Friday, November 11, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၉)

Adverbs ဆိုတာ Verb ရဲ့ အဓိပ္ပာယ်ထဲကို ဖြည့်စွက်ပြောပြတဲ့ စကားလုံး၊ ဒါမှမဟုတ် စကားစုဖြစ်တယ်။
He walked quickly.
He walked to the station.
He walked as fast as he could.
ဒီဝါကျ သုံးခုမှာပါတဲ့ quickly, to the station, as fast as he could တို့ဟာ Adverb တွေပါပဲ.။ တစ်ခုက စကားလုံးတစ်လုံးတည်း Adv၊ တစ်ခုက စကားလုံးစု Phrase Adv၊ တစ်ခုက S နဲ့ V ပါတဲ့ Clause Adv.။ အားလုံးဟာ walked ဆိုတဲ့ Verb ကို ဖြည့်စွက် ပြောနေကြတာချည်း။
Adv ဟာ V ကိုတင် ညွှန်းတာမဟုတ်ဘဲ Sentence တစ်ခုလုံးကို ညွှန်းနိုင်သေးတယ်။ ဥပမာ....
Nothing could be done in the circumstances.
အခြေအနေအရ ဘာမှ မလုပ်နိုင်ကြဘူး။
ဒီဝါကျမှာ in the circumstances ဆိုတဲ့ Adv ဟာ could be done ဆိုတဲ့ V သက်သက်ကိုသာ ညွှန်းတာမဟုတ်ဘဲ Nothing could be done ဆိုတဲ့ ၀ါကျတစ်ခုလုံးကို ညွှန်းနေတာ ဖြစ်တယ်။ ဒီလို Adv မျိုးကို Sentence Adv လို့ ခေါ်ရမယ်။ ( တစ်ချို့ကလည်း Sentence Modifier လို့ ခေါ်ကြရဲ့။ )
Sentence Adv တွေကို ၀ါကျနောက်၊ ၀ါကျရှေ့၊ ၀ါကျအလယ် ကြိုက်ရာမှာ အလျဉ်းသင့်သလို လွတ်လွတ်လပ်လပ် ထားနိုင်တယ်။ ဥပမာ အထက်က ၀ါကျကို ..
In the circumstances, nothing could be done. လို့ ရေးလည်း ရပါတယ်။ အဓိပ္ပာယ်အလေး အပေါ့ အနည်းအပါးပဲ ရှိတယ်။
Nothing, in the circumstances, could be done. လို့ ရေးလည်း ရသေးတာပါပဲ။ အလားတူ ...
To our surprise, she had married the rascal.
She had married the rascal to our surprise.
( ဒီဝါကျကို မြန်မာလိုပြန်ရင် Adv သဘောပျောက်သွားမယ်။ ၀ါကျ အဆောက်အအုံကို ပြင်ရမယ်။ “ သူခွေးသူတောင်းစားကို ယူလိုက်သဗျ၊ အံ့ရော ” လို့ ဖြစ်မယ်။ )

Verb တစ်ခုတည်းကို ဖြည့်စွက်ပြောတဲ့ Adv မျိုးကိုတော့ ဒီလို လွတ်လွတ်လပ်လပ် ဟိုရွှေ့ဒီရွှေ့ မလုပ်နိုင်လေဘူး။ He walked fast. ပဲ သုံးရိုးရှိတယ်။ Fast he walked. လို့ သုံးလို့ နေရာမကျပါဘူး။ The fire burnt brightly ပဲ ကောင်းပါတယ်။ Brightly the fire burnt. ဆိုတာမျိုးဟာ ကဗျာမှာ တွေ့ရတတ်ပေမယ့် ပုံမှန်ပြောစကားမှာ၊ စကားပြောမှာ ထုံးစံမရှိပါဘူး။
တစ်ချို့ဝါကျတွေမှာ Adv အနေအထားကြောင့် အဓိပ္ပာယ် အလေးအပေါ့ ဖြစ်သွားရတာမျိုး ရှိပါတယ်။ ဥပမာ …
I have never seen such a huge crowd.
ဆိုတာ သာမန်ကာလျှံကာ ပြောရိုးပြောစဉ် ပြောပြနေတာမျိုးလောက်ပဲ ဖြစ်တယ်.။ အထူး အလေးအနက်သဘော မရှိလှဘူး။
Never have I seen such a huge crowd.
ဆိုရင်တော့ တော်တော်လေး အံသြတဲ့သဘော မကြုံစဖူး ထူးကဲတဲ့သဘောကို အလေးပေး ပြောဆိုတယ်လို့ ဆိုရမယ်။ ( Never ကို ရှေ့ထုတ်ထားရုံမက have I ရယ်လို့ Inversion လုပ်ထားတာကိုပါ သတိပြုပါလေ။ )
Never လို Adv မျိုးဟာ ၀ါကျရဲ့အလယ်မှာ ( ပင်မကြိယာရဲ့ ရှေ့မှာ ) ထားမြဲ ဖြစ်တဲ့အတွက် Mid-Position Adv လို့ ခေါ်ကြတယ်။ အသုံးများတဲ့ ဒီလို Adv မျိုးတွေကတော့ ..
almost
already
completely
hardly
always
seldom
just
merely
nearly
only
never
generally
quite
rather
soon
still
rarely
occasionally
အနားက စကားလုံး ( အထူးသဖြင့် Verb ) နဲ့ တွဲဖက်ယူကာ အဓိပ္ပာယ် အကောက် မှားသွားနိုင်တဲ့အတွက် တစ်ချို့ Adv တွေကို နေရာထားမမှားရအောင် အထူးသတိပြုအပ်တယ်။ ဥပမာ ….
The house needs painting badly.
ဒီလိုဆိုရင် badly ဟာ painting နဲ့ တစ်ဆက်တည်းရှိနေတဲ့အတွက် “ ဆိုးဆိုးရွားရွား ဆေးသုတ်ဖို့ ” လို့ အဓိပ္ပာယ်ထွက်သွားပေလိမ့်မယ်။ သူပြောချင်တာက ဒီလို မဟုတ်ပါဘူး။ ဆေးသုတ်ဖို့ “ အရမ်း ” လိုအပ်နေတယ်လို့ ပြောချင်တာပါ။ ဒီတော့ badly ကို painting နားမှာ မရှိစေပဲ needs ရှေ့နား ထားလိုက်ရမယ်။
The house badly needs painting.
တစ်ချို့စကားလုံးတွေဟာ Adj ဖြစ်နိုင်၊ Adv လည်း ဖြစ်နိုင်တယ်။ ရည်ရွယ်တာက Adv၊ နေရာအထားမှားလို့ Adj ဖြစ်သွားနိုင်တယ်။ ဒါမျိုးကိုလည်း ဆင်ခြင်ရမယ်။
Nearly everybody fainted.
ဒီဝါကျမှာ nearly ဟာ everybody ရှေ့က ကပ်လျှက်ရှိနေတဲ့အတွက် သူ့ကိုညွှန်းနေတယ်ပဲ မှတ်ယူရမှာပါပဲ။ ဒီတော့ “ လူတိုင်းလိုလို ” လို့ အဓိပ္ပာယ်ကောက်ရမယ်။ လူတိုင်းလိုလို မေ့မျောသွားကြတယ်ပေါ့။
Everybody nearly fainted.
ဒီမှာတော့ nearly ဟာ fainted ဆိုတဲ့ V ရှေ့နားမှာ ရှိနေတဲ့အတွက် သူ့ကိုညွှန်းနေတယ်ဆိုရမယ်။ ဒီတော့ အဓိပ္ပာယ်က “ မေ့မျောလုနီးနီး ” ၊ “ မေ့လျော့မတတ် ” လို့ ထွက်သွားတယ်။ လူတိုင်း မေ့မျောသွားမတတ် ဖြစ်ကြရတယ်တဲ့။
The official with the flag made no sign.
ဒီဝါကျမှာတော့ with the flag ဆိုတဲ့ ပုဒ်စုက Noun ဖြစ်တဲ့ official ရဲ့နောက်က ကပ်ပြီး ရှိနေလေတော့ သူ့ကိုညွှန်းတဲ့ Adj လို့ ယူဆရမှာဖြစ်တယ်။ “ အလံနဲ့အရာရှိ ” ၊
“ အလံကိုင်ထားတဲ့အရာရှိ ” က ဘယ်လိုမှ အချက်မပြဘူးတဲ့။
The official made no sign with the flag.
ဒီမှာတော့ with the flag ဟာ ၀ါကျနောက်မှာရှိနေတဲ့အတွက် Adv လို့ပဲ ယူဆရမှာဖြစ်တယ်။ ဒီတော့ အရာရှိဟာ အလံနဲ့အချက်မပြဘူးလို့ အဓိပ္ပာယ်ထွက်သွားတယ်။
တစ်ခါတစ်လေတော့ Adv ဟာ V ကို အထူးပြုနေတာမဟုတ်ဘဲ Adj တစ်ခုကို ဒါမှမဟုတ် တစ်ခြား Adv တစ်ခုကို အားဖြည့်ပေးနေတာမျိုး လုပ်နေတယ်။ အောက်ပါ ၀ါကျတို့ကို လေ့လာကြည့်ပါ။
The prizes were fairly distributed.
ဆုတွေကို မျှမျှတတ ဝေပေးလိုက်တယ်။
( fairly ဟာ Adv ဆိုတာ ရှင်းတယ်။ )
He recovered fairly quickly.
သူ တော်တော်လေး မြန်မြန်နေကောင်းလာတယ်။
( fairly ဟာ quickly ဆိုတဲ့ Adv ကို ပြောနေတာ။ )
They behaved strangely.
သူတို့ ထူးထူးဆန်းဆန်း ပြုမူတယ်။ ( သူတို့လုပ်ပုံဆန်းတယ်။ )
( strangely ဟာ behaved အတွက် Adv )
The enemy were strangely silent.
ရန်သူ ထူးထူးဆန်းဆန်း ငြိမ်ချက်သားကောင်းနေတယ်။
( silent ဆိုတဲ့ Adj ကိုပဲ strangely က အားဖြည့်တယ်။ ) ဒီလို Adv မျိုးဟာ very စတဲ့ intensifiers နဲ့ တူတယ်။ ဒါပေမယ့် ကွာတာက very ကို သူ့ချည်း မသုံးနိုင်ဘူး။ They behaved very. လို့ မသုံးနိုင်ဘူး။ ဒါကြောင့် very နဲ့ ကွဲပြားရလေအောင် fairly, strangely စတဲ့ Adj, Adv နဲ့ တွဲသုံးတဲ့ စကားလုံးတွေကို degree words လို့ တစ်ချို့က ခေါ်ကြတယ်။
V-ing နဲ့ စတဲ့ Phrase, V-ed နဲ့ စတဲ့ Phrase, To နဲ့ စတဲ့ Infinitive Phrase တို့ရော၊ SxV ပါဝင်တဲ့ Clause တို့ကိုပါ အထက်မှာ ဆွေးနွေးခဲ့တဲ့အတိုင်း Adj လား၊ Adv လား ကွဲကွဲပြားပြားဖြစ်အောင် နေရာချထား အသုံးပြုတတ်ဖို့လိုတယ်။
Looking out of the window, the teacher saw the boys.
( ဆရာပဲ ပြတင်းပေါက်ကကြည့်၊ ဆရာပဲ ကောင်လေးတွေကို မြင်တာ။ )
The teacher saw the boys looking out the window.
( ကောင်လေးတွေ ပြတင်းပေါက်က ကြည့်နေတာကို ဆရာက မြင်တာ။ )
Overwhelmed by grief, she sank to the floor.
( သူပဲ ပူဆွေးပြီး ကြမ်းပြင်ပေါ်လဲကျသွားတာ။ )
She fell at his feet, overwhelmed by grief.
( ဘယ်သူပူဆွေးသလဲ သိသာပေမယ့် အငြင်းပွားစရာပဲ။ )
This is essentially a book to study.
( လေ့လာရမယ့် စာအုပ်လို့ပြောတာ။ Adj ပဲပေါ့။ )
He settled down to study.
( လေ့လာဖို့ ထိုင်ချလိုက်တာ Adv ပေါ့။ )
When the war broke out, we were in Kyaukse.
( When နဲ့ စတဲ့ clause ဟာ Adv ဖြစ်တယ်။ )
I remember the year when the war broke out.
( when clause ဟာ year ကို ညွှန်းတဲ့ Adj )
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment