လောကဓံ တရား ရှစ်ပါးရှိ၏။ ဤသည်တို့ကား ‘လာဘော’ ဥစ္စာပေါများ၍ တက်ကြွတုန်လှုပ်ခြင်း၊ ‘အလောဘ’
ဥစ္စာနည်းပါ၍ ညှိုးငယ်တုန်လှုပ်ခြင်း၊ ‘ယတော’ အခြံအရံများ၍ တက်ကြွတုန်လှုပ်ခြင်း၊
‘အယတော’ အခြံအရံနည်းပါး၍ ညှိုးငယ်တုန်လှုပ်ခြင်း၊ ‘နိနံ္ဒ’ ကဲ့ရဲ့ခံရ၍
ညှိုးငယ်တုန်လှုပ်ခြင်း၊ ‘ပသံကံ’ ချီးမွမ်းခံ၍ တက်ကြွတုန်လှုပ်ခြင်း၊ ‘သုခံ’
ချမ်းသာခြင်းကိုစွဲ၍ တက်ကြွတုန်လှုပ်ခြင်း၊ ‘ဒုက္ခံ’ ဆင်းရဲခြင်းကိုစွဲ၍
ညှိုးငယ်တုန်လှုပ်ခြင်းတို့ပင်ဖြစ်သည်။ ဤလောကဓံတရားကို ကြံ့ကြံ့ခံနိုင်စွမ်းရှိမှ
လူဟု ရှင်တော်ဗုဒ္ဓက ဟောကြားတော်မူခဲ့လေသည်။
တရံရောအခါက
ဘုရင်ကြီးတစ်ပါးသည် ထိုလောကဓံတရားနှိပ်စက်၍ မအိပ်နိုင်၊ မစားနိုင်ဘဲရှိသည်။ ထိုအခါ
ဘုရင်ကြီးက အမတ်ပညာရှိတို့အား မိမိအားကိုးပြုစရာ ဆောင်ပုဒ်တစ်ခုရေးသားပြုစုပေးရန်
တောင်းဆိုလေသည်။ ဆောင်ပုဒ်သည်ကား လက်စွပ်တစ်ကွင်းပေါ်မှာ ရေးထွင်း၍ရလောက်အောင်လည်း
တိုရမည်၊ အောင်မြင်စဉ်မှာရော နိမ့်ပါးစဉ်မှာပါ သုံးစွဲနိုင်တာမျိုးလည်းဖြစ်ရမည်ဟု
သူကဆိုသည်။ မှူးမတ်တွေဆောင်ပုဒ်အမျိုးမျိုး တင်လျှောက်ကြသည်။ ရှင်ဘုရင်က လက်မခံ။ အားလုံးကိုပယ်ချသည်။
နောက်ဆုံး သမီးတော်က သူမရွေးချယ်ထားသည့်ဆောင်ပုဒ်ကို မြလက်စွပ်တစ်ကွင်းပေါ်တွင်
ရေးထွင်းပြီး ဆက်သတော့မှ ရှင်ဘုရင် နှစ်သက်သဘောကျသွားသည်ဟု ဆိုသည်။
ထိုဆောင်ပုဒ်သည်ကား ‘ဒါလည်း ပြီးသွားမှာပါ’ ဟူ၍ ဖြစ်သည်။ အင်္ဂလိပ်လိုတော့ This,
too, will pass ဟူ၍ ဖြစ်သည်။