Friday, September 09, 2011

သက်သောင့်သက်သာရှိသောနေရာ

ဘဝအခြေ မတိုးတက်ခြင်းမှာ မိမိစိတ်သက်သောင့်သက်သာရှိသောနေရာ (Comfort Zone) တွင် ပိတ်မိနေသောကြောင့် ဖြစ်သည်။ လက်ရှိထက် မြင့်မားတိုးတက်လိုလျှင် Comfort Zone ကို ချဲ့ရမည်၊ သို့မဟုတ် Comfort Zone မှ ထွက်ကြည့်ရမည်။
လုပ်နေကျ၊ တွေ့နေကျဖြစ်သဖြင့် သက်သောင့်သက်သာရှိနေသော စိတ်နယ်မြေကို Comfort Zone ဟု ခေါ်ဆိုခြင်းဖြစ်သည်။ လုပ်နေကျအလုပ်ကို လုပ်ရလျှင်၊ သွားနေကျလမ်းကိုသွားရလျှင်၊ တွေ့နေကျ လူကိုတွေ့ရလျှင် စိတ်သည် သက်သောင့်သက်သာ ဖြစ်နေသည်။ တစ်နည်းစိတ်သည် Comfort Zone တွင်းရောက်နေသည်။ မလုပ်ဖူးသော အလုပ်၊ မသွားဖူးသောလမ်း၊ မကြံဖူးသောအကြံကို ကြံလျှင် စိတ်မသက်သာဖြစ်လာပြီ။ ယင်းမှာ Comfort Zone တွင်းမှ ထွက်လိုက်သောကြောင့် ဖြစ်သည်။ မိမိပိုနှစ်သက်သောအလုပ်၊ ပိုကောင်းသောအကြံတို့နှင့် ကြုံဆုံရသော်လည်း Comfort Zone တွင်းမှ ထွက်ရမည်ကို စိုးရိမ်သောကြောင့် လုပ်နေကျအလုပ်၊ သွားနေကျလမ်းကိုသာ သွားနေတတ်ကြသည်။
လူတွင် Comfort Zone သည် အလွန်အသုံးဝင်သော အချက်ပြဖြစ်သည်။ ရှေးဦးလူများဆိုပါစို့။ သွားလာနေကျ တောမဟုတ်ဘဲ အခြားတောသို့ ရှေးဦးလူများ ရောက်သွားကြလျှင် စိတ်မသက်သာဖြစ်လာကြသည်။ အဘယ်ကြောင့်နည်း။ ရေသစ်မြေသစ် တောတောင်သစ်၊ စိတ်မသက်သာဖြစ်လာသည်နှင့် သူတို့ ပိုမိုသတိထားလာကြသည်။ မျက်စိဖွင့် နားကိုစွင့်သည်၊ အာရုံတို့ နိုးကြားလာသည်။ အန္တရာယ်တို့ကို စူးစမ်းနိုင်သည်။ စိတ်မသက်သာဖြစ်ခြင်းသည် ရှေးဦးလူတို့၏ အသက်များစွာကို ကယ်တင်နိုင်ခဲ့သည်။ စိတ်သက်သာနေလျှင် နေရာသစ်ရှိ အန္တရာယ်တို့ကို ကျော်လွှားနိုင်မည် မဟုတ်။ မိမိနေနေကျ တောတောင်တွင်မူ စိတ်မသက်မသာမဖြစ်။ ဖြစ်စရာလည်းမလို။ ရေမြေတောတောင်၏ အထာအကြောကို ကျွမ်းကျင်ပြီးသား။ သားရဲကောင်တို့၏ အလေ့အထကို နားလည်ပြီးသား။ Comfort Zone သည် လူတို့၏ဦးနှောက်ထဲတွင် ရှေးအတီတေကတည်းက ပါလာခဲ့သည့် အစိတ်အပိုင်းဖြစ်သည်။
          Comfort Zone အကြောင်းကို ခရီးထွက်လျှင် သတိထားမိကြမည်။ နိုင်ငံခြားခရီးထွက်လျှင် ပိုသိသာသည်။ မိမိကျင်လည်နေကျ မဟုတ်သည့် ဒေသသို့ရောက်သွားလျှင် စိတ်မသက်မသာစဖြစ်ပြီ။ ဦးနှောက်တို့ သိသိသာသာ နိုးကြွှားလာသည်။ လမ်း၊ နေရာ၊ ဟိုတယ်၊ စတိုးဆိုင် အသေးစိတ် ခေါင်းထဲထည့်ရသည်။ နို့မဟုတ် မျက်စီလည် လမ်းမှားမည်။ တွေ့သည့်လူတို့ကို ယခင်ကထက် ပိုမိုသတိထား အကဲခတ်မိသည်၊ လိမ်လည်မည့်သူလား၊ ရန်ပြုနိုင်သူလား၊ သာမန်လူလား။ မိမိဒေသတွင်ကား မျက်စိမှိတ် သွားရနိုင်သည်။ မှတ်သားရန် မလို။ သွားနေကျနေရာတွေ မဟုတ်လား။ ထို့ကြောင့် ဦးနှောက်တို့ မလန်းဆန်း။ ခရီးထွက်လိုက်လျှင် ဦးနှောက်ရွှင်၊ ဉာဏ်ရွှင် တတ်ကြသည်မှာ ထိုသဘောပါသည်။ ခရီးဝေးဝေးလံလံထွက်ခြင်း ဆိုသည်မှာ Comfort Zone အတွင်းမှ ထွက်ခြင်းတစ်မျိုးပင်။
          Comfort Zone ကို ချဲ့ရင်းချဲ့ရင်းဖြင့် လူတို့၏ စွမ်းရည်သည် တိုးတက်မြင့်မားလာသည်။ ကလေးဘဝမှစကာ လူတို့သည် မိမိတို့၏ Comfort Zone ကို ချဲ့လာကြသည်။ တွားသွားသောကလေးအတွက် မတ်တတ်ရပ်ခြင်းသည် သက်သောင့်သက်သာမရှိ။ သို့သော် ထို့သို့မသက်မသာဖြင့်ပင် ကြိုးစားမတ်တက်ရပ်သည်။ လဲကျလိုက် ပြန်ရပ်လိုက်ဖြင့် နောက်ဆုံးတွင် မတ်တတ်ရပ်နိုင်သွားသည်။ နောက်ဆုံးတွင် မတ်တတ်ရပ်ဖို့ အထွေထွေကြိုးစားရန် မလိုတော့။ ထိုအခါတွင် မတ်တတ်ရပ်ခြင်းသည် ထိုကလေး၏ Comfort Zone အတွင်းသို့ ရောက်သွားသည်။ တစ်နည်းပြောလျှင် Comfort Zone ကျယ်လာသည်။ ထို့နောက် လမ်းစမ်းလျှောက်သည်။ ထို့နောက် ပြေးသည်။ ထိုသို့ဖြင့် ကလေး၏ Comfort Zone ကျယ်သည်ထက်ကျယ်လာသည်။ ထိုသို့ ကျယ်လယ်သည်နှင့်အမျှ ထိုကလေးငယ်သည် လူတစ်ယောက်အသွင် ပိုမိုပီပြင်လာသည်။
          မိမိလိုချင်သော တစ်စုံတစ်ခု မိမိ၏ Comfort Zone အပြင်ဘက်တွင် ရှိနေသည်ဆိုပါစို့။ Comfort Zone အပြင်ဘက်သို့ ထွက်ကာ ရယူခြင်းမှလွဲလျှင် အခြားဖြတ်လမ်းနည်းမရှိ။ လှပသော အမျိုးသမီးများနှင့် စကားမပြောရဲလျှင် ထိုအမျိုးသမီးတို့နှင့် ချစ်ကျွမ်းမဝင်နိုင်။ အသည်းစွဲဖြစ်နေပြီဆိုလျှင် စကားပြောမှသာ ဖြစ်ပေလိမ့်မည်။ ထိုအခါ မိမိ၏ Comfort Zone အပြင်သို့ မရမကထွက်ပြီး စကားပြောကြည့်ရမည်။ အောင်မြင်ပြီဆိုလျှင် လှပသောအမျိုးသမီးများနှင့် စကားပြောခြင်းသည် မိမိ၏ Comfort Zone အတွင်းသို့ ရောက်လာပြီ။ အချို့က လူရှေ့သူရှေ့ စကားထွက်မပြောရဲ။ ထွက်မိလျှင် ဒူးတုန်၊ လက်တုန် အယောင်ယောင်အမှားမှား ဖြစ်တတ်သည်။ လူအများရှေ့ စကားထွက်ပြောခြင်းသည် သူတို့၏ Comfort Zone အပြင်ဘက်တွင်ရှိသည်။ အများရှေ့ စကားအလွန်ပြောတတ်လိုပါက ထွက်ပြောရန်ကလွဲလျှင် အခြားလမ်းမရှိ။
          Comfort Zone တွင်းမှ ထွက်လိုသော်လည်းကောင်း၊ ထွက်လျှင် အကျိုးရှိမည်မှန်းသိသော်လည်း မထွက်ကြခြင်းမှာ စွန့်စားရသောကြောင့်ဖြစ်သည်။ မရေရာမသေချာမူများ ထိုဇုန်အပြင်ဘက်တွင် ရှိနေသည်။ မိမိနှင့်နေသားကျနေသည့် အရာများနှင့်ဆိုလျှင် လုံခြုံစိတ်ချရသည်။ အထူးအထွေ ပူပင်ရန်မရှိ။ ပုံမှန်အတိုင်း လုပ်သွားရုံသာ။
          Comfort Zone မှ ဝုန်းခနဲ မထွက်ရဲလျှင် စမ်းစမ်း စမ်းစမ်းနှင့် ထွက်ကြည့်နိုင်သည်။ လူအများရှေ့တွင် စကားမပြောရဲ ဆိုပါစို့။ မှန်ရှေ့တွင် အရင်ကျင့်ရမည်။ ထို့နောက် ရင်းနှီးသော သူငယ်ချင်းတစ်ဦးကို ပြောဟောကျင့်ရမည်။ ထိုမှသည် သူငယ်ချင်း သုံးလေးယောက်ကို ပြောရမည်။ ထိုနည်းဖြင့် နောက်ဆုံး မိမိနှင့် သူစိမ်းတစ်ရံဆံ ပရိသတ်ကို ဟောပြောရမည်။ ထိုသို့ Comfort Zone နှင့်နီးနီးထွက်ရာမှ ခပ်လှမ်းလှမ်းသို့ရောက်အောင် တစ်ဆင့်ပြီးတစ်ဆင့်သွားပါက အောင်မြင်နိုင်သည်။
          မိမိ၏ Comfort Zone ကို ချံ့လိုလျှင် ထို Comfort Zone ပုံပန်းသဏ္ဍန်၊ အကျယ်အဝန်းကို ဦးစွပထမ တိုင်းတာရမည်။ တိုင်းတာလိုလျှင် မိမိကြောက်သောအရာများကို စဉ်းစားလိုက်ရုံ။ အင်္ဂလိပ်လိုပြောရမှာ ကြောက်သလား၊ တစ်ယောက်တည်း ခရီးထွက်ရမှာကြောက်သလား၊ အကျိုးသင့်အကြောင်းသင့် ချက်ကျလက်ကျ ရှင်းပြရမှာကို ကြောက်သလား၊ ဖုန်း၊ တီဗီ စသည့် အီလက်ထရောနစ်ပစ္စည်းများကို ကိုင်တွယ်ရာမှာ ကြောက်သလား၊ “....ကို.....ကြောက်သလား”ဟု အဖြေထုတ်နိုင်လျှင် မိမိ၏ Comfort Zone ကို မြေပုံထုတ်နိုင်ပြီ။ ထိုအရာများကို တစ်ခုပြီး တစ်ခု စမ်းလုပ်ကြည့်လျှင် မိမိ၏ Comfort Zone ကျယ်သည်ထက်ကျယ်လာမည်။ မိမိကြောက်သော အရာများလည်း ထပ်မံတွေ့ရှိလာရမည်။ စက်ဘီးစီးရန် မကြောက်တော့သော်လည်း ဆိုင်ကယ်မစီးရဲသေး။ ဆိုင်ကယ်စီးရဲသော်လည်း မြင်းမစီးရဲ။ ကိစ္စမရှိ။ မိမိအတွက် တကယ်လိုအပ်လျှင် ယင်းတိုကို ဇုန်အတွင်းရောက်အောင် ပို့ရုံ။
          လူသာမန်တို့ လုပ်နိုင်ခဲသောအလုပ်ကို လုပ်ဆောင်ခဲ့သူများသည် မိမိ၏ Comfort Zone အပြင်ဘက်သို့ မရရအောင် ထွက်ခဲ့သောသူများဖြစ်သည်။ သခင်အောင်ဆန်းသည် နိုင်ငံလွတ်မြောက်ရေးအတွက် တရုတ်ပြည်သို့ သင်္ဘောစီးကာ ထွက်ခဲ့စဉ်က နိုင်ငံခြားသို့ လုံးဝမရောက်ဖူးသောအလုပ်ကို လုပ်သူတိုင်းသည် Comfort Zone အပြင်သို့ ထွက်ခဲ့ရသည်ချည်းဖြစ်သည်။ ဧဝရက်တောင်ထိပ်သို့ တက်ခဲ့သူ၊ လေယာဉ်ပျံတီထွင်သူ စသူ စသူတိုင်းသည် စိတ်မသက်မသာဖြစ်ရက်နှင့် ဇွတ်နှစ်ခဲ့သူများ ဖြစ်သည်။
          Comfort Zone ကို ချဲ့လာနိုင်သည်နှင့်အမျှ လူးသားမျိုးနွယ်သည် တိုးတက်လာခဲ့သည်ကို လူ့သမိုင်းတွင် တွေ့ရသည်။ ကုန်သွယ်လမ်းကြောင်းသစ်ရှာရင်း အမေရိကတိုက်အပါအဝင် ရေသစ်မြေသစ်များ တွေ့ရှိခဲ့သည်။ အာကာသတွင်းသို့ လူသားများ ရောက်ရှိခြေချခဲ့သလို သမုဒ္ဒကြမ်းပြင်သို့တိုင် ဆင်းသက်နိုင်ခဲ့သည်။ နည်းပညာသစ်များ၊ ကုန်ပစ္စည်းသစ်များ၊ အိုင်ဒီယာသစ်များဖြင့် Comfort Zone သည် ကျယ်သည်ထက် ကျယ်လာခဲ့သည်။
          Comfort Zone အတွင်းတွင်နေလျှင် စိတ်သက်သောင့်သက်သာ ရှိသည်။ သို့သော် လိုအပ်လျှင် တထိတ်ထိတ် တလန့်လန့်နှင့်ပင် Comfort Zone အတွင်းမှ အပြင်သို့ မဖြစ်မနေထွက်ရမည်ဖြစ်သည်။
(ရေးသားသူ - ဇေယျသူ၊ The Voice Journal မှပြန်လည်ကူးယူ ဖော်ပြပေးပါသည်။)
Posted by စိုးမင်းခိုင်

2 comments:

ထွန်းမြင့်ဌေး said...

ကျေးဇူးပါပဲဗျာ။ အခု ကျနော် Comfort Zone က ထွက်လိုက်ကတည်း နားကားနေတယ်ဗျ။ S$ 1,800 လောက်နဲ့ လုပ်နေတုန်းက ဘာမှ Stress မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ Company က Follower လောက်ပဲ ခိုင်းတာ။ ကိုယ့်ရှေ့မှာ Senior တွေ ရှိတယ်။ ၃နှစ်ကျော်လုပ်တာတောင် လစာက တစ်ပြားမှ မတိုးဘူး။ ဒါပေမဲ့ အဲဒီ Comfort Zone ထဲက မထွက်ရဲဘူး။ ကျနော် အမျိုးသမီးက လက်ရှိလစာကို မကျေနပ်တော့ Company ပြောင်းစေချင်တယ်။ ကျနော်က Comfort Zone ထဲက မထွက်ရဲဘူးပေါ့။ အခုတော့ လစာက 3K ကျော်လောက်ရပေမဲ့ Comfort Zone အပြင်ဖက်မှာ high pressure တွေ high stress တွေနဲ့ ၅ နှစ်ကျော် သားတစ်ယောက်တာ မရှိရင် ဘုန်းကြီးပဲ ပြန်ဝတ်မိမယ် ထင်တယ်။ နောက်ထပ် Comfort Zone ထဲက ထွက်ဖို့ဆိုတာ အချိန်ယူရပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေက Comfort Zone က ထွက်လိုက်လို့ ဆိုတာ သဘောပေါက်မိပါတယ်။

ဂျစ်တီး said...

ကိုယ့်လူရေ....ထွက်တာက အလွယ်လေးဗျ။ ထွက်လဲထွက်ခဲ့ပြီးပြီ၊ အဲဒီလို Comfort Zone ထဲကို ပြန်ရောက်ဖို့တော့ မလွယ်ဘူး ငါ့လူရ....

Post a Comment