ပြည်ပရောက်   မြန်မာလုပ်သားများ တရားဝင် ငွေလွှဲပို့ရန် ဝန်ဆောင်မှုများကို   ပြည်တွင်းဘဏ်အချို့က ဖေဖော်ဝါရီတွင် စတင်၍ ဆောင်ရွက်ပေးတော့မည်ဖြစ်ကြောင်း   သိရသည်။ ပြည်တွင်း ပုဂ္ဂလိကဘဏ် လေးခုဖြစ်သည့် သမဝါယမဘဏ်(CB ဘဏ်)၊  ကမ္ဘောဇဘဏ်၊  ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)ဘဏ်တို့က  စင်ကာပူ၊  မလေးရှားနှင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း  လုပ်သားများအတွက်  တရားဝင်ငွေလွှဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။  “ကျွန်တော်တို့ ဘဏ်ကတော့ ဖေဖော်ဝါရီ လလယ်လောက်မှာ စင်ကာပူကို   တရားဝင်ငွေလွှဲအတွက် ဝန်ဆောင်မှု စတင်တော့မှာပါ။ အဲဒီအတွက် ပန်နီဆူလာပလာဇာမှာ   ရုံးခန်းကအစ စီစဉ်ပြီးသွားပါပြီ။ မလေးရှားကတော့ ဧပြီလောက်မှ စနိုင်ပါမယ်”   ဟု အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ အုပ်ချုပ်မှု ဒါရိုက်တာ  ဦးရဲမင်းဦးက  ပြောသည်။ “ကျွန်မတို့ ဧရာဝတီဘဏ်ကလဲ ဖေဖော်ဝါရီ  ဒုတိယပတ်လောက်မှာ  လုပ်ဖို့စီစဉ်နေပါတယ်။ ဘဏ်ခွဲပဲ ဖွင့်ဖြစ်မလား၊  ကိုယ်စားလှယ်ရုံးခွဲပဲ  ဖွင့်ဖြစ်မလား ဆိုတာကိုတော့ ဥက္ကဋ္ဌက ခရီးသွားနေတော့  အတိအကျ မသိသေးပါဘူး” ဟု  ဧရာဝတီဘဏ်မှ ဈေးကွက်မန်နေဂျာ ဒေါ်သန်းမြင့်က  ပြောသည်။ CB ဘဏ်က  စင်ကာပူနိုင်ငံ၊ ဧရာဝတီဘဏ်က မလေးရှားနိုင်ငံ၊ ကမ္ဘောဇဘဏ်က   ထိုင်းနိုင်ငံနှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး (AGD)ဘဏ်က   စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် ငွေလွှဲခြင်း လုပ်ငန်းများကို   လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်ပရောက် မြန်မာရွှေ့ပြောင်း   လုပ်သားများအနေဖြင့် ပြည်ပရှိ ပြည်တွင်းဘဏ်များမှ ငွေလွှဲပါက ပြည်တွင်းရှိ   သက်ဆိုင်ရာ ဘဏ်များ၏ ငွေလွှဲကောင်တာများမှတစ်ဆင့် ငွေကြေးပေါက်ဈေး   နှုန်းထားများအတိုင်း လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင်   အစိုးရဘဏ်များကလည်း ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့်   စင်ကာပူနိုင်ငံတို့တွင် ဘဏ်ခွဲများ ဖွင့်လှစ်နိုင်ရန်အတွက်   စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ထုတ်   ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express 
 
 
No comments:
Post a Comment