လောကဓံ တရား ရှစ်ပါးရှိ၏။ ဤသည်တို့ကား ‘လာဘော’ ဥစ္စာပေါများ၍ တက်ကြွတုန်လှုပ်ခြင်း၊ ‘အလောဘ’
ဥစ္စာနည်းပါ၍ ညှိုးငယ်တုန်လှုပ်ခြင်း၊ ‘ယတော’ အခြံအရံများ၍ တက်ကြွတုန်လှုပ်ခြင်း၊
‘အယတော’ အခြံအရံနည်းပါး၍ ညှိုးငယ်တုန်လှုပ်ခြင်း၊ ‘နိနံ္ဒ’ ကဲ့ရဲ့ခံရ၍
ညှိုးငယ်တုန်လှုပ်ခြင်း၊ ‘ပသံကံ’ ချီးမွမ်းခံ၍ တက်ကြွတုန်လှုပ်ခြင်း၊ ‘သုခံ’
ချမ်းသာခြင်းကိုစွဲ၍ တက်ကြွတုန်လှုပ်ခြင်း၊ ‘ဒုက္ခံ’ ဆင်းရဲခြင်းကိုစွဲ၍
ညှိုးငယ်တုန်လှုပ်ခြင်းတို့ပင်ဖြစ်သည်။ ဤလောကဓံတရားကို ကြံ့ကြံ့ခံနိုင်စွမ်းရှိမှ
လူဟု ရှင်တော်ဗုဒ္ဓက ဟောကြားတော်မူခဲ့လေသည်။
တရံရောအခါက
ဘုရင်ကြီးတစ်ပါးသည် ထိုလောကဓံတရားနှိပ်စက်၍ မအိပ်နိုင်၊ မစားနိုင်ဘဲရှိသည်။ ထိုအခါ
ဘုရင်ကြီးက အမတ်ပညာရှိတို့အား မိမိအားကိုးပြုစရာ ဆောင်ပုဒ်တစ်ခုရေးသားပြုစုပေးရန်
တောင်းဆိုလေသည်။ ဆောင်ပုဒ်သည်ကား လက်စွပ်တစ်ကွင်းပေါ်မှာ ရေးထွင်း၍ရလောက်အောင်လည်း
တိုရမည်၊ အောင်မြင်စဉ်မှာရော နိမ့်ပါးစဉ်မှာပါ သုံးစွဲနိုင်တာမျိုးလည်းဖြစ်ရမည်ဟု
သူကဆိုသည်။ မှူးမတ်တွေဆောင်ပုဒ်အမျိုးမျိုး တင်လျှောက်ကြသည်။ ရှင်ဘုရင်က လက်မခံ။ အားလုံးကိုပယ်ချသည်။
နောက်ဆုံး သမီးတော်က သူမရွေးချယ်ထားသည့်ဆောင်ပုဒ်ကို မြလက်စွပ်တစ်ကွင်းပေါ်တွင်
ရေးထွင်းပြီး ဆက်သတော့မှ ရှင်ဘုရင် နှစ်သက်သဘောကျသွားသည်ဟု ဆိုသည်။
ထိုဆောင်ပုဒ်သည်ကား ‘ဒါလည်း ပြီးသွားမှာပါ’ ဟူ၍ ဖြစ်သည်။ အင်္ဂလိပ်လိုတော့ This,
too, will pass ဟူ၍ ဖြစ်သည်။
ထိုစာသားလေးသည် လူတော်တော်များများပါးစပ်များတွင် သုံးစွဲပြောဆိုနေကြသော်လည်း ရိုးမသွားနိုင်ပေ။ အလွန်တန်ဖိုးရှိသော စကားပင်ဖြစ်၏။ လူအများစုသည် လူမူရေး၊ စီးပွားရေး၊ ကျန်မာရေး စသောအကြောင်းတစ်စုံတစ်ခုကြောင့် စိတ်ထဲ၌ တနုံ့နုံ့ခံစားနေရသည့်အခါမျိုတွင် ထိုစကားလေးခေါင်းထဲပေါ်လာလျှင် စိတ်ထဲပေါ့ပါးသွားတတ်သည်။
တဖန်
ချီးမွမ်းခုနှစ်ရက်၊ ကဲရဲ့ခုနှစ်ရက်ဆိုသည့်စကားသည်လည်း လောကဓံတရားကို
ကြံ့ကြံ့ခံနိုင်စွမ်းရှိရန် အားပေးသည့်စကားပင်ဖြစ်၏။ လူတို့၌ လုပ်မှား၊ ကိုင်မှား
ရှိတတ်ကြသည်။ အလုပ်များများလုပ်သူသည် အမှားဖြစ်တတ်သည်။ ဘာမျှမလုပ်ဘဲထိုင်နေသူနှင့်စာလျှင်
အလုပ်လုပ်၍ မဖြစ်စလောက် မှားသူက တန်ဖိုးရှိသည်။ သို့သော် နောက်ထပ်မမှားအောင်
ကြိုးစားဖို့က အလုပ်လုပ်သူတွင် တာဝန်ရှိသည်။ မည့်သို့ပင်ဖြစ်စေ လောကဓံတရားကို
ကြံ့ကြံ့ခံနိုင်စွမ်းရှိဖို့လိုသည်။
သို့ဖြစ်ပါ၍
လူတို့သည် လောကဓံတရားကို တစ်နေ့မဟုတ်တစ်နေ့ ကြုံတွေ့ရမည်ဖြစ်ပါသည်။ လောကဓံသည်
ကောင်းတာဖြစ်ချင်ဖြစ်မည်၊ ဆိုးတာဖြစ်ချင်ဖြစ်မည်။ မည့်သို့ပင်ရှိစေကာမူ လောကဓံကို
ကြံ့ကြံ့ခံနိုင်စွမ်းရှိဖို့လိုပါသည်။ This, too, will pass (ဒါလည်းပြီးသွားမှာပါ)
ဆိုသော စကားသည် လောကဓံကို ရင်ဆိုင်နေသူများအတွက် ဖြေသိမ့်စရာစကားတစ်ခွန်းဖြစ်လိမ့်မည်ဟု
ယုံကြည်မိပါသည်။
Posted by စိုးမင်းခိုင်
No comments:
Post a Comment