Saturday, June 23, 2012

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁၃)

၆၁။ အပြန်အလှန်စကားပြောဖို့စီစဉ်ပါ။ ရည်းစားမထားလိုသူတွေ၊ ရှုပ်ရှုပ်ယှက်ယှက် မလုပ်လိုသူတွေ အတွက် ကိုယ့်ရဲ့ဘာသာစကားကို သင်ယူချင်တဲ့သူနဲ့ အပြန်အလှန် သင်ပေး၊ အပြန်အလှန် စကားပြောဖို့ စီစဉ်နိုင်ပါတယ်။ ရွေးချယ်စရာ နည်းလမ်းကောင်းတစ်ခုပါဘဲ။ ရည်းစားထားချင်ရင်လည်း အခွင့်အလမ်း ရလာနိုင်ပါတယ်။
၆၂။ အင်္ဂလိပ်ဘာသာစကားစာမေးပွဲဖြေပါ။ အင်္ဂလိပ်စကားစာမေးပွဲဖြေဖို့ စာရင်းသွင်းပါ။ စာမေးပွဲဖြေဖို့ မလိုဘူးဆိုရင်တောင် ဒါမှမဟုတ် စာမေးပွဲမဖြေချင်ရင်တောင်၊ စာမေးပွဲဖြေဖို့သင်တန်းလည်း မတက်နိုင်ရင်တောင် TOEFL, TOEIC, IELTS ဒါမှမဟုတ် FCE လို စာမေးပွဲအတွက် စာရင်းသွင်းပြီး ဖြေလိုက်မယ်ဆိုရင် အင်္ဂလိပ်စာလေ့လာရာမှာ အလေးအနက်ထားပြီး စိတ်ဝင်တစားဖြစ်လာနိုင်ပါတယ်။
၆၃။ အသံထွက်အတွက် သရုပ်ဆောင်တစ်ဦးကို စံနမူနာထားပြီး လေ့ကျင့်ပါ။ ဥပမာ Robert Deniro လိုမျိုး စကားပြောကြည့်ပါ။ တချို့ ကျောင်းသူကျောင်းသားတွေက အင်္ဂလိပ်စာကို မိခင်ဘာသာစကားအဖြစ် ပြောတဲ့သူတစ်ယောက်လို အသံထွက်ချင်တယ်၊ ဒါပေမယ့် ခက်တာက မိခင်ဘာသာစကားအဖြစ် ပြောတဲ့သူတွေကိုယ်တိုင် တစ်ယောက်နဲ့တစ်ယောက် အသံထွက်က သိပ်မတူကြဘူး။ ဒါကြောင့် တစ်ယောက်ယောက်ကို စံနမူနာအနေနဲ့ ရွေးချယ်လိုက်ခြင်းအားဖြင့် အသံထွက်ပိုကောင်းအောင် လုပ်ရတာ လွယ်သွားတယ်။ ပျော်စရာလည်းကောင်းလာနိုင်တယ်။ ပါတီပွဲတွေလိုနေရာမျိုးမှာလည်း သရုပ်ဆောင်ပြလို့ ရပါတယ်။
၆၄။ အင်္ဂလိပ်-အင်္ဂလိပ်အဘိဓာန်ကိုအသုံးပြုပါ။ ဘာသာနှစ်မျိုး အဘိဓာန်ကို လျှော့သုံးပြီး အင်္ဂလိပ်ဘာသာ တစ်မျိုးတည်း အဘိဓာန်ကို ပြောင်းသုံးခြင်းအားဖြင့် စကားပြောတဲ့အခါ ဒါမှမဟုတ် နားထောင်တဲ့အခါ ဘာသာပြန်မနေရအောင် အထောက်အကူပြုနိုင်ပါတယ်။ အဘိဓာန်သုံးနေတုန်းမှာ အခြားအသုံးဝင်တဲ့ စကားလုံးတွေလည်း ရလာနိုင်ပါတယ်။
၆၅။ ရံဖန်ရံခါ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အင်္ဂလိပ်လို စကားပြောပါ။ e-mail ပို့ပါ။လူအတော်များများက အဲဒီလို အင်္ဂလိပ်လို ပြောရ ရေးရ တာကို ပုံမှန်မဟုတ်သလိုမျိုး၊ ရှက်စရာကောင်းသလိုလို ထင်ကြပါတယ်။ ဒါပေမယ့် ဘာသာစကားလေ့လာ နေတာဘဲလို့ သဘောထားပြီး အချိန် ဒါမှမဟုတ် နေရာ သတ်မှတ်ပြီးတော့ ပြောမယ်ဆိုရင် သင်္ချာအတူ လေ့လာသလိုပါဘဲ၊ ဘာမှ တိုးပြီး ထူးခြားစရာမရှိပါဘူး။
ရေးသားသူ - Language Republic of MyanmarNetwork
Posted by ကိုတူး(မိတ္ထီလာ GTI) 

Friday, June 22, 2012

ပြည်တွင်းကုမ္ပဏီအချို့မှ ဝန်ထမ်းလစာပေးခြင်းကို ATM ကတ်ဖြင့် အသုံးပြုလာကြ

ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီအချို့မှ ၎င်းတို့၏ ဝန်ထမ်းများ လစာပေးခြင်းကို ATM ကတ်ဖြင့် ပြုလုပ်လာကြောင်း လက်ရှိ အဆိုပါ စနစ်ဖြင့် ဝန်ဆောင်မှုပေးနေသော CB ဘဏ်မှ မန်နေဂျာဒေါ်စန္ဒာထွန်းက ပြောကြားသည်။ ‘အခုလက်ရှိက ပြည်တွင်းကုမ္ပဏီ ကိုးခုနဲ့ CB ဘဏ်နဲ့ချိတ်ပြီး သူတို့ရဲ့ ဝန်ထမ်းတွေကို ATM ကတ်နဲ့ လစာပေးတာ လုပ်နေပါတယ်။ လကုန်ရင် ကုမ္ပဏီဘက်က ဝန်ထမ်းအမည်၊ ကုတ်နံပါတ်၊ ရရှိလစာ စတာတွေကို အွန်လိုင်းကနေ ပို့ပေးရတယ်။ ပြီးမှ ဘဏ်ဘက်ကနေ ATM ကတ်ထဲကို ဝန်ထမ်းရဲ့ Data တွေ ထည့်ပေးရပါတယ်။ ဝန်ထမ်းတွေကတော့ သူတို့နီးစပ်ရာ ATM စက်တွေထဲကနေ ထုတ်ယူကြပါတယ်’ ဟု ဒေါ်စန္ဒာထွန်းက ဆိုသည်။ လက်ရှိ CB ဘဏ်ဖြင့် ချိတ်ဆက်၍ ATM ကတ်ဖြင့် ဝန်ထမ်းလစာပေးခြင်းကို ဆောင်ရွက်နေသော ပြည်တွင်းကုမ္ပဏီများမှာ MIT Co.Ltd, Right Lab ဓာတ်ခွဲခန်းနှင့် Computer ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သော ကုမ္ပဏီအချို့မှ ဆောင်ရွက်လျက်ရှိကြောင်း ထပ်မံသိရှိရသည်။ ‘အခုပြည်တွင်းမှာ ATM ကတ် အသုံးတွင်ကျယ်ဖို့ လိုအပ်လာပါပြီ။ နောက်ပိုင်း MPO, Debit card, Credit card စတာတွေကို တဖြည်းဖြည်း အကောင်အထည် ဖော်သွားရမှာပေါ့။ ငွေစက္ကူ အထပ်လိုက်ကိုင်ပြီး အသုံးပြုတာထက် နိုင်ငံတကာလို ကတ်စနစ် အသုံးပြုနိုင်တာ ပိုကောင်းပါတယ်’ ဟု ပြည်တွင်း သဘောင်္သား ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။ ပြည်တွင်း ပုဂ္ဂလိက ဘဏ်များတွင် ATM ကတ်စနစ် အသုံးပြုနိုင်ရန် ၂၀၁၁ ခုနှစ်အတွင်းမှ ဆောင်ရွက်ခဲ့ကြပြီး ယခုနှစ်တွင်ပို၍ အသုံးတွင်ကျယ်လာကြောင်း၊ CB ဘဏ်မှ အဆိုပါ ကတ်စနစ်ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းမှ ဆောင်ရွက်ခဲ့ပြီး ယခုအချိန်ထိ အဆိုပါကတ် အသုံးပြုသူဦးရေ ခုနစ်ထောင်ကျော်လာပြီ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Posted by ဂျစ်တီး
Source:  ခေတ်လူငယ်

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁၂)

၅၆။ အသံထွက်ကို ကွန်ပျူတာနဲ့ စစ်ပါ။ အသံထွက် မှန်မမှန် ပြပေးနိုင်တယ်ဆိုတဲ့ ကွန်ပျူတာပရိုဂရမ် အများစုက တကယ်တမ်းတော့ အတိအကျ မှန်အောင် မပြနိုင်ပါဘူး။ ဒါပေမယ့် အကြိမ်ကြိမ်နားထောင်ပြီး စီဒီမှာပါတဲ့ အသံထွက်တွေအတိုင်း ကိုက်ညီအောင် အကြိမ်ကြိမ် ပြောရတဲ့အပြင် အသံလှိုင်းပုံစံတွေကို တွေ့မြင်နေရတဲ့အတွက် လေ့ကျင့်လို့ကောင်းတယ်။ ကိုယ့်အသံကို အသံသွင်းတာထက်လည်း ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်။
၅၇။ အကြောင်းအရာတစ်ခုနဲ့ပတ်သက်တဲ့ စကားလုံးတွေကို တတ်နိုင်သလောက်များများ သင်ယူပါ။ ဥပမာ တိရစ္ဆာန်အမည်တွေ ဖြစ်ပါတယ်။ ဆင်တူစကားလုံးတွေကို အတွဲလိုက် သင်ယူခြင်းအားဖြင့် အထွေထွေ ဝေါဟာရကြွယ်ဝလာပြီး ဦးနှောက်ထဲမှာလည်း စကားလုံး တစ်လုံးနဲ့တစ်လုံးအကြား ချိတ်ဆက်မှတ်သား နိုင်တဲ့အတွက် သင်ရတာလွယ်နိုင်ပါတယ်။
၅၈။ ပြည်ပကို အားလပ်ရက် ခရီးထွက်ပါ။ ပြည်ပမှာ နေ့စဉ်နေထိုင်မှုအတွက် တခြားသူတွေ နားလည်အောင် အင်္ဂလိပ်လို တကယ်တမ်း ပြောရမယ့် အခြေအနေတွေ ကြုံတွေ့ရမှာဖြစ်ပါတယ်။ အဲဒီအပြင် ခရီးမထွက်ခင် ရက်သတ္တပတ်၊ လများ အတွင်းမှာ အင်္ဂလိပ်စာကို အလေးအနက် လေ့လာဖို့လည်း စိတ်အားထက်သန်စေမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ဘာသာစကားကို အသုံးပြုနိုင်တဲ့ အချိန်မှာတောင် အင်္ဂလိပ်ဘာသာစကားကို အသုံးပြုဖို့ ကြိုးစားပါ။ ဥပမာ ပြတိုက်မှာ လမ်းညွှန်နဲ့တကွ လျှောက်ကြည့်တာမျိုး၊ သမိုင်းဝင်နေရာမှာ လျှောက်ကြည့်တာမျိုး၊ အင်တာနက်ကနေ လေယာဉ်လက်မှတ် ကြိုတင်မှာထားတာမျိုး ဖြစ်ပါတယ်။ အုပ်စုလိုက် သွားမယ့်နေရာ သတ်မှတ်ပြီး ခရီးစဉ် (package tour) တွေမှာတော့ အင်္ဂလိပ်စကားပြောရဖို့ အခွင့်အလမ်း နည်းတတ်ပါတယ်။
၅၉။ တတ်ချင်တဲ့စကားလုံးတွေကို ရုပ်ပုံရေးဆွဲပါ။ အနုပညာဝါသနာပါသူဆိုရင် ဝေါဟာရတွေကို ရုပ်ပုံဆွဲပြီး မှတ်သားတာက ဘာသာပြန်တာ၊ ဥပမာ ၀ါကျတွေရေးတာထက် ပိုပြီးထိရောက်နိုင်ပါတယ်။
၆၀။ နိုင်ငံခြားသူ နိုင်ငံခြားသားကို မိတ်ဆွေဖွဲ့ထားပါ။ ဘယ်လိုလုပ်ရမယ်ဆိုတာ အကြံတော့မပေးလိုပါဘူး။ ဒါပေမယ့် အင်္ဂလိပ်စကားပြောလို့ရတဲ့သူနဲ့ အဲဒီလို  မိတ်ဆွေဖွဲ့နိုင်ဖို့ ရှာဖွေတာနဲ့တင် ဘာသာစကား ကျွမ်းကျင်မှု တိုးတက်ကောင်းမွန်လာဖို့ အများကြီးစေ့ဆော်မှုပေးနိုင်ပါတယ်။
ရေးသားသူ - Language Republic of MyanmarNetwork
Posted by ကိုတူး(မိတ္ထီလာ GTI)

Thursday, June 21, 2012

မည်သည့်ဖုန်းဖြင့်မဆို နိုင်ငံတကာသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုမှု စနစ်

မည်သည့်ဖုန်းဖြင့်မဆို နိုင်ငံတကာသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုမှု စနစ်ကို ဇူလိုင်တွင် စတင်မည်ဖြစ်ကြောင်း Blue Ocean Operating Management ကုမ္ပဏီလီမိတက်မှ သိရသည်။ ယင်းသို့ ဖုန်းခေါ်ဆိုခြင်းကို မိုဘိုင်းဖုန်း သို့မဟုတ် လိုင်းဖုန်းတွင်ပါ အသုံးပြုနိုင်မည်ဖြစ်ပြီး 1877 သို့ ဖုန်းဆက်သွယ်ရုံဖြင့် မိမိခေါ်ဆိုလိုသည့် နိုင်ငံသို့ တိုက်ရိုက် ဖုန်းပြောဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ဒီစနစ်က အင်တာနက်ရှိဖို့ မလိုအပ်ပါဘူး။ Call Center ကနေ ၂၄ နာရီ ဝန်ဆောင်မှုပေးမှာပါ။ ဖုန်းခေါ်ဆုခကိုတော့ ဖုန်းထဲကနေပဲ ဖြတ်သွားမှာပါ။ ကျသင့်ငွေကို မိနစ်အလိုက် ကောက်ခံသွားမှာပါ။ Y talk Service ကို Call Center နဲ့ ပူးပေါင်းလိုက်ခြင်းပါပဲ။ နိုင်ငံတကာနဲ့ ဖုန်းခေါ်ဆိုခကိုတော့ အတိအကျ မသတ်မှတ်ရသေးပါဘူး။ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေဆဲပါ” ဟု Blue Ocean အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောသည်။ ယင်းစနစ်ဖြင့် စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အမေရိကန် အစရှိသည့် နိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဖုန်းခေါ်ဆိုခြင်းနှင့်ပတ်သက်၍ ကုမ္ပဏီဝန်ထမ်းကို အောင်အောင်က “ဒီစနစ်လုပ်ပေးတာ ကောင်းပါတယ်။ ဈေးနှုန်းကတော့ ဘယ်လိုဖြစ်ဦးမလဲ မသိဘူး။ ဆက်သွယ်ရေးကနေ နိုင်ငံခြားကို ဖုန်းခေါ်ဆိုရတာလဲ အဆင်မပြေတာတွေ ရှိတယ်လေ။ အဓိကက ဈေးနှုန်းသက်သာဖို့ပါပဲ” ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

Posted by ဂျစ်တီး
Source: MEG

တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service

Call Center မှ ၀န်ဆောင်မှု အသစ် အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service ၀န်ဆောင်မှုကို ဇွန်လ ၁၅ ရက်
နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင် အသုံးပြု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်မှာ အင်တာနက် လျှောက်ထား ပြီးဖြစ်တဲ့ CDMA, GSM Mobile ဖုန်းတွေသာ အသုံးပြု နိုင်မှာ ဖြစ်ပြီး အင်တာနက် အသုံးပြုခ ဖြစ်တဲ့ ၁ မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်တို့ ပေးစရာ မလိုပဲ ရက်နဲ့သာ တွက်ပြီး ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၂၄ နာရီ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အသုံးပြုလို သူတွေ အနေနဲ့ Call Center သို့ အသုံးပြု လိုကြောင်း Message ပေးပို့ ရမှာ ဖြစ်ပါတယ်။ ဒီလို ပေးပို့ရာမှာ Call Center ရဲ့ ကုတ်နံပါတ် တစ်ခုဖြစ်တဲ့ ၁၈၈၃ ကို GET MAIL ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် အက္ခရာ စာလုံး အကြီးများ အသုံးပြုကာ သုံးစွဲမယ့် သူရဲ့ အင်တာနက် Account နဲ့ Passward ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ အသုံးပြုခ ကိုတော့ ဖုန်းဘေလ် ထဲမှ ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲပုံ အသေးစိတ်ကို သိရှိလိုပါ ကလည်း Call Center သို့ စုံစမ်း မေးမြန်း နိုင်တယ် လို့လည်း သိရပါတယ်။

သုံးစွဲသူတွေ အနေနဲ့ ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၁ လစာ ၆၀၀၀ ကျပ် သတ်မှတ် ထားပြီး အသုံးမပြု လိုတဲ့ ရက်ရှိပါက Call Center သို့ ကြိုတင် အကြောင်းကြားပြီး Server ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီလို အကြောင်း မကြားပါက တစ်လစာ အတွက် ကျပ် ၆၀၀၀ ကို မိမိဖုန်းဘေလ် ထဲက ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုကို ယခုဇွန်လ ကုန်အထိ အခမဲ့ အသုံးပြုနိုင် မှာဖြစ်ပြီး အသုံးပြုခ ကောက်ခံမှု ကိုတော့ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ကောက်ခံမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Posted by ဂျစ်တီး
Source: MEG

နိုင်ငံကူးလက်မှတ်စာအုပ်ပျောက်ဆုံးပါကပြည်ပတွင်ပျောက်ဆုံးမှုအတွက် အမေရိကန်ဒေါ်လာ ၃၀၀ နှင့် ပြည်တွင်းအတွက် ကျပ် ၄၀၀၀၀ ပေးဆောင်၍ ပြန်လည်လျှောက်ထားနိုင်

မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်(Passport) ပျောက်ဆုံးပါက ပြည်ပတွင် ပျောက်ဆုံးခြင်းအတွက် ပြည်ပပျောက် ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၃၀၀ နှင့် ပြည်တွင်းတွင် ပျောက်ဆုံးခြင်းအတွက် ပြည်တွင်းပျောက် ဒဏ်ကြေး ကျပ် ၄၀၀၀၀ ပေးဆောင်၍ ပြန်လည် လျှောက်ထားနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံး၍ ပြန်လည်လျှောက်ထားရာတွင် ပြည်ပတွင် ပျောက်ဆုံးခဲ့ပါက ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၃၀၀ ကို မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တွင် သွင်း၍ လျှောက်ထားနိုင်ပြီး ပြည်တွင်းတွင် ပျောက်ဆုံးခဲ့ပါက ပတ်စ်ပို့ ပျောက်ဆုံးကြောင်း သတင်းစာတွင် ကြော်ငြာပြီး တစ်လပြည့်သည့် အချိန်တွင် ကြော်ငြာပါသည့် သတင်းစာ မူရင်းနှင့်အတူ ပြည်တွင်းပျောက် ဒဏ်ကြေးပေးဆောင်၍ ပြန်လည် လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပုံမှန် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူများအား တစ်လအစား ၂၁ ရက်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ကြောင်းနှင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ အလုပ်သမား နိုင်ငံကူးလက်မှတ် သက်တမ်းအား ယခင်သုံးနှစ်မှ လေးနှစ် သတ်မှတ်ထုတ်ပေးခြင်း၊ သင်္ဘောသား နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားမှုများအား ယခင်တစ်လမှ နှစ်ပတ်ဖြင့် ထုတ်ပေးခြင်းနှင့် သင်္ဘောသားအသစ် နိုင်ငံကူးလက်မှတ်များအား သာမန်နိုင်ငံကူးလက်မှတ် လျှောက်ထားသူများကဲ့သို့ ၂၁ ရက်ဖြင့် ထုတ်ပေးခြင်း၊ သင်္ဘောသား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ကိုယ်ရေးကိုယ်တာ ကိစ္စဖြင့် ပြည်ပသို့ သွားရောက်ရန်ရှိပါက ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသား အလုပ်အကိုင်ကြီးကြပ်ရေးဌာနခွဲ၏ ခွင့်ပြုချက်ဖြင့်သာ ပြည်ပသို့ သွားရောက်ခွင့်ပြုခြင်း၊ ခွင့်ပြုကာလ ကျော်လွန်နေသူများအား  Black List စာရင်းသွင်း၍ အရေးယူရန်အတွက် သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာနမှ ကြပ်မတ်၍ အမည်စာရင်းအား မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ တင်ပြခြင်းများကို ဆောင်ရွက်နေကြောင်းလည်း သိရသည်။ လက်ရှိကာလတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် တစ်နိုင်ငံလုံးမှ လျှောက်ထားသူများမှာ ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသို့ လာရောက်လျှောက်ထားနေရပြီး မကြာမီလများအတွင်း အထက်မြန်မာပြည်အတွက် မန္တလေးတိုင်း ဒေသကြီးတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးတစ်ခု ဖွင့်လှစ်နိုင်ရန် စီစဉ်မှုများရှိနေကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်အထိ  နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုမှာ အမျိုးသား ၃၄၉၄၅ ဦးနှင့် အမျိုးသမီး ၂၅၀၁၉ ဦးဖြစ်ပြီး စုစုပေါင်း  ၅၉၉၆၄ ဦး ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Posted by ဂျစ်တီး 
Source: ခေတ်လူငယ်

သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရ၏ ဓမ္မသဘင်

နေ့ ရက်  ။       ။ ၂၃၊ ၀၆၊ ၂၀၁၂ (စနေနေ့ )
                     ၂၄၊ ၀၆၊ ၂၀၁၂ (တနင်္ဂနွေနေ့ )
အချိန်     ။      ။ စင်္ကာပူအချိန် ညနေ ၇း၃၀ မှ ၉း၀၀ အထိ (မြန်မာစံတော်ချိန် ညနေ ၆း၀၀ မှ ၇း၃၀)
နေရာ     ။      ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)
Posted by ဝတီ

Wednesday, June 20, 2012

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁၁)

၅၂။ ရုပ်ရှင်ကြည့်တဲ့အခါမှာ အဘိဓာန်ကိုင်ပြီးကြည့်ပါ။ ရုပ်ရှင်တွေမှာ ဒီစကားလုံးကိုပဲ အကြိမ်ပေါင်း များစွာ သုံးထားတတ်ပါတယ်။ ဒါကြောင့် စကားလုံးတွေကို ပထမအကြိမ် ဒါမှမဟုတ် ဒုတိယအကြိမ် ကြားတဲ့အခါမှာ အရေးကြီးတဲ့စကားလုံးတွေကို အဘိဓာန်မှာ ရှာထားမယ်ဆိုရင် ရုပ်ရှင်လည်း ဆုံးရော အဲဒီစကားလုံးတွေကို တတ်သွားမှာဖြစ်ပါတယ်။ အင်္ဂလိပ် စာတမ်းထိုးပြီး ကြည့်မယ်ဆိုရင် အဘိဓာန် သုံးရတာ ပိုပြီးတော့ လွယ်မှာ ဖြစ်ပါတယ်။
၅၃။ အသံထွက်သင်္ကေတတွေကို သင်ထားပါ။ အသုံးပြုပါ။ အင်္ဂလိပ်ဘာသာမှာ စာလုံးပေါင်း ပုံစံတွေက အသံအရေအတွက်ထက် ပိုများတယ်။ အသံထွက်သင်္ကေတတွေကို သင်ယူပြီး Vocabulary ရေးတဲ့အခါမှာ အသံထွက်သင်္ကေတပါ တစ်ပါတည်းရေးခြင်းအားဖြင့် Vocabulary သင်တဲ့အဆင့်တစ်ဆင့် ထပ်ဖြည့် နိုင်တယ်၊ ပိုပြီး နှံ့နှံ့စပ်စပ် လေ့လာနိုင်တဲ့အပြင် အသံထွက်လည်း ပိုကောင်းလာမှာ ဖြစ်ပါတယ်။ အသံထွက်တစ်ခုတည်းကိုပဲ နည်းလမ်းအမျိုးမျိုးနဲ့ စာလုံးပေါင်းထားတာတွေကို မှန်းဆပြီး အသံထွက်စရာ မလိုတော့တဲ့အတွက်ကြောင့်လည်း ပိုပြီးတော့ လွယ်ကူအဆင်ပြေသွားမှာဖြစ်ပါတယ်။
၅၄။ စာလုံးပေါင်းစည်းမျဉ်းတွေကိုသင်ယူပါ။ အင်္ဂလိပ်စာလုံးပေါင်းက ကြုံရာကျပန်း စာလုံးပေါင်းတာမျိုးလို့ လူအတော်များများက ထင်ကြပါတယ်။ ဒါပေမယ့် တကယ်တော့ စကားလုံး အများစုက စည်းမျဉ်း တစ်မျိုးမျိုးနဲ့ ကိုက်ညီလေ့ရှိပါတယ်။ ဥပမာ mad နဲ့ made လိုမျိုး နောက်ဆုံးမှာ e ပါတဲ့အတွက် အသံထွက်ပြောင်းလဲသွားတာမျိုးဖြစ်ပါတယ်။
၅၅။ ကိုယ့်အသံကို အသံသွင်းထားပြီး ပြန်နားထောင်ပါ။ ဆရာဆရာမက အသံထွက်ပြင်ပေးတာမျိုးမရှိရင် ဒါမှမဟုတ် နည်းပါးလို့ရှိရင် ကိုယ့်ဘာသာ အသံသွင်းပြီး ပြန်နားထောင်ခြင်းဖြင့် အင်္ဂလိပ်ဘာသာ အသံထွက်တွေ တကယ်တမ်း မှန်အောင် ထွက်နိုင်ရဲ့လား ပြန်ပြီးကြားနိုင်မှာဖြစ်ပါတယ်။
ရေးသားသူ - Language Republic of MyanmarNetwork
Posted by ကိုတူး(မိတ္ထီလာ GTI)

Monday, June 18, 2012

Call Center မှ ဝန်ဆောင်မှုအသစ်နှင့် ဖုန်းလိုင်းအသစ်တစ်ခု ထပ်မံတိုးလာ

ပြည်တွင်းရှိ Call Center သည် လက်ရှိဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုများအပြင် နောက်ထပ်ဝန်ဆောင်မှု အသစ်များကို ဇွန်လအတွင်း ထပ်မံတိုးချဲ့လိုက်ပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်အသစ် တစ်ခုလည်း တိုးလာကြောင်း သတင်းရရှိသည်။ ယခင်က ဆက်သွယ်ရန် ဖုန်းနံပါတ်မှာ ၁၈၇၆ တစ်ခုတည်းဖြစ်ပြီး အသစ်တိုးလာသော ဖုန်းနံပါတ်မှာ ၁၈၇၅ ဖြစ်ကြောင်း သိရသည်။ ယင်းနံပါတ်အသစ်သို့ ဆက်သွယ်မေးမြန်းနိုင်မည့် ဝန်ဆောင်မှုအသစ်များမှာ ကျန်းမာရေးဝန်ဆောင်မှုများ၊ ဟိုတယ်ဝန်ဆောင်မှုများ၊ အလုပ်အကိုင်ရှာဖွေပေးသည့် ဝန်ဆောင်မှုများနှင့် ဗေဒင်ဝန်ဆောင်မှုများဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးဝန်ဆောင်မှုတွင် ၂၄ နာရီ အချိန်မရွေး မေးမြန်းနိုင်ပြီး ဆရာဝန်များမှ ကျန်းမာရေးနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်ပေးခြင်း၊ အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းတို့ ပါဝင်ကြောင်း သိရသည်။ အလုပ်အကိုင် ဝန်ဆောင်မှုအဖြစ် အလုပ်ရှာဖွေသူများမှ ၁၈၇၅ သို့ ဖုန်းဆက်ပြီး မိမိတို့၏ CV များကို တင်နိုင်ခြင်း၊ ကုမ္ပဏီများမှလည်း ၁၈၇၅ သို့ ဖုန်းဆက်ပြီး ဆက်သွယ်ဆောင်ရွက်နိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

Posted by ဂျစ်တီး 
Source: ခေတ်လူငယ်

Sunday, June 17, 2012

လျှပ်တစ်ပြတ် ဆိုးလ် (Seoul)


လျှပ်တစ်ပြတ် ဆိုးလ် (Seoul) တဲ့။ ဟုတ်ပါသည်- လျှပ်တစ်ပြတ်မှ တကယ့်ကို တခဏလေးပါပဲ။ ထိုတခဏလေး အတွင်းကျွန်တော် ရောက်ရှိခဲ့သော၊ အမှတ်မထင် တွေ့ကြုံခဲ့ရသော ကိုရီးယားနိုင်ငံ၏ မြို့တော်ဖြစ်သော ဆိုးလ်မြို့နှင့်ပတ်သက်သည်လေးများအား ဖောက်သည်ချ ရေးဖွဲ့ပါမည်။ ကျွန်တော်ရေးဖွဲ့မည်ဆိုသော အကြောင်းအရာလေးများသည် ကျွန်တော်၏ လျှပ်တစ်ပြတ် အတွင်းတွေ့ကြုံခဲ့ရသည်များသာ ဖြစ်သောကြောင့် မှန်ကောင်းမှန်ချင်မှ မှန်ပေမည်။ ကွဲလွဲသည်များလည်း ရှိနိုင်ပေမည်။ တိုက်ဆိုင်သည်များလည်း ပါပေလိမ့်မည်။ ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုပါလျှင် ကျွန်တော်သည် ၂၀၀၈ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မတိုင်ခင်အထိ နိုင်ငံခြားတိုင်းပြည်များသို့ မရောက်ဖူးသေးပါ။ ကိုယ့်မြေကိုယ့်ရေ အတွင်းမှာနေ  ကိုယ့်လူမျိုးတွေနဲ့သာ ထိတွေ့ဆက်ဆံ ဖူးလေတော့ ဖွံ့ဖြိုးပြီးစနိုင်ငံတွေ တိုးတက်ကြပါသည်ဟု ပြောနေကြားနေရသည်။ မထိတွေ့ရ၊ ကိုယ်တွေ့ မမြင်ရတော့ အကြားပဲရှိသည်။ မသိ။ ဒီအတောအတွင်း မြန်မာပြည်သို့ အကြောင်းတိုက်ဆိုင်စွာ ပြန်ရခွင့်ကြုံတော့လဲ လေယာဉ်အတက်အဆင်း လုပ်စဉ်မှာပဲ တိုးတက်နေပါပြီဟုဆိုသော ဘန်ကောက်မြို့ကြီးကိုအကဲခတ်ကြည့်မိပါသည်။ မြင်ရသလောက်လဲ တိုးတက်သည့် အရိပ်အယောင်တွေ တွေ့နေရသည်။ ဂျပန်ဆိုတာကတော့ နှစ်နဲ့ချီနေထိုင်နေခဲ့ပြီးတဲ့နောက် သူတို့လူမျိုးတွေနဲ့ ထိတွေ့ ဆက်ဆံရသည်။ သွားလာရင်း မမြင်ချင်အဆုံး မြင်တွေ့နေရသည်။ သူတို့လူမျိုးသဘောကို အတော်အတန် စောကြောမိလာပြီ။ Laboratory ထဲမှာ သူတို့နဲ့ အတူလုပ်ကိုင်နေရတော့လဲ သူတို့ရဲ့ လုပ်နည်းလုပ်ဟန်တွေ အတော်အတန်တီးမိခေါက်မိလာပြီ။ သိသင့်သလောက် သိလာရတော့မှပဲ သြော- ဒါ့ကြောင့် ဂျပန်နိုင်ငံ တိုးတက်နေရတာကိုး- ကမ္ဘာ့ဒုတိယ စီးပွားရေး အဖွံ့ဖြိုးဆုံးနိုင်ငံရယ်လို့ ရပ်တည်နိုင်ခဲ့တာကိုးလို့ ကောက်ချက်ချမိပါတယ်။ မွန်ဘူးရှိုးပညာတော်သင်တစ်ယောက်လည်းဖြစ်တဲ့ ရင်မောင် (ဒေါက်တာတိုင်းအုပ်) ရေးသားထားတဲ့ "ဂျပန်ပြည်မှာ ရက်ပေါင်း တစ်ထောင့်သုံးရာ" ဆိုတဲ့ စာအုပ်လေးရဲ့  အစပိုင်းမှာ ဂျပန်နိုင်ငံ တိုးတက်ရတဲ့ အကြောင်းရင်းတွေကို စာရေးသူသုံးသပ်ထားတာက ဂျပန်နိုင်ငံသည် လူမျိုးတစ်မျိုးတည်းသာရှိခြင်း၊ နယ်နမိတ် ထိစပ်လျှက်မရှိသော ကျွန်းနိုင်ငံဖြစ်နေရခြင်းတို့ဖြစ်ပါတယ်။ ကျွန်တော်လည်း ထိုအချက်တွေကို ထောက်ခံပါသည်။ နိုင်ငံတစ်နိုင်ငံ ဖွံဖြိုးတိုးတက်ဖို့သည် သဘာဝကဖန်တီးပေးထားခြင်းများကလည်း လျစ်လျူရှု၍မရပါ။ လူမျိုးတစ်မျိုးတည်းသာရှိခြင်းကြောင့် ဥပဒေ ပြဌာန်းရာတွင်လည်းကောင်း အုပ်ချုပ်ရာတွင်လည်းကောင်း လွယ်ကူခြင်း၊ နယ်နမိတ် ထိစပ်မနေခြင်းကြောင့် ၎င်းနှင့်သက်ဆိုင်သော ပြဿနာများ အထိုက်အလျောက်လျော့ပါးခြင်းများ စသည်တို့ကို ထောက်ပြထားပါသည်။