Tuesday, September 20, 2011

Printer အကြောင်း

Printer အကြောင်းလေးကို သိသလောက်ပြောပြချင်ပါတယ်။ Printer အကြောင်းမပြောခင်လေးမှာ Hardware နဲ့ Software ကွဲခြားကြောင်းလေးကို ပြောပြခြင်ပါတယ်။ ကျွန်တော်တို့ Print ကို Software ဖြစ်တဲ့ မျက်စီနဲ့မြင်လို့ရပြီး ကိုင်လို့မရအောင်လဲ ထုတ်လို့ရပါတယ်။ဒီလို ထုတ်တဲ့နေရာမှာ Printer မလိုအပ်ပါဘူး။ ဒါပေမဲ့Hardware ဆိုပြီး မျက်စီနဲ့လဲ မြင်ရအောင်၊ကိုင်တွယ်လို့လဲရအောင် ထုတ်ဖို့အတွက်တော့ Printer လိုအပ်ပါတယ်။ Printer ကို ၁၉၃၈ ခုနစ်မှာ Chester Carlson က dry printing process (သို့) Electrophotography (သို့) လူသိများတဲ့ Xerox လို့ နာမည်အမျိုးမျိုးနဲ့ခေါ်တဲ့ ဒီ Printer လေးကို တီထွင်ခဲ့ပါတယ်။ ဒီ Xerox Printer ဟာဆိုရင် Laser Printer ပေါ်ပေါက်လာဖို့ အဓိကအုတ်မြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ၁၉၅၃ ခုနှစ်မှာ Universal Automatic Computer (UNIAC) ဆိုတဲ့ Computer မှာအသုံးပြုဖို့ ပထမဦးဆုံး high-speed printer ကို Remington-Rand ကထီတွင်ခဲ့ပါတယ်။ ဒီလိုဘဲအခု ခေတ်ကာလမှာလဲ Printer တွေက အမျိုးအစားအမျိုးမျိုး၊ Company မျိုးမျိုးကနေပြီးတော့ နာမည်အမျိုးမျိုးနဲ့ ထုတ်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒီ  Printer  အမျိုးအစားအမျိုးမျိုး၊ Company အမျိုးမျိုးတွေအကြောင်းကို ရှင်းမပြတော့ဘဲ အားလုံးကို ခြုံပြီးရှင်းပြခြင်းပါတယ်။
Printer မှာအဓိက Main အနေနဲ့ (၄)မျိုးရှိပါတယ်။ ဒီလေးမျိုးကတော့ Laser, Dot-Matrix, Ink-Jet or Bubble-Jet, Dye-sublimations printers ဆိုပြီးရှိပါတယ်။

ရှင်သီဝလိ (ထေရုပ္ပတ္တိ)

ဗုဒ္ဓဘာသာဝင်များက ရှင်သီဝလိကို ကိုးကွယ်ပူဇော်လျှင် အရောင်းအ၀ယ် ကောင်းသည်။ လာဘ်လာဘ ပေါများသည်ဟု ယုံကြည်ရင်းစွဲ ရှိကြသည်။ ယင်းသို့ယုံကြည်သည့်အလျောက် ရှင်သီဝလိပုံတော်ကို ထုလုပ်ကိုးကွယ်၍ အဆောင်ကောင်းအဖြစ် သွားလေရာသို့ ယူဆောင်သွားကြသည်။ ရှင်သီဝလိဆိုသည်မှာ လာဘ်လာဘ ဖွံ့ဖြိုးသော ရဟန္တာတပါးဖြစ်ကြောင်းကိုမူ အားလုံးက သိထားကြ၏။ ရှင်သီဝလိနှင့်ပတ်သက်၍ တောင်းခဲ့သော ဆု၊ ပြုခဲ့သော ကုသိုလ်၊ ကျူးလွန်ခဲ့သော အပြစ်၊ စံစားရသော အကျိုးပေး၊ ခံစားရသော ဒဏ်ချက်များကိုလည်း အပြည့်အစုံ လေ့လာမှတ်သားဖို့ ကောင်းပေသည်။

( တောင်းခဲ့သော ဆု)
ရှင်သီဝလိ အလောင်းတော်သည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်၌ လာဘ်လာဘအရာ၌ ဧတဒဂ်ဘွဲ့ ပေးခဲ့ရသော ရဟန်းတပါးကို အားကျပြီး ထိုဧတဒဂ်မျိုး ရလိုကြောင်း ပဒုမုတ္တရဘုရားထံ ဆုတောင်း၍ ပါရမီကို စတင်ဖြည့်ခဲ့လေသည်။

(ပြုခဲ့သော ကုသိုလ်)
ဝိပဿီမြတ်စွာဘုရား လက်ထက်သို့ ရောက်သောအခါ ကျေးလက်ဇနပုဒ်တခု၌ အညတရ တောသားတဦး ဖြစ်ခဲ့ရ၏။ ထိုအချိန်၌ ဗန္ဓုမတီမြို့သူ မြို့သားတို့က ဗန္ဓုမတီမင်းကြီးနှင့် သူနိုင်ငါနိုင် အပြိုင်ကြဲ၍ ဒါနပွဲကို ဆင်နွှဲနေချိန်ဖြစ်၏။ ၆-ကြိမ်တိတိ ဘုရင်ကလည်း ပြည်သူတွေကို နိုင်အောင်မလုပ်နိုင်။ ပြည်သူတွေကလည်း ဘုရင်ထက်သာအောင် မလုပ်နိုင်။ အားပြိုင်၍ နေလေ၏။ ၇-ကြိမ်မြောက် ဒါနပြိုင်ပွဲတွင်မူ ပြည်သူများဘက်မှ ထူးခြားချက်တခု ဖြစ်ပေါ်လာလေသည်။

Monday, September 19, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၁)

နာမ်ပုဒ်စု
ဝါကျဆိုတာ စကားလုံးအစုကလေးတွေနဲ့ တည်ဆောက်ထားတာ ဖြစ်တယ်။ ဒီအစုကလေးတွေကို ကတ္တားနဲ့ ကြိယာရယ်လို့ နှစ်ပိုင်းပိုင်း
နိုင်တယ်ဆိုတာကို တင်ပြခဲ့ပြီးပါပြီ။ ကတ္တားမှာ စကားလုံးတစ်လုံးတည်လဲ ပါချင်ပါမယ်။ အစုတစ်ခု ဖြစ်ချင်လည်း ဖြစ်နေမယ်။
( ကြိယာလည်း အလားတူ ) ဆိုတာကိုလည်း ပြခဲ့ပြီး။ ကတ္တားဟာ စကားလုံးတစ်လုံး၊ ဒါမှမဟုတ် စကားလုံးတစ်လုံးကို တည်ပုဒ် ( Head-word or head ) အဖြစ်ထားပြီး သူ့ကို ၀န်းရံနေတဲ့ ပုဒ်စုတစ်ခု ၀ါ ပုဒ်စုများ ပါဝင်တယ်..။ ဥပမာ....
Flowers....................................die.
Beautiful flowers......................die.
Flowers in the garden..............die.
Flowers that smell sweet..........die.
ဒီဝါကျတွေမှာ ပထမကတော့ ကတ္တားဟာ စကားလုံးတစ်လုံး၊ ကြိယာက စကားလုံးတစ်လုံးပဲ ပါရှိတယ်။ ဒုတိယမှာတော့ Flowers ဆိုတဲ့ တည်ပုဒ်နဲ့ သုံးလုံးတစ်စု ၀ိသေသန ( in the garden ) ပါတယ်။ တတိယမှာလည်း အလားတူ တည်ပုဒ်နဲ့ ၀ိသေသနနဲ့ စကားလုံးစုပါဝင်တယ်။
ကြိယာပုဒ်စု
ကတ္တားနည်းတူပဲ ကြိယာဟာလည်း စကားလုံးတစ်လုံးတည်း ဖြစ်နိုင်တယ်။ တည်ပုဒ်စကားလုံးနဲ့ သူ့ကို သိုင်းဝိုင်းထားတဲ့ စကားလုံးလေးများရဲ့ အစုဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကြိယာအစုဟာ နာမ်အစုနဲ့ မတူတာကတော့ စကားလုံး လေးငါးလုံးထက် မပိုတတ်တာပါပဲ။
( ကြံဖန်ပြောမယ်ဆိုလျှင်တော့ ဒီထက်မက ကြိယာအရှည်ကြီး ဖြစ်နိုင်တာပါတယ်။ ဒါပေမယ့် သုံးလေ့မရှိပါဘူး။ )
Flowers die.
Flowers will die.
Flowers ought not to die.
Flowers might not have died.
Flowers will go on dying.
နမူနာ ၀ါကျတွေမှာ ပထမတစ်ကြောင်းသာ ကြိယာက စကားတစ်လုံးတည်း ပါတာတွေဖြစ်ပြီး၊ ကျန်တာတွေမှာ ကြိယာဟာ die ဆိုတဲ့ တည်ပုဒ်နဲ့ စကားလုံးကလေးများ ဖွဲ့စည်းထားတဲ့ အစုဖြစ်တယ်။
come, go ဆိုတဲ့ ကြိယာခြေခံနဲ့ in, on, of, out, up စတဲ့ နိပါတ်ပုဒ်များ တွဲသုံးရာမှ ဖြစ်လာတဲ့ Phrasal Verbs ကို ကြိယာ ( ၀ါစက ) တစ်ခုတည်းလို့ ယူဆရမှာပါ။
She came in.
( ကတ္တား She၊ ကြိယာက came in )
She came in a taxi.
( ကတ္တား She၊ ကြိယာ came သာလျှင် ဖြစ်တယ်။ in က in a taxi လို့ အစုတစ်စု ဖြစ်တယ်။ )
အပိုင်းသုံးပိုင်းပါ ၀ါကျ
အခုထိဟာ အပိုင်းနှစ်ပိုင်း ( ကတ္တားနဲ့ ကြိယာ ) ၀ါကျများချည်း ဖြစ်ပါတယ်။ အောက်ပါ ၀ါကျများကို လေ့လာကြည့်ပါ။

Saturday, September 17, 2011

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ

Pass! (ထားလိုက်ပါ/ရှိပါစေ)
You say pass! in an informal context when you cannot or do not want to answer a question.
(Pass(ထားလိုက်ပါတော့ /ရှိပါစေတော့ )ကို မေးခွန်းတစ်ခုခုကို မဖြေနိုင်တဲ့အခါ (သို့) မဖြေချင်တဲ့အခါ အသုံးပြုပါတယ်။)
'How can Jim possibly prefer Sue to his beautiful wife?'
( ဘယ်လိုလုပ်ပြီး ဂျင်(မ)(Jim)ဟာ ချောမောလှပတဲ့ သူ့မိန်းမထက် ဆူ(Sue)ကို ပိုပြီးတော့ နှစ်သက်နေရတာလဲ?)
'Pass!
It seems unbelievable.'
(ယုံချင်စရာ မကောင်းပေမဲ့လည်း ထားလိုက်ပါ!။)
'Do you think Tom's a good workman?'
တွမ်(Tom)ဟာ လုပ်သားကောင်းတစ်ယောက်လို့ မင်းထင်လား?)
'Pass!
He's my brother-in-law.'
(ထားလိုက်ပါ!။ သူဟာငါ့ရဲ့ ယောက်ဖပါ။)
The expression pass! comes from a quiz or a game show where a contestant cannot answer a question. (Pass ! ဟူသော အသုံးအနှုန်းသည် ပါဝင်ယှဉ်ပြိုင်သူ တစ်ဦးဦးက မေးခွန်းကို မဖြေနိုင်သော ပဟေဠိ (သို့) ကစားနည်း အစီအစဉ်တစ်ခုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။)

Take it from me (ငါပြောတာကိုယုံ)
You say take it from me when you ask someone to believe or accept what you say:
(take if from me(ငါပြောတာကိုယုံ) ကို တစ်စုံတစ်ယောက်အား သင်ပြောသည်ကို ယုံကြည်လာစေရန် (သို့) လက်ခံလာစေရန် တိုက်တွန်းရာတွင် ပြောသည်)
Take it from me. Anne is not to be trusted.
(ငါပြောတာကိုယုံ၊ Anne (အန်း(န))က ယုံကြည်လောက်စရာ မရှိဘူး။)
Take it from me. Jack will be a famous actor one day.
(ငါပြောတာကိုယုံ။  Jack (ဂျက်) က တစ်နေ့ကျရင် နာမည်ကြီး မင်းသား ဖြစ်လာလိမ့်မယ်။)

I'll tell you what! (ငါပြောပြမယ်!)
You use I'll tell you what! when you wish to suggest something: (I’ll tell you what (ငါပြောပြမယ်) ကို အကြံ တစ်စုံတစ်ခု ပေးလိုလျှင် သုံးသည်)
'It's Dad's birthday next week and I can't think what to give him.'
(နောက်တစ်ပါတ်ဆို အဖေ့မွေးနေ့ပဲ။ သူ့ကိုဘာပေးရမလဲ စဉ်းစားလို့မရသေးဘူး။)
I’ll tell you what!
We could give a surprise party for him.'
(ငါပြောပြမယ်! သူ့ကို မထင်မှတ်ထားတဲ့ ပါတီလုပ်ပေးလိုက်ရအောင်။)
'I've asked some people to dinner tonight and I can't think what to cook for them.
( လူအနည်းငယ်ကို ညစာစားဖို့အတွက် ဒီည ငါဖိတ်ထားတယ်။ ငါဘာချက်ပေးရမလဲ မသိသေးဘူး။)
‘I”ll tell you what! Let's
have a barbecue!'
ငါပြောပြမယ်! အသားကင် လုပ်စားရအောင်!)

What a thought! (စိတ်ညစ်လိုက်တာ)
You say what a thought! when you refer to what you think is a very unpleasant  idea.
(What a thought! (စိတ်ညစ်လိုက်တာ) ဆိုတဲ့ အသုံးအနှုန်းကို အကြောင်းအရာတစ်ခုခုသည်  နှစ်သက်စရာမကောင်းဘူးလို့ ယူဆတဲ့အခါမှာ အသုံးပြုပါတယ်။)
'Perhaps your father will marry Sara?'
(မင်းအဖေ ဆာရာ့(Sara) ကို လက်ထပ်ဖြစ်မှာလား?)
'What a thought!
We all dislike her'.
( စိတ်ညစ်လိုက်တာ! သူ့ကို ငါတို့အားလုံးက  ဒီလောက်မုန်းတာ။)
According to the weather forecast we're going to have a long, cold winter.
(မိုးလေ၀သ သတင်းထုတ်ပြန်ချက်အရ ရှည်လျားပြီး အေးတဲ့ဆောင်းရာသီနဲ့ ကြုံရဦးမယ်။)
What a thought!
I think I’ll emigrate to somewhere warm and sunny!')
(စိတ်ညစ်လိုက်တာ! ငါတော့ နွေးပြီး နေသာတဲ့ အခြားတစ်နေရာရာကို ပြောင်းရွှေ့ဦးမှပဲ။)

About time too! (…………ပေဦးမှပဲ )
You say - about time too! When you mean that someone is late or has taken a long time to do something.
(About time too!(............ပေဦးမှပဲ)  ကို တစ်ဦးတစ်ယောက်က အချိန်နောက်ကျပြီး ရောက်လာတဲ့အခါ (သို့) အလုပ်တစ်ခုခုကို အချိန်အကြာကြီးဆွဲ လုပ်တဲ့အခါမှာ အသုံးပြုပါတယ်။)
“ About time too! I thought you were going to miss the train.”
(ရောက်လာပေဦးမှပဲ! မင်းရထား မမှီတော့ဘူးလို့ ထင်နေတာ။)
“I’ve finished digging the garden”.(ပန်းခြံထဲမှာ မြေကြီးတူးလို့ ပြီးပါ ပြီ။)
About time too!
I thought that you would have finished it yesterday.’
(တူးပြီးပေဦးမှပဲ! မနေ့ကတည်းက တူးလို့ပြီးသွားမယ်ထင်နေတာ။)
 Posted by ကိုတူး(မိတ္ထီလာ GTI)

Friday, September 16, 2011

စင်္ကာပူနိုင်ငံရဲ့ ဒုက္ခ

 ဒီအကြောင်းအရာကတော့ စင်္ကာပူဝန်ကြီးချုပ်ဟောင်းနဲ့ ဝါရင့်ဝန်ကြီးရာထူးက တရားဝင်အနားယူသွားပြီးဖြစ်တဲ့ နိုင်ငံရေးဂုရုကြီး Mr Lee Kuan Yew နဲ့ NTU ကမဟာဘွဲ့၊ ဒေါက်တာဘွဲ့ရယူဖို့ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူများရဲ့ ဆွေးနွေးပွဲမှာ အလွန်နာမည်ကြီး သွားတဲ့အကြောင်းအရာတစ်ခုကို The New Paper သတင်းထောက် Koh Hui Theng ရဲ့ ရေးသားချက်ကို ဆီလျှော်အောင်ဘာသာပြန်ဆို ဆွေးနွေးခြင်းဖြစ်ပါတယ်။
၂၀၁၀ စင်္ကာပူရွေးကောက်ပွဲမတိုင်မီထဲက လှုပ်လှုပ်ရွရွနဲ့ ဆူဆူပူပူဖြစ်လာနေတဲ့ စင်္ကာပူအစိုးရရဲ့ နိုင်ငံခြားသားများအလွန်အကျွံလက်ခံနေတဲ့ကိစ္စဟာ အခုချိန်အထိ အေးအေးချမ်းချမ်း မရှိသေးပါဘူး။ ဝန်ကြီးချုပ်အပါအဝင် သက်ဆိုင်ရာဝန်ကြီးများနဲ့ ပါလီမန်အမတ်များဟာ နိုင်ငံခြားသားများအနေနဲ့ စင်္ကာပူစီးပွားရေးဖွံဖြိုးမှုကို ဘယ်လိုအထောက်အကူပြုနေကြောင်း အခွင့်အရေးရလျှင်ရသလို ရှင်းပြမြဲ
ဖြစ်သလို သူတို့နိုင်ငံသားများကလဲ အခွင့်အရေးရလျှင်ရသလို ဆူဆူပူပူ လုပ်မြဲပါပဲ။ ဒီကိစ္စနဲ့ပတ်သတ်ပြီးအခုနောက်ဆုံးပေါ် ပေါ်ပြုလာအတင်းတစ်ခုအနေနဲ့ကတော့ Nanyang Technological University (NTU) မှ Biological Science ဘာသာရပ်ဖြင့် PhD ဒေါက်တာဘွဲ့
ကိုရယူဖို့ စာသင်ကြားနေတဲ့ အသက် ၂၇ နှစ်အရွယ်ကျောင်းသူ စင်္ကာပူနိုင်ငံသူ Ms Joan Sim မှ Mr Lee Kuan Yew ကို မေးမြန်းခဲ့သည့် "အချိန်တိုတိုအတွင်း နိုင်ငံတစ်ပါးမှဝင်လာ၍ အခြေစိုက်နေထိုင်သူ အမြောက်အများစွာကို နေထိုင်ခွင့်ပြုခဲ့ခြင်း၏ အကျိုးသက်ရောက်မှုအနေဖြင့် နိုင်ငံ၏အရည်အသွေးကို ထိခိုက်စေနိုင်သည့်အတွက် What Can We Do to Create A Sense of Belonging and Foster Social Cohesiveness?” ဟုမေးမြန်းခဲ့ခြင်းအပေါ် Mr Lee မှအဖြေကို တိုက်ရိုက်ရိုးစင်းစွာ ဖြေဆိုခဲ့ လိမ့်မယ်လို့ သူမမျှော်လင့်ခဲ့ပါသည်။ ထို့အပြင် အမေးအဖြေ အခြေအနေဖြစ်သည့်အတိုင်း Mr Lee မှလဲ သူမမေးမြန်းခဲ့သည့် အခြေအနေကိုအခြေခံ၍ ပြန်လှန်မေးခွန်းထုတ်လိမ့်မည်ဟု သူမထင်မြင်ခဲ့သော်လည်း ထင်သလိုမဖြစ်လာခဲ့ချေ။

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၀)

နာမ်၊ ကြိယာ၊ နာမ၀ိသေသန စတာလေးတွေကို တစ်လုံးချင်းနဲ့ ပါတ်သက်လို့ ပြောင်းလဲပုံ၊ သုံးနှုန်းပုံ အတော်ကလေးဘက်စုံအောင် လေ့လာပြီးတဲ့နောက် သူတို့ ပေါင်းစပ်ပြီး ၀ါကျဖြစ်သွားပုံကို လေ့လာကြရအောင်။ ၀ါကျဆိုတာ အရိုးအစင်းဆုံး ( Birds fly လို၊ Fish swim လို ) ၀ါကျမျိုးကလွဲလို့ အစုထဲမှာ ထပ်ပြီး အစုကလေးတွေနဲ့ ဆောက်လုပ်ထားတာ ဖြစ်တယ်.။ အဲဒီအစုကလေးတစ်ခုထဲက စကားလုံးတွေဟာ ၀ါကျထဲက တခြားစကားလုံးတွေထက် သူတို့အချင်းချင်းမှ ပိုပြီး ပူးပူးကပ်ကပ် ညီညီညွတ်ညွတ် ရှိနေနိုင်ကြာတာကို တွေ့ကြရတယ်။ အောက်ပါဝါကျတွေကို လေ့လာကြည့်ပါ
The midday meal went on for a long time.
နေ့လယ်စာဟာ အခ်ျိန်အများကြီး ကြာသွားတယ်။
ဒီဝါကျထဲမှာ The midday meal ဆိုတဲ့ အစုထဲမှာ စကားလုံးသုံးလုံး ( The, midday, meal ) ဟာ အချင်းချင်း ပူးပူးကပ်ကပ်ဖြစ်နေတယ်။ တခြား စကားလုံးများဖြစ်တဲ့ went တို့ on တို့ for တို့နဲ့ သက်ဆိုင်ပေမယ့် သူတို့ချင်း ပူးကပ်သလောက် မနီးစပ်ဘူး။ အလားတူပဲ went ဟာ on နဲ့ ပူးကပ်နေတယ်။ for တို့ a တို့နဲ့ သက်ဆိုင်ပေမယ့် ပူးမိစရာ အကြောင်းမရှိဘူး။ for တို့၊ a တို့၊ long တို့၊ time တို့ဟာလည်း သူတို့လေးလုံး အချင်းချင်း ပူးမိသလောက် အခြားစကားလုံးတွေနဲ့ ပူးကပ်စရာမလိုဘူး။ ဒီအစုလေးတွေဟာ အလုပ်တစ်ခုကို ကိုယ်စီကိုယ်ငှ လုပ်နေကြတာမို့ တစ်ခုနေရာမှာ စကားလုံးတစ်လုံးနဲ့ အစားထိုးလို့ ရလေ့ရှိတယ်။ The midday meal ဆိုတဲ့ တစ်ခုအစား lunch စကားလုံးနဲ့၊ went on ဆိုတဲ့ အစုအစား lasted နဲ့ ၊ for a long time ဆိုတဲ့ အစုအစား hours နဲ့ အစားထိုးနိုင်ပါတယ်။ ဒီတော့ ခုနက ၀ါကဟာ Lunch lasted hours. လို့ ဖြစ်သွားမယ်။ ခုနက အစုသုံးစု၊ အခု စကားလုံးသုံးလုံး၊ တစ်စုဟာ စကားလုံးတစ်လုံးနဲ့ တန်းတူရည်တူဖြစ်မှန်း ထင်ရှားသိသာစေတယ်။
You need shoes that will keep out water.
ဒီဝါကျမှာ that will keep out water. ဆိုတဲ့ စကားလုံး အစုအဝေးအစား waterproof လို့ တစ်လုံးတည်း ပြောနိုင်တယ်။
There was no tree to be seen for miles.
ဒီဝါကျဟာလည်း to be seen ဆိုတဲ့ စကားလုံးတစ်စုအစား visible လို့ စကားလုံးတစ်လုံးတည်းနဲ့ သုံးနိုင်ပါတယ်။
အဲလို အချင်းချင်း ခွဲခွာမရ ပူးတွဲနေကြတဲ့ စကားလုံးတွေရဲ့ အစုအဝေးတစ်ပြုံလုံးကို စကားလုံးတစ်လုံးနဲ့ များသောအားဖြင့် အစားထိုးလို့ရတဲ့ အစုအဝေးကို စကားလုံးစု၊ ပုဒ်စု၊ ပဒစယ စသဖြင့် မြန်မာလိုခေါ်ကြတယ်။ အင်္ဂလိပ်လိုမှာ group, phrase, cluster, expression စသဖြင့် ခေါ်ကြတယ်။
စောစောက ဆိုခဲ့တဲ့အတိုင်း ၀ါကျဆိုတာ စကားလုံးအစုတွေနဲ့ စုစည်းဖွဲ့ထားတာ ဖြစ်တယ်။ ခပ်ရှည်ရှည်ဝါကျတစ်ခုမှာ အစုတစ်ချို့ဟာ အခြားအစုထက် တွဲမိတာကို တွေ့ကြရတယ်။ နှစ်စုသုံးစုပေါင်းပြီး အလုပ်တစ်ခုလုပ်နေတယ်။ စကားလုံးတစ်လုံးနဲ့ အစားထိုးနိုင်ပါတယ်။

Thursday, September 15, 2011

အမေ့ပျောက်ခံသွေးရင်း (သို့) တောင်ဘက်အစွန်းက ဂျစ်ပစီများ

ဆလုံတို့၏မူလအစ ..အဆက်

          ဆလုံတွေဘာကြောင့်ရေမှာနေရသလဲ ဆိုတဲ့မေးခွန်းလိုဘဲ နောက်မေးခွန်းတစ်ခုက ဘယ်အချိန်လောက် က စပြီး မြိတ် ကျွန်းစုမှာအခြေချနေထိုင်ကြသလဲ ဆိုတဲ့မေးခွန်းဖြစ်တယ်။ ဒါကိုလည်း ဘယ်ပညာရှင်ကမှတိတိပပ မဖြေနိုင်သေး ပါဘူး။ ဆလုံတွေဟာ ပြောင်းရွေ့လာသူတွေမဟုတ်ဘူး ဒီဒေသ ဖွားတွေသာဖြစ်တယ် လို့ ကောက်ပင် ရိတ်လှီး ပြော တဲ့ပညာ ရှင်တွေ ရှိသလို လူမျိုးတွေအားလုံးဟာ ပြောင်းရွေ့လာတာ ဆိုတဲ့အယူအဆကို ရင်ထဲမှာထုတ်မရသူတွေကတော့ ဆလုံတွေ ဟာ နေရာတစ်ခုခုမှ ပြောင်းရွေ့လာသူတွေ လို့ယူဆနေတုန်းပါဘဲ ....


တခါတုန်းက မြိတ်ဆိပ်ကမ်း

       Caesar Frederick ဆိုတဲ့ အင်္ဂလိပ်တစ်ယောက် ၁၅၆၇မှာရေးတဲ့ မှတ်တမ်းတစ်ခုမှာ တနင်္သာရီ အကြောင်း ဖေါ်ပြ ထားပေမဲ့ ဆလုံတွေအကြောင်း တစ်လုံးတစ်ပါဒမှ မပါခဲ့ဘူး။ တခါ Ferdinand Mendez Pinto ဆိုတဲ့ ပေါ်တူဂီ ၁၅၄၅မှာရေးခဲ့တဲ့ မှတ်တမ်းမှာလည်း မပါခဲ့ပါဘူး၊ ပင်တိုဟာ ၁၅၄၅မှာJun Calon, Merguim, Vagerim, နဲ့ Tavay ဆိပ်ကမ်းတွေကို ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ Tavay ဆိုတာက ထားဝယ် ဖြစ်ပြီး၊ Merguim က မြိတ်မြို့ ကို ရည် ညွန်း မှန်းသိပေမဲ့ Jun Calon နဲ့ Vagerim ဆိုတာ ဘယ်မြို့ဆိပ်ကမ်းကို ဆိုလိုမှန်းမသိပါ။ ပင်တို ရော ဆီဆာ ရော ၂ယောက် စ လုံး ပြောခဲ့တာက မြိတ်ကျွန်းစုမှာ ကျွန်းကြီးကျွန်းငယ်နဲ့ ခိုအောင်းစရာတွေ အရမ်းပေါ်ပေမဲ့ ဘယ်သူမှမရှိဘူး၊ တခါတလ မလေးလှေငယ်လေး တစ်စင်းစ နှစ်စင်းစ တွေ့တာကလွဲရင်လို့ မှတ်သားခဲ့ကြပါတယ်။
       ဒါပေမဲ့ ၁၇၈၃မှာ အင်္ဂလိပ်ရေတပ်ဗိုလ် Captain Forrest ဟာ မြိတ်ကျွန်းစုတစ်ခုလုံး လှည့်လည်သွားရောက်ပြီး ကျွန်တွေနဲ့ ရေကြောင်းအတိမ်အနက်ကို အသေးစိတ် မှတ်တမ်းတင်ခဲ့ပါတယ်။ ၁၇၉၂ထုတ် သူ့ရဲ့ A voyage from Calcutta to Mergui archipelago, lying on the east side of the Bay of Bengal စာအုပ်ထဲမှာ ...
''၁၁ရက် -သောကြာနေ့။ Flat ကျွန်းအနောက်ဘက်ရေပြင်မှာ ရွက်လွင့်ပြေးလွားနေတဲ့ လှေငယ်၂စင်းကို မြင်ရတယ်၊ ရွက် ကတော့ အင်ဒိုနီးရှား အာချေးဒေသက ရွက်တိုင်မျိုး၊ လှေပေါ်မှာ လူ၈ယောက်-၁ဝယောက်လောက်ပါမယ်၊ Flat ကျွန်းနဲ့ Bonnets ကျွန်းကြားက ဖြတ်ဝင်လာပြီး ကျွန်တော်တို့ကိုတွေ့တော့ မြောက်ဘက်လှည့်သွားပြီး Bowen ကျွန်း မော်စွယ် မှာ ကျောက်ချလိုက်ကြတယ်၊ ကျွန်တော်တို့နဲ့တော့ အတော်လှမ်းပါတယ်။ သူတို့ကိုကြည့်ရတာ ကျွန်တော်တို့ကို အ ရမ်းကြောက်လန့်နေပုံပါဘဲ။ သူတို့က ဒီဒေသမှတွေ့ရလေ့ရှိတဲ့ ဗမာ-ထိုင်း-မလေး တွေတော့ ဟုတ်ဟန် မတူဘူး။ ဘယ်လို ဘဲဖြစ်ဖြစ် သူတို့နဲ့စကားပြောဖို့ ကျွန်တော်ကြိုးစားကြည့်မယ်၊ ဒီကျွန်းစုကြီးမှာက စကားပြောဖို့ လူတွေသိပ်ရှိတာမှမဟုတ်တာ၊ ကျွန်တော်ကတော့အရမ်းဝမ်းသာတာဘဲ။'' လို့ရေးသား မှတ်တမ်းတင်ထားပါတယ် ...



ငါးဖမ်းမယ်၊ ခရုငုတ်မယ်

             
              ၁၉ဝ၉မှာရေးထားတဲ့ Carrapiett  ရဲ့မှတ်တမ်းမှာကျတော့ ၁၈၁၉မှာ အနောက်တိုင်းသားတွေဟာ ပင်လယ် ဓါးပြတွေရဲ့ရန်ကို ကြောက်လန့်လို့ ပုံးရှောင်နေတဲ့ လှေပေါ်နေ လူမျိုးစုတွေနဲ့ စကားပြောနိုင်ပြီလို့ ရေးမှတ်ထားပါတယ်။ (ကြည့်ရတာ ဘုရင့်နောင်ရဲ့ပဲခူးကျသွားပြီး မြိတ်ဟာ ထိုင်းတွေလက်အောက်ကျသွားချိန် ယိုးဒယားဘုရင် နာရိုင်းရဲ့ မြိတ်မြို့စား အင်္ဂလိပ်လူမျိုး ဆင်မြူရယ်ဝှိုက်လက်ထက်မှာ ဆလုံတွေအတော်ဒုက္ခရောက်ခဲ့ပုံဘဲ။ ဒီ Simese White ဆိုတဲ့ ဆင်မြူရယ်ဝှိုက် ဟာ မြိတ်မြိုစားလုပ်ရုံတင်မက ဓါးပြပါတိုက်သူမို့ ဆလုံတွေကို သူ့လုပ်ငန်းမှာသုံးမယ်။ နောက်တော့ သူပြေးတော့ ဆလုံတွေ အ သတ်ခံရတာတို့ ဘာတို့ ဖြစ်မယ်ထင်တယ်၊ ဒါကြောင့် ကျွန်းကြိုကျွန်းကြားရှောင်တိမ်းနေတာလည်း ဖြစ်နိုင်တာဘဲ)
၁၉၂၂ မှာရေးတဲ့ ခရစ်ယာန်သာသနာပြု အင်္ဂလိပ်လူမျိုး ဖာသာ
Walter Grainge White ရေးတဲ့ The Sea Gypsies of Malaya စာအုပ်ထဲမှာ ကုန်းဘောင်းခေတ် ဘကြီးတော်ဘုရားလက်ထက်မှာ ဆလုံအချို့ကို ဖမ်းပြီး ထူးဆန်း အရိုင်း အ စိုင်းတွေအဖြစ် မြိတ်မြို့စားက ဘုရင့်ရှေ့တော်မှောက်ပို့ဖူးတယ်။ ဘုရင်က မြန်မာစာနဲ့ ယဉ်ကျေးမှုသင်ပေးပြီး သူတို့ဒေသ မှာ ကြီးပွားအောင် ပြန်လုပ်စေလို့ အမိန့်ချမှတ်ခဲ့ဖူးတယ်လို့ ရေးထားပါတယ်။
           ဘယ်လိုဘဲဖြစ်ဖြစ် ဒီဒေသက မလေးတွေကိုးကွယ်တဲ့ အစ္စလာမ်ဘာသာ ဆလုံတွေ မကိုးကွယ်တာကြည့်ရင် အစ္စလာမ်ဘာသာ ဒီဒေသကိုရောက်တဲ့ အေဒီ ၁ဝရာစု မတိုင်မှီကတည်းက ဒီဒေသကိုရောက်ရှိနေထိုင်နေသူတွေလို့ သိနိုင်သလို၊ မလေးလို သက္ကဋဘာသာ ရောနှောမပြောတဲ့ ဆလုံစကားကိုထောင့်ချင့်ရင် သြော်စတြိုနီးရှန်းတွေရဲ့ ဟန္ဒူအင်ပါ ယာကြီးဖြစ်တဲ့ အေဒီ၃ရာစုက သီရိဝိဇယ (Srivijaya) အင်ပါယာထက်စာပြီးတောင် ဒီဒေသကိုရောက်ချင်ရောက်နေမယ်လို့ မှန်းဆရပါတယ် ...

ဆက်ရန်
Credit to Mokenlay (Myanmar Cupid)
Posted by ဂျစ်တီး

Wednesday, September 14, 2011

ပြည်ပမှ ကားတင်သွင်းခွင့်များ ပေးတော့မည့် မြန်မာပြည်

သက်တမ်းရင့် ကားအိုကား ဟောင်းများအား ပယ်ဖျက်ကာ ကားသစ်များဖြင့် အစားထိုးခွင့် ပြုသွားမည့်အပြင် ပြည်ပမှ ကား တင်သွင်းခွင့်များအား အကန့်အသတ်ဖြင့် ပေးရန်အစီအစဉ်ရှိကြောင်း သတင်းရရှိပါသည်။ 
ပို့ကုန်လုပ်ငန်း၊ ဟိုတယ်ခရီး သွားလာမှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းလုပ်ကိုင်သူများ၊ နိုင်ငံခြားတွင် တရားဝင်သွားရောက်အလုပ် လုပ်နေသူများနှင့် သင်္ဘောသားများ သည် နိုင်ငံတော်ဘဏ်များတွင် တရားဝင်နိုင်ငံခြားငွေစုဆောင်းထားရှိပါက မော်တော်ယာဉ်ဝယ်ယူခွင့် ပါမစ်အား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းအပြင် နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှားနှင့်ထိုင်း နိုင်ငံတို့မှ နိုင်ငံခြားကားထုတ်လုပ်သည့် ကုမ္ပဏီများနှင့်ဆက်သွယ်ပြီး မြန်မာနိုင်ငံတွင် ယာဉ်အရောင်းပြခန်း Show Room များ ဖွင့်လှစ်ရောင်းချနိုင်ရေး ခွင့်ပြုပေးသွား မည်ဖြစ်ကြောင်းသိရသည်။ 
ထိုသို့အရောင်းပြခန်း Show Roomများမဖွင့်လှစ်နိုင်မီသေးမီ ကာလအတွင်း၌မူ ကားအိုကားဟောင်းများ ဖြစ်သည့် မှတ်ပုံတင်သက်တမ်း အနှစ် ၄၀ကျော်ယာဉ်များကို ယာဉ်သစ်များဖြင့် လဲလှယ်ရာ၌ ကားဝယ်ယူခွင့်ပါမစ်များဖြင့်သာ နိုင်ငံခြားမှတင်သွင်းကြရမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။
ထုတ်ပြန်ချက်အရ နိုင်ငံတော်ရှိ အများပြည်သူအနေဖြင့် မော်တော်ယာဉ်အရောင်းပြခန်း Show Room များမှဖြစ်စေ၊ နိုင်ငံခြားမှမှာယူတင်သွင်း၍ဖြစ်စေ မိမိတတ်နိုင်သောငွေကြေးဖြင့် လွတ်လပ်စွာ ၀ယ်ယူ သုံးစွဲခွင့်ရသည်အထိ ဆောင်ရွက်ပေးသွားရန်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ ထုတ်ပြန်ပေးမှုအပေါ် လုပ်ငန်းရှင်များနှင့် စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များတွင်ပါဝင် လုပ်ဆောင်နေသူများက ထင်မှတ်မထားသည့် အပြောင်းအလဲတစ်ခု အားဖြေလျော့ပေးခြင်းဖြစ်၍ ဆက်လက်၍ အများပြည်သူ မျှော်လင့်နေသည့် အပြောင်းအလဲများအတွက်ပါ မျှော်လင့်ချက်ထား၍ ရလာနိုင်ကြောင်း သုံးသပ်ကြသည်။

အမေရိကန် အားကစား လောကထဲ ဝင်ရောက်လာတဲ့ ရွှေမြန်မာများ


ကနေဒါနိုင်ငံ ဗင်ကူးဗား ဘီစီ မြို့က Battle Field Fight League သတ်ကွင်းထဲ ဝင်မလို့ ပြင်နေတဲ့ ကရင် - မြန်မာ အမျိုးသား မိုင်အောင် ( Mai Aung )

         အရင် တစ်ယောက်လိုဘဲ ကနေဒါနိုင်ငံ ဗင်ကူးဗား ဘီစီ မြို့က ကရင် - မြန်မာ အမျိုးသား မိုင်အောင် ( Mai Aung ) ဆိုသူလဲ MMA လို Battle Field Fight League ခေါ်တဲ့ ကနေဒါနိုင်ငံက ပွဲစဉ်တွေမှာ 1-0-0 (Win-Loss-Draw) ရလဒ်နဲ့ စတင် ဝင်ရောက် ထိုးသတ်နေကြောင်း နဲ့ အားကစား လောကထဲက ပြည်ပရောက် ရွှေမြန်မာများ အကြောင်း တင်ပြလိုက် ရပါတယ်။

Credit to Ko Thar Ngel (Facebook)
 Posted by ဂျစ်တီး

Tuesday, September 13, 2011

အမေရိကန် အားကစား လောကထဲ ဝင်ရောက်လာတဲ့ ရွှေမြန်မာများ

         အမေရိကန် နိုင်ငံမှာ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေး လောက ကြေးစားပွဲစဉ်တွေမှာ မြန်မာ့ စပါးကြီးမြွေ ( Burmese Python ) လို့ နာမည်နဲ့ ယှဉ်ပြိုင်နေတဲ့ အသက် ၂၆နှစ်အရွယ် အောင်လ အင်ဆန် (Aung La Nsang) ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက်က ကချင် တိုင်းရင်းသားတဦး ဖြစ်ပါတယ်။ ကျောပြင် ပုခုံးနေရာမှာ “Jinghpaw” လို့ ထင်ရှားစွာ တက်တူး (Tattoo) ရေးထိုးထားတဲ့ MMA မက်ဒယ်လ် ဝိတ်တန်းရှင် အောင်လ ဟာ ရတနာ လုပ်ငန်းရှင် အဖ ဦးအင်ဆန် တူးအောင် နဲ့ အမိ ဒေါ်ရှဒန် နန်ဘူ တို့ရဲ့ မွေးချင်း ၅ ယောက်ထဲက စတုထ္တမြောက် သားရတနာပါ။
         အတန်းပညာကို ရန်ကုန် International School မှာ တက်ရောက် သင်ကြားခဲ့ပြီး၊ ၂၀၀၁ ခုနှစ် အကုန် ၂၀၀၂ ခုနှစ်မှာ အမေရိကားမှာ စတင် အခြေချနေထိုင်၍ အမေရိကန်နိုင်ငံ မစ်ချီဂန် ပြည်နယ်၊ အင်ဒရူးတက္ကသိုလ် ကနေ စိုက်ပျိုးရေး ဘာသာရပ် နဲ့ ဘွဲ့ ရရှိထားသူ ဖြစ်ပါတယ်၊ တက္ကသိုလ် တက်နေစဉ် ကာလ ၂၀၀၅ ခုနှစ်မှာပင် အပျော်တမ်း ကလပ်ပွဲတွေမှာ ယှဉ်ပြိုင် ထိုးသတ်နေခဲ့ပြီး ကြေးစားလက်ဝှေ့ လောကထဲ ဝင်ရောက် လာသူပါ။


 ယခင်အပါတ်က သောကြာနေ့ ည နယူးဂျာစီ ပြည်နယ်၊ အတ္တလန်တစ်မြို့က ကြိုးဝိုင်း သတ်ကွင်းထဲမှ MMA ( Mixed Martial Art ) မယ်ဒယ်ဝိတ်တန်းရှင် အင်ဆန် အောင်လ

         အရပ် ၆ ပေ ၁ လက်မ နဲ့ ခန္ဓာကိုယ် အလေးချိန် ၁၈၅ ပေါင် ရှိတဲ့ အောင်လ ဟာ အမေရိကားမှာ လူသိများတဲ့ MMA ( Mixed Martial Art ) လို့ ခေါ်တဲ့ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေး နယ်ပယ်မှာ ဝင်ရောက် ကစားနေခဲ့တာ အခုဆို သက်တမ်း ခြောက်နှစ်ကျော် ရှိနေပြီ ဖြစ်ပါတယ်။ အောင်လ ရဲ့ အားကစား ရာဇဝင်ဟာ ဂျူဒိုလို ချုပ်ကစားတဲ့ No-Gi  ခေါ် အားကစား ကို ကောလိပ်ကျောင်းသား ဘဝ ၂၀၀၅ ခုနှစ်မှာ စတင် ကစားရာ ကနေ Martial Art ကို ကူးပြောင်း လာသူပါ။ သူဟာ အမေရိကန်တွေက ဘီဂျေဂျေ (B.J.J)လို့ ခေါ်တဲ့ ဂျပန်သိုင်း ကစားနည်း တမျိုးမှ ဆင်းသက်လာတဲ့ ဘရာဇီးလီးယမ်း ဂျူးဂျစ်ဆု (Brazilian Jiu Jitsu) ကို လေ့ကျင့်ခဲ့တာ လေးနှစ်ကျော် ရှိခဲ့ပြီး၊ ထိုင်းနိုင်ငံမှ မွေထိုင်းလက်ဝှေ့ (Muay Thai) ကို လိုက်စားခဲ့တာလည်း သုံးနှစ်ကျော် ရှိပြီလို့ သိရပါတယ်။ ယခုအချိန်မှာ အောင်လ ဟာ MMA Professional အဖြစ် ပြိုင်ပွဲဝင် ထိုးသတ်နေသူ ဖြစ်ပြီး၊ ပရော်ဖက်ရှင်နယ် ကြေးစား လောကမှတ်တမ်း ကတော့ သူ ထိုးသတ်ခဲ့တဲ့ ပွဲစဉ် အလိုက် ၈-၅-၀ (Win-Loss-Draw) လို့ မှတ်တမ်းပြုထားခြင်း ခံရသူပါ။  
        ၂၀၀၈ ခုနှစ်မှာ မေရီလန်င်းပြည်နယ် (Maryland) ဘော်လ်တီမိုးလ်မြို့ ကို ပြောင်းရွှေ့လာခဲ့ပြီး ဘရာဇီးလီယမ်း Crazy 88 လို့ အမည်ရတဲ့ MMA ကလပ်အသင်းတခုမှာ ဝင်ရောက် လေ့ကျင့်နေခဲ့ပါတယ်။ သူအားသန်တဲ့ ဂျူဂျစ်ဆု ၊ မွေထိုင်း တိုက်ကွက်တွေနဲ့ ပရိုလောက ကို ဝင်ရောက်လာခဲ့တဲ့ အောင်လ ဟာ ၂၀၀၅ ခုနှစ် ပွဲဦးထွက် Emerson Rushing  ရှုံးနှိမ့်ခဲ့ပြီး ၂၀၀၆ ခုနှစ် မှာ ၃ပွဲ ဆက်တိုက် အနိုင်ရလာပါတယ်။ အခုချိန်မှာတော့ ၁၃ပွဲ ကစားရာ ၈ပွဲနိုင်နဲ့ အလား အလာ ကောင်းနေ သူပါ၊ သူ နာမည်ရ ထိုးသတ်ခဲ့တဲ့ ပြိုင်ပွဲဟာ မေလ ၂၀၀၉ ခုနှစ် အင်ဒီယားနား ပြည်နယ် (Indiana) မှာ သူ့ထက် ပွဲအတွေ့ အ ကြုံ များပြီး UFC ( Ultimate Fighting Champion ) မှာလည်း ထိုးသတ်ဖူးတဲ့ စစ်ပြန်ဟောင်း ပြိုင်ဖက် ခရစ္စပရိုက်စ် (Chris Price) ကို ပထမ အချီမှာဘဲ သူ့ရဲ့ နာမည်ကျော် Guillotine Choke နဲ့ အနိုင်ယူ နိုင်ခဲ့ပါတယ်။ အဲဒီ နာမည်ရ တိုက်ကွက် ကတော့ ရှေးပြင်သစ်ပြည်မှာ ရှိခဲ့တဲ့ ခေါင်းဖြတ်စက်ကြီးများလို ပမာနှိုင်းကာ သူများခေါင်းကို ကိုယ့်ဂျိုင်းအောက်ထဲ ညှပ်ထဲ့ထားပြီး အသက်ရှု မရအောင် ညစ်ပြီး ချုပ်တိုက်တဲ့ ဂလတင်းချုပ်ဂ် ( guillotine choke ) လို့ခေါ်တဲ့ တိုက်ကွက် တခု ဖြစ်ပါတယ်။  ကြောက်မက်ဖွယ် ကောင်းတဲ့ သူ့ရဲ့ Armbar လက်ချိုးတဲ့ တိုက်ကွက်ကလည်း လျော့ မတွက်သင့်ဖူးလို့ သူ့ ထရိန်နာ ဂျေးဆင် က ဆိုပါတယ်။


 စိတ်လောကြီးလို့ အောင်လ ရှုံးနိမ့်ခဲ့ရတဲ့ ကွန်စတန်တီနို ဖိလစ်ပေါင်း

        ၂၀၁၀ ဒီဇင်ဘာ ၃ ရက်နေ့ နယူးဂျာစီပြည်နယ် အက်တလန်တစ်မြို့ (Altantic City, New Jersey) မှာ ကျင်းပတဲ့ Ring of Combat XXXIII ပြိုင်ပွဲမှာ အောင်လ ဟာ Constantinos Philippou ကို ရှုံးနှိမ့်ခဲ့တာဟာ  UFC ( Ultimate Fighting Champion )  အတန်းဆီ သူတက်ဖို့ နှောင့်နှေးခဲ့ရတဲ့ အတားအဆီး တခုပါ။ “ ဒီပွဲရှုံးတော့ ကျနော် တော်တော် စိတ်ဓါတ်ကျ သွားတယ် ” လို့ အောင်လ က ပြောပြပါတယ်၊ နောက် … အိမ်တွင်းပုန်း နေမိပြီး သူငယ်ချင်းတွေ အတင်း လာခေါ်ထုတ် အပြင်ထွက် လည်စေတယ်၊ နောက် ...  သူ့ အမှားတွေ ကို ထရိန်နာတွေ သူငယ်ချင်းတွေနဲ့ အခုလို အဖြေ ရှာမိပါတယ်။ ကွန်စတန်တီနို ဖိလစ်ပေါင်း ဟာ ပွဲပေါင်း ၁၀၀ လောက် ကစားဖူးသူဖြစ်ပြီး အတွေ့အကြုံ ကြွယ်ဝသူပါ၊ ကျနော် က သူ့ ကိုနိုင်ယင် “တန်း” အပြောင်းအလဲ ရှိတယ်ဆိုတော့ စိတ်လောကြီးပြီး သူ့လက်ရည်ကို Respect မပေး ဘဲ ပြေး ဝင်၊ ပြေးထိုး၊ ပြေးကန် ပါတယ်၊ အခု ကစားနည်းတွေဟာ အား အလွန်ပါပြီး ဘယ်လောက် ကစားခဲ့ ကစားခဲ့ ထိချက်မှန်ရင် တချက်ထဲ လဲပါတယ်၊ ဒီတော့ ဘယ်အရာမဆို သားကောင် ချောင်းသလို စိတ်ရှည်ပြီး တဆင့်ခြင်းသွား အခြေအနေကြည့်ဖို့ လိုတယ်လို့ အောင်လ က သူ့ အတွေ့အကြုံကို တခုတ်တရ ပြောပြပါတယ်။


 ကျောပြင်က " Jinghpaw" တက်တူး နဲ့ အောင်လ ဟာ ယခုနှစ် ဧပြီလမှာ ၃ချီအကြာ ထိုးသတ်ပြီး ရှုံးနိမ့်ခဲ့ရတဲ့ Uriah Hall နဲ့

            ဒီနှစ် ဖေဖေါ်ဝါရီ ၄ ရက် က Ring of Combat XXXIV  ပွဲမှာ အောင်လ က Mitch Whitesel အား အနိုင် ယူခဲ့ ပါတယ်။  ပြီးတော့ လွန်ခဲ့တဲ့ ဧပြီလ ၈ရက်နေ့မှာ Uriah Hall ကို ၃ချီအကြာမှာ ရှုံးနိမ့်ခဲ့ပါသေးတယ်။ နောက်ဆုံး ပွဲစဉ်ကတော့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၉ရက်နေ့ ယခင်အပါတ် သောကြာနေ့ ည နယူးဂျာစီ ပြည်နယ်၊ အတ္တလန်တစ်မြို့မှာ  မယ် ဒယ်လ်ဝိတ်တန်း R.O.C -37 ( Ring of Combat - 37) မှာ Casey Manrique  ဆိုသူနဲ့ ယှဉ်ပြိုင် ထိုးသတ်ရာ ဒုတိယ အ ချီ မှာ အနိုင်ရပါတယ်၊ သူ့ကို ရှုံးနိမ့်သွားသူ ချေဆီမရစ် ကတော့ စာရေးသူတို့ အော်ရီဂန် ဇာတိဖြစ်ပြီး နယူးယောက် ကလပ် တ ခုမှာ ထရိန်နာနဲ့ လေ့ကျင့်နေသူပါ။ အခုချိန်မှာ အောင်လ ဟာ ဘရာဇီးလီယမ်း Crazy 88 ကလပ်မှာ နည်းပြ (Instructor) ပြန်လုပ်ရင်း UFC တန်း ဝင်ထိုးဖို့ လေ့ကျင့်နေကြောင်း သိရှိရပါတယ်။ သူ့ရဲ့ မာစတာ ကတော့ ကြေးစားလော က ချန်ပီယံတဦး ဖြစ်ခဲ့ဖူးတဲ့ လွိုက် အာဗင်န် (Lloyd Irvin) ဖြစ်ပြီး၊ ထရိန်နာတွေ ကတော့ ဂျေးဆင် နဲ့ ဂျူးလီယက် တို့ ဖြစ်ပါ တယ်။ Crazy 88 ကလပ် မှတ်ချက် ကတော့ အောင်လ ကို ထရိန်နင် အပြည့်ပေးယင် MMA Level ရဲ့ ထိပ်တန်း အ ဆင့်ကို ရောက်လာမဲ့ သူလို့ သုံးသပ်ခြင်း ခံထားရသူပါ။ အခုလည်း သောကြာနေ့ က ပွဲထိုးသတ် အပြီး တနင်္ဂနွေနေ့ မှာဘဲ လာမဲ့ နိုဝင်ဘာလ ပွဲစဉ်အတွက် ပြင်ဆင်နေပြီး၊ သူ့ အားနည်းချက် ဖြစ်တဲ့ နဘမ်း သတ်နည်းကို အဓိက ထား လေ့ကျင့် နေတယ်လို့ အောင်လ က ပြောပါတယ်။ 


 မယ်ဒယ်လ်ဝိတ်တန်း R.O.C -37 ( Ring of Combat - 37) မှာ အောင်လ ရဲ့ လက်သီး ထိုးချက်တွေ အောက် ပြားပြားမှောက်နေတဲ့ Casey Manrique

          ကြေးစား အားကစား လောကထဲ ဝင်ရောက်လာမဲ့ နောင်လာ နောက်သားတွေကို အောင်လ က သူ့ အတွေ့ အ ကြုံတွေကို အခုလို ပြောပြပါတယ်၊ “ ကြိုးစား၊ တဆင့်ခြင်းသွား၊ မလောနဲ့၊ မြန်မြန် အောင်မြင်ယင် ကျရှုံးဖို့ လည်း မြန် ပြီး လောကမှာ မထင်တာတွေ ဖြစ်လာတတ်ကြောင်း” “နောင် … ဝိတ်တန်းတွေ တဆင့်ပြီးတဆင့် ကျော်တက် ထိုးသတ် သွားပြီး UFC လောကမှာ မှတ်ကျောက်တင်ရန် ကြိုးစားနေပါတယ်” လို့ အမှတ်တရ စကားဆိုပါတယ်။ သူ့ အောင်မြင်မှုတွေကို အကို ဖြစ်သူ ကိုဂွန်ဆန် အနေနဲ့ ဘယ်လို မြင်လဲလို့ မေးတော့ “ အံ့သြစရာဘဲ မိသားစု အတွင်းမှာ အသိမ်မွေ့ဆုံး သူက အခုလို ခက်ခဲကြမ်းတမ်းတဲ့ အားကစား လောကမှာ တဆင့်ခြင်း တက်လာ အောင်မြင်လာတော့ ဂုဏ်ယူစရာပါဘဲ” လို့ ဖြေကြားသွားပါတယ်။

 Credit to Ko Thar Ngel (Facebook)

Posted by ဂျစ်တီး