကြပါတယ်။ အားဆေးဆိုတာ ကလည်း ဆရာဝန်ခွင့်ပြုချက် မပါဘဲ ၀ယ်လို့ရတဲ့ ဆေးဝါး (Over-the-counter Drugs) တွေ ဖြစ်ပြီး ယနေ့ခေတ်မှာ ကျယ်ကျယ်ပြန့်ပြန့် အလွယ်တကူ ရနိုင်နေလို့ပဲ ဖြစ်ပါတယ်။
နီးစပ်ရာ လက်လီလက်ကား ဆေးဆိုင်ကြီးအချို့ကို မေးကြည့်တော့ အားဆေးတွေရဲ့ ရောင်းအားဟာ အထူးကောင်းနေပြီး ကျသွားတယ်လို့ မရှိကာ နှစ်စဉ် ရောင်းအား တက်လျက် ရှိပါတယ်တဲ့။ ပြည်ပကနေ အားဆေးတင်သွင်းနှုန်းလည်း တစ်နှစ်ထက်တစ်နှစ် တိုးလာနေတယ်လို့ ၄င်းတို့က ခန့်မှန်း ပြောဆိုပါတယ်။ ဒါကြောင့် သေချာပေါက် ပြောနိုင်တာက ယနေ့ခေတ်မှာ အလုပ်ပင်ပန်းမှု ရှိသူတိုင်းလိုလို အားဆေး မကြာခဏ သောက်သုံးမှု ရှိနေကြပါပြီ။
အကြောအရမ်းတက်တတ်တဲ့ အသိမိတ်ဆွေအချို့က ၄င်းတို့ဟာ Vitamin B1, B6, B12 တို့ ပါဝင်တဲ့ အားဆေးတွေ နေ့စဉ်သောက်မှ နေလို့ရ အလုပ်လုပ်လို့ ရတယ်လို့ ဆိုပါတယ်။ အာရုံစူးစိုက်ရလွန်းတဲ့ အလုပ်လုပ်သူတွေ၊ လုပ်ငန်းခွင်မှာ ပင်ပန်းသူတွေကလည်း မကြာခဏဆိုသလို စိတ်ဖိစီးမှု သက်သာစေတယ်ဆိုတဲ့ အားဆေးတွေ သောက်သုံးနေကျမြဲ ဖြစ်ပါတယ်တဲ့။ အချို့သူတွေကတော့ ပြောပါတယ်။ သူတို့ဟာ ပုံမှန်လုပ်နေကျ မဟုတ်တဲ့ အရမ်းပင်ပန်းတဲ့ အလုပ်မျိုး တစ်နေကုန် လုပ်လိုက်ရတဲ့ အခါမျိုးမှာ အားဆေးနဲ့ အားပြန်ဖြည့်တတ်တယ်လို့ ပြောကြသလို လုပ်ပြီးသွားတိုင်း အားဆေးပြန်သောက်ဖြစ်ကြတဲ့ အမျိုးသားတွေလည်း များပါတယ်။

စာကျက်ကောင်းအောင် ဆိုပြီး စာမေးပွဲနီးရင် ကျောင်းသားလူငယ် အချို့ကလည်း အားဆေးကို အားကိုးတတ်ပါတယ်။ ဒီလို အနေအထားအထိ ပြည်သူတွေကြားမှာ ရေပန်းစားလာတဲ့ အားဆေးတွေနဲ့ ပတ်သက်လို့ ကျန်းမာရေး အသိနဲ့ သတိ ကောင်းကောင်းရှိတဲ့ လူများက နီးစပ်ရာ ဆရာဝန်များကို မေးခွန်းတွေ မေးလာကြပါတယ်။ မေးခွန်းတွေက အစုံပါပဲ။ အားဆေးတွေရဲ့ အာနိသင်ကရော တကယ် လန်းဆန်းအားပြည့်ကာ နေလို့ကောင်း စေတာလား။ ဒါတွေဟာ တကယ်ကို တော်တည့်မှန်ကန်တဲ့ လုပ်ရပ်များ ဖြစ်ပါရဲ့လား။ အားဆေးတွေရဲ့ ရေတို/ရေရှည် အကျိုးသက်ရောက်မှုတွေက ဘယ်လိုဖြစ်မလဲ။ ကောင်းကျိုး ဆိုးကျိုး ဘယ်လိုရှိမလဲ။ ဘယ်လို အခြေအနေ အချိန်အခါမှာ အားဆေးသောက်သင့်လဲ/ မသောက်သင့်ဘူးလဲ……….. စသဖြင့် ပေါ့လေ။
လောကမှာ ဘယ်အရာမဆို ကောင်းကျိုးနဲ့ ဆိုးပြစ် (Pros & Cons) က ဒွန်တွဲ တည်ရှိမြဲ ဖြစ်တယ်ဆိုတာ စာဖတ်ပရိသတ်များ သိရှိကြမှာပါ။ ဒါကြောင့် ကျွန်တော်တို့ သုံးစွဲမယ့် အရာတစ်ခုကို ကောင်းကျိုးတွေပဲ ရရှိပြီး ဆိုးကျိုးတွေ နည်းနိုင်သမျှ နည်းအောင် သုံးစွဲနိုင်ရေးက ဆေးပညာအပါအ၀င် ယနေ့ခေတ် လူသားအကျိုးပြု နည်းပညာအားလုံးရဲ့ တူညီတဲ့ ရည်ရွယ်ချက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ အားဆေး ခေါ် ဗိုက်တာမင်အစုံနှင့် သတ္တုဓာတ် ဖြည့်စွက်ဆေး (Multivitamins & Minerals Supplements) များအကြောင်း အထက်ပါ အချက်များနဲ့တကွ စုစည်းတင်ပြအပ်ပါတယ်။
အားဆေးဆိုတာ ဘာလဲ?
မြန်မာလို အားဆေးလို့ သုံးစွဲပြီး သောက်သုံးနေကြတဲ့ ဆေးများဟာ ခန္ဓာကိုယ်က မရှိမဖြစ် လိုအပ်တဲ့ ဗိုက်တာမင် (Vitamins) ခေါ် သက်စောင့်ဓာတ်များ နဲ့ သတ္တုဓာတ်များ (Minerals) ပါဝင်တဲ့ ဖြည့်စွက်အာဟာရများသာ ဖြစ်ပါတယ်။ ဒီဆေးတွေ သောက်ခြင်းဟာ ကောင်းမွန်တဲ့ အာဟာရ တစ်ခု မှီဝဲလိုက်သလို ပါပဲ။ ဒါပေမဲ့ အားဆေးလို့ ဝေါဟာရပြုထားတဲ့ အတွက် လူအများစုက ခွန်အားတိုးပွားစေတဲ့ဆေး၊ ကုန်သွားတဲ့ အားတွေ ပြန်ဖြည့်တဲ့ဆေးလို့ အမှတ်မှား နေကြတာလည်း ရှိပါတယ်။ တကယ်တမ်းတော့ အားဆေးများဟာ အာဟာရမျိုးစုံ ပါဝင်တဲ့ အစားအသောက်များ သဘောသာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အားဆေးဆိုတဲ့ အသုံးက ဘာသာစကားနဲ့ ချီပြီးတော့ကို တွင်ကျယ်နေပြီ ဖြစ်လို့ “ဗိုက်တာမင်နဲ့ သတ္တုဓာတ် ဖြည့်ဆေး” လို့ မှန်ကန်စွာ ပြောင်းလဲ ခေါ်ဝေါ် သုံးစွဲဖို့ မလွယ်လှတော့ဘူး ထင်ပါတယ်။
ဒါဆို ဒါတွေ သောက်ရင် အားအင်နဲ့ ကျန်းမာရေးအပေါ်ကော အကျိုးမရှိဘူးလားလို့ မေးစရာ ရှိပါတယ်။ စနစ်တကျ နားလည်စွာ သောက်သုံးနိုင်ရင် ကောင်းကျိုးတွေ တကယ်ကို ရှိပါတယ်။ သိသင့်တဲ့ ဘယ်လိုလူတွေဟာ ၊ ဒါမှမဟုတ် ဘယ်အခြေအနေမှာ အားဆေးတွေ သောက်သင့်လဲ ဆိုတာ သိရှိပြီး သောက်နိုင်ရင် ကောင်းကျိုးတွေ ပိုများလာမှာ ဖြစ်ပြီး အားဆေးတွေနဲ့ မသင့်တော်တဲ့ အခိုက်အတန့်တွေမှာ ရှောင်ကြဉ်မယ်၊ အားဆေးတွေ လွန်ကဲမှုရဲ့ ဆိုးကျိုးလက္ခဏာတွေ သိရှိပြီး ပေါ်နေရင် ရှောင်ကြဉ်မယ် စသဖြင့် သေချာ သိပြီး သောက်သုံးရင် အထူးအကျိုးရှိမယ်လို့ ပြောလိုပါတယ်။
ဗိုက်တာမင်များ (Vitamins)
ဗိုက်တာမင်ဆိုတာ Vitamin ဆိုတဲ့ အင်္ဂလိပ်စကားကို တိုက်ရိုက် မွေးစားထားတာ ဖြစ်ပါတယ်။ မူရင်းအင်္ဂလိပ် ဘာသာအတိုင်း ခွဲခြားကြည့်ရင် Vita (ဗိုက်တာ) နဲ့ Amine (အေမင်း) လို့ နှစ်ပိုင်းတွေ့ရပါတယ်။ Vita ဆိုတာ လက်တင်ဘာသာစကားနဲ့ အသက်လို့ အဓိပ္ပာယ်ရပြီး Amine ကတော့ အေမင်းအုပ်စု အမျိုးအစား ဓာတုဒြပ်ပေါင်းများကို ဆိုလိုပါတယ်။
ပညာရှင်များက အစားအစာတွေမှာ ကနဦး စတင်တွေ့ရှိခဲ့တဲ့ Thiamine (သိုင်ယာမင်း) ခေါ် ဗိုက်တာမင် B1 ကို အစွဲပြုပြီး ပေးခဲ့တဲ့ နာမည် ဖြစ်ပြီး “အသက်စောင့်ဓာတ် အေမင်းအမျိုးအစား ဒြပ်ပေါင်းများ” လို့ ဆိုလိုပါတယ်။ နောက်ပိုင်းမှာ Vitamins တွေဟာ အေမင်း အမျိုးအစားတွေသာ မကတော့ဘဲ အခြား ဓာတုဒြပ်ပေါင်း အမျိုးအစားစုံ ဖြစ်နေတယ်ဆိုတာ တွေ့ရှိလာရပေမယ့် ဒီအသုံးကပဲ ဆက်တွင်သွားတာ ဖြစ်ပါတယ်။
အားဆေးများ၏ ကောင်းကျိုးများ
ဗိုက်တာမင်များဟာ သက်ရှိများရဲ့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေရန်၊ ပုံမှန် ဇီဝရုပ် ဖြစ်ပျက်မှုများ စည်းချက် မှန်နေစေရန်၊ ရောဂါများမှ ကာကွယ်ရန် မရှိမဖြစ်လိုအပ်လှပါတယ်။ ဒါတွေကို အသားငါး၊ အသီးအနှံ စတဲ့ အစားအသောက် မျိုးစုံ မျှတအောင် ပုံမှန် စားသုံးပေးခြင်းဖြင့် ရရှိနိုင်ပါတယ်။ လူသတ္တ၀ါတွေရဲ့ ခန္ဓာကိုယ် ထဲမှာ ဗိုက်တာမင်တွေ ထုတ်လုပ်နိုင်ခြင်း မရှိလို့ အစာအာဟာရများကိုပဲ မှီခိုကြရပါတယ်။
အကြောင်းတစ်ခုခုကြောင့် အာဟာရထဲကနေ ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေ ရရှိမှုဟာ လိုအပ်တာထက် လျော့နည်းမယ်ဆိုရင် ဗိုက်တာမင်ချို့တဲ့ခြင်း ရောဂါလက္ခဏာများ ခံစားရမှာ ဖြစ်ပါတယ်။ ဗိုက်တာမင် တစ်ခုချင်းစီအလိုက် ချို့တဲ့ခြင်း ရောဂါလက္ခဏာတွေ သီးသန့် ရှိပါတယ်။ ဥပမာ ဗိုက်တာမင်အေ (Vitamin A) ဟာ အသီးအနှံများမှာ အများဆုံး ပါဝင်တာ ဖြစ်လို့ အသီးအနှံ မစားတဲ့ သူတွေဟာ ကြာဆူးခေါ် အရေပြားပေါ်က မွေးညင်းပေါက်များ ကြမ်းတမ်းခြင်း (Hyperfollicular Keratosis) ခံစားရလေ့ရှိပြီး အရမ်းဆိုးရင် အမြင်အာရုံ ထိခိုက်ကာ ညမှောင်ရင် အမြင်အာရုံ မကောင်းတော့တဲ့ ကြက်မျက်သင့်ရောဂါ (Night Blindness) ခံစားရတတ် သလိုမျိုးပေါ့။ ဗိုက်တာမင် ချို့တဲ့မှုတွေ များလာရင် ကိုယ်ခံအား မကောင်းတော့ဘဲ သူများထက် ဖျားလွယ် နာလွယ် ဖြစ်တတ်ပါတယ်။
ဒါကြောင့် အသား၊ငါး၊ အသီးအနှံများကို မျှတစွာ မစားသူတွေနဲ့ အလုပ်များလွန်းလို့ စားဖို့ အဆင်မပြေတဲ့ သူတွေဟာ အားဆေးများ မကြာခဏ သောက်ပေးသင့်ပါတယ်လို့ အာဟာရ ပညာရှင်များက ထောက်ခံ အဆိုပြုကြပါတယ်။ အောက်မှာ ဗိုက်တာမင်တွေနဲ့ ၄င်းတို့ချို့တဲ့ရင် ဖြစ်လာနိုင်တဲ့ ရောဂါတွေ၊ ၄င်းဗိုက်တာမင် အကြွယ်ဝဆုံးတဲ့ အစားအစာတွေကို အတိုချုပ် ယှဉ်တွဲ ဖော်ပြပေးလိုက်ပါတယ်။
ဟင်းလေးအိုးကျန်းမာရေးမှ ကူးယူဖော်ပြပေးခြင်းဖြစ်ပါသည်။

Posted By မောင်စူးစမ်း (MTLA GTI)

No comments:

Post a Comment