Sunday, June 05, 2011

ကျွန်တော် ပညာသင် (၂)

၂၀၀၈ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့။
နံနက်(၈)နာရီလောက်မှာ အိပ်ယာကနိုးလာခဲ့ပါတယ်။ လေယာဉ်ကို ခရီးဝေး စီးခဲ့ရတဲ့ အတွက်ရော၊ မနေ့က အပြင်မှာ ကိုစိုင်းတို့ကို စောင့်နေတုန်း အအေးနည်းနည်း မိသွားတာကြောင့်ပါ တစ်ကိုယ်လုံး ကိုက်ခဲနေပြီး မလှုပ်ချင်ဖြစ်နေမိပါတယ်။ အိပ်ယာကထပြီး ပစ္စည်းတွေနေရာချဖို့လုပ်နေတုန်း ပြင်ဆင်နေဆဲ အပြင်က တံခါးခေါက်သံကြားလို့ ဖွင့်ကြည့်တော့ Foreign Registration (နိုင်ငံခြားသားမှတ်ပုံတင်ခြင်း)၊ Bank Account  ဖွင့်ဖို့ နဲ့ ကျန်းမာရေးအာမခံ (Health Insurance) လုပ်ဖို့ လာခေါ်တာဖြစ်ကြောင်း အဆောင်အောက်ထပ်ကို ချက်ခြင်း ဆင်းခဲ့ဖို့ပြောပါတယ်။ ဂျပန်မှာ ဘယ်လိုနိုင်ငံခြားသားမဆို ရောက်ရှိပြီး သီတင်းပါတ် ၂-ပါတ် အတွင်း သက်ဆိုင်ရာ ရပ်ကွက်ရုံး (ဒါမှမဟုတ်- မြို့နယ်ရုံး) တွေမှာ မဖြစ်မနေ မှတ်ပုံတင်ကြရပါတယ်။ ဒီနေရာမှာ ကျန်းမာရေး အာမခံနဲ့ပတ်သက်လို့ နည်းနည်းရှင်းပြချင်ပါတယ်။

မြန်မာနိုင်ငံ ပရိပတ္တိသာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ - ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်

ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါ။ တရားကျင့်တဲ့ ဘုန်းကြီးတစ်ပါးက နတ်ပြည်ကို စိတ်နဲ့ သွားကြည့်တာ တုသိတာနတ်ပြည်မှာ ဦးဌေးလှိုင်နဲ့တွေ့ခဲ့ရကြောင်း ပြန်ပြောပြပါတယ်။ မဖတ်ရသေးတဲ့တွေ ဖတ်ချင်ရင် အောက်ပါ Link မှာ ဖတ်နိုင်ပါတယ်။

မြန်မာနိုင်ငံ ပရိပတ္တိသာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ - ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်

Posted  by ထွန်းမြင့်ဌေး

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၅)

V - ed ( Past Participle )
အရင်က V-ing သုံးပုံးသုံးနည်း ဆွေးနွေးခဲတာကို ကြေညက်လျှင် အခု V-ed သုံးစွဲတာနဲ့ ပတ်သက်ပြီး အခက်အခဲသိပ်တွေ့လိမ့်မယ်လို့ မထင်ပါဘူး။ အနက်အဓိပ္ပာယ်မှာသာ ကွဲပြားမယ်။ နေရာအနေအထားက အတူတူပါပဲ။
တခုတော့ သတိထားပါ ။ Past Participle လို့ နာမည်အပြည့်အစုံကို ဖော်ပြရာမှာ ရှည်လွန်းတဲ့အတွက် V-ed လို့ အလွယ်သုံးလိုက်တာဖြစ်တယ်။ တွေ့သမျှ V တိုင်းကို -ed ထည့်လို့ မဖြစ်ပါဘူး။ do ကနေ done, learn ကနေ learnt စသည်ဖြင့် ထူးခြားပြောင်းလဲပုံများကို မှတ်ထားရပေလိမ့်မယ်။ အဲလို မှတ်မထားတဲ့အတွက် writed, sended စသည်ဖြင့် ရယ်ဖွယ်လိလိ မှားကြတာကို ကြုံတွေ့ရမှာပါ။
ပထမဆုံး ခေါင်းထဲမှာစွဲနေစေချင်တာကတော့  V-ed ကို ခုလို Non-finite သဘောမှာသုံးတာဟာ Passive သဘောကို ဆောင်တယ်ဆိုတာပါပဲ။ Finite ဖြစ်တဲ့  Passive Verb မှာ ပါရိုးပါစဉ် is, are, was, were, will be ဆိုတာတွေကို ချန်ပြီး သုံးထားတာလို့ နားလည်နိုင်တယ်။

Thursday, June 02, 2011

ဗုဒ္ဓဘာသာဝင် ဆိုတာ....

ဗုဒ္ဓဘာသာဝင် ဆိုတာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးကို ကျွန်တော်ဖတ်ဖူး၊ မှတ်သားဖူးသည့်အထဲမှ ပြည်လည်မျှဝေတာပါ။ ဗုဒ္ဓဘာသာဝင်ဆိုတာ အလွယ်ပြောတော့ ဗုဒ္ဓဘုရားရဲ့ အယူဝါဒ ဟောကြားချက်များကို လက်ခံလိုက်နာ ကျင့်သုံးကြတဲ့ သူတွေကို ဗုဒ္ဓဘာသာဝင်လို့ ခေါ်တာဖြစ်ပါတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် ဘယ်သူ့ပယောဂ၊ ဘယ်သူ့စည်းရုံးလှုံ့ဆော်မှုမှ မပါဘဲ ကိုယ်ကိုယ်တိုင် ကျေနပ်လက်ခံလို့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - ဘုရားရှင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ ဓမ္မံ သရဏံ ဂစ္ဆာမိ - တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃံ သရဏံ ဂစ္ဆာမိ - သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏” လို့ဆိုကာ သရဏဂုံတည်ပြီး ဗုဒ္ဓဘာသာအဖြစ် ခံယူထားကြသူတွေကို ဗုဒ္ဓဘာသာဝင်လို့ ပြောဆိုကြတာ ဖြစ်ပါတယ်။

Wednesday, June 01, 2011

ထက်မြက်ပြီး မှတ်ဥာဏ်ကောင်းဖို့ ဘာတွေ စားကြမလဲ

ဥာဏ်စွမ်းထက်မြက်ခြင်း ဆိုတာ လူသားတိုင်း အလိုရှိတဲ့ စွမ်းရည်တစ်ခုပါပဲ။ ဥာဏ်စွမ်းလို့ ဆိုရာမှာ မှတ်ဥာဏ် (Memory) နဲ့ ထက်မြက်မှု (Intelligence) နှစ်မျိုးစလုံး ပါဝင်ပါတယ်။ စာသင်သား လူငယ်တွေ အပါအ၀င် အသက်အရွယ် မရွေးအတွက် အထူးအရေးပါလှတယ် ဆိုတာ ပြောနေစရာတောင် မလိုပါဘူး။
ဥာဏ်ကောင်းအောင် ဘယ်လိုလုပ်ရမလဲလို့ လာမေးတဲ့ လူငယ်တွေ၊ ကလေးကို ဥာဏ်ကောင်းအောင် ဘာတွေ ကျွေးရမလဲ ဆိုတဲ့ မိဘတွေ ခဏခဏ ကြုံရပါတယ်။ ခဏခဏ မေ့တတ်လာလို့ ဘယ်လို လုပ်ရမလဲလို့ အကြံလာတောင်းတဲ့ မိတ်ဆွေတွေလဲ ရှိပါတယ်။ ဒါကြောင့် ဦးနှောက်ဥာဏ်ရည် နှစ်မျိုးစလုံးကို တိုးမြှင့်ပေးနိုင်မှု အရှိဆုံး အစားအသောက် ဆယ်မျိုးကို ကမ္ဘာ့အာဟာရ ပညာရှင်များ သုတေသနပြုထားတဲ့ အတိုင်း စုစည်း ဖော်ပြပေးလိုက်ပါတယ်။ ဦးနှောက်ဥာဏ်ရည်ဟာ မိဘမျိုးရိုးဗီဇ၊ ပတ်ဝန်းကျင် အနေအထားများရဲ့ လွှမ်းမိုးမှု အထူးရှိပေမယ့် နေ့စဉ် အစားအသောက်များဟာ လူတစ်ယောက်ရဲ့ ဥာဏ်ရည်ဥာဏ်သွေးမှာ အတိုင်းအတာ တစ်ခုအထိ အရေးပါတယ် ဆိုနိုင်လို့ အောက်ပါအစားအသောက်များဟာ ဥာဏ်ရည်လျော့ပါးမှုကို ကာကွယ်ဖို့၊ ဥာဏ်ရည်တိုးတက်ဖို့ ကောင်းစွာ အထောက်အကူ ပြုမယ် ဆိုတာ သေချာပါတယ်။

Tuesday, May 31, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၄)

V-ing
ခုထိတော့ လေ့လာခဲ့တဲ့ V တွေက Subject နဲ့တွဲပြီး ၀ါကျထဲမှာ သုံးနိုင်တဲ့ V တွေချည်းဖြစ်တယ်။ သူတို့ကို Finite verbs လို့ခ်ါတယ်။ ၀ါကျထဲမှာ Subject နဲ့တွဲပြီး မသုံးနိုင်တဲ့ အခြား V ပုံစံတွေရှိသေးတယ်။ Non-finite- verbs လို့ခေါ်တယ်။ ဒီအထဲမှာ တခုအပါအ၀င်ဖြစ်တဲ့ V မှာ ing ထည့်ထားတဲ့ ပုံစံကို လေ့လာကြရအောင်။ ( တကယ်တော့  V ကို ing ထည့်တာကို N သဖွယ်သုံးရင် Gerund ခေါ်ပြီး၊ ကြိယာတစ်ပိုင်းဖြစ်နေတာကို Participle လို့ခေါ်ကြတယ်။ ဒီမှာတော့လွယ်အောင် V- ing လို့ခေါ်သွားမယ်။)

1. As NounV-ing ကို N လိုသုံးနိုင်ပါတယ်။ Nဆိုတာ Subject နေရာ၊ Object နေရာမှာရှိတဲ့ စကားလုံးကိုခေါ်တာပေါ့။ ဒီတော့ V-ing ကို Subject နေရာ၊ Object နေရာမှာ သုံးနိုင်တယ်လို့ပြောတာပါပဲ။ Object ဆိုရာမှာ V ရဲ့နောက်က လာတာရှိတယ်။ Preposition နောက်ကလာတာရှိတယ်။

Monday, May 30, 2011

ဦးနှောက်အကြောင်း တစေ့တစောင်း

ကျွန်တော်တို့တွေ နေ့တစ်နေ့တာအတွက် မနက်အိပ်ရာနိုးတဲ့အချိန်ကစပြီး ညအိပ်ရာဝင်တဲ့အချိန်ထိ ကိစ္စများမြောင် လူတို့ဘောင် ဆိုသည့်အတိုင်း နေ့တဒူဝအလုပ်တွေနဲ့ပဲ အမြဲကုန်ဆုံးနေခဲ့ကြတာပါ။ ထိုနေ့တစ်နေ့တာအတွင်း ကျွန်တော်တို့တွေ ပြောဆိုလုပ်ကိုင်ခဲ့ကြသမျှကို ကျွန်တော်တို့ရဲ့ဦးနှောက်က အမြဲထိန်းချုပ်ပေးလျက် ရှိနေပါတယ်။ ထို့အတွက် ကျွန်တော်တို့ရဲ့ဦးနှောက်၏ အခန်းကဏ္ဍမှာ အလွန်တရာမှ အရေးကြီးလှပေသည်။ ထိုသို့အရေးကြီးသော ဦးနှောက်အတွက် လူသားတိုင်း ဂရုပြုဆင်ကြဉ်သင့်နိုင်ရန်အတွက် ကျွန်တော်ဖတ်ခဲ့ဖူးသော ဆောင်းပါးများအထဲမှ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဆောင်းပါးရေးသူကိုလဲ ကျေးဇူးအထူးတင်ရှိပါကြောင်း........

Sunday, May 29, 2011

ဘဝတု သဗ္ဗမင်္ဂလာ သုံးဂါထာ

(၁)ဘဝတု သဗ္ဗမင်္ဂလံ ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
   သဗ္ဗဗုဒ္ဓါ နုဘာဝေန ၊ သဒါ သုခိ ဘဝန္တုတေ။

(၂)ဘဝတု သဗ္ဗမင်္ဂလံ ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
   သဗ္ဗဓမ္မာ နုဘာဝေန ၊ သဒါ သုခိ ဘဝန္တုတေ။

(၃)ဘဝတု သဗ္ဗမင်္ဂလံ ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
   သဗ္ဗသံဃာ နုဘာဝေန ၊ သဒါ သုခိ ဘဝန္တုတေ။

မှတ်ချက်။     ။ဤဂါထာသည် မင်္ဂလာဖြစ်ရန် ၊ နတ်များချစ်ခင်စောင့်ရှောက်ရန် ၊
                 သတ္တဝါများချမ်းသာရန် ရတနာသုံးပါး၏ တန်ခိုးတေဇော်အာနုဘော်
ကိုယူ၍ ဆုတောင်းသောဂါထာဖြစ်သည် နေ့ စဉ်  ညစဉ်ရွတ်ဆိုပွားများပါက လောကီ
လောကုတ္ထရာနှစ်ဖြာသောအကျိုးစည်းပွားကို ရရှိခံစားရမည် ဖြစ်ပါသည်။

Posted by ဝတ

ကျွန်တော် ခရီးသွား (၁)

၂၀၀၈ ခုနှစ်၊ မေလ (၂၄)ရက်။
ဒီနေ့သည် ဂျပန်ဘာသာသင်ကြားမှု (၁)လခွဲပြည့်မြောက်သည့်နေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဂျပန်နိုင်ငံရောက်ပြီး ဦးစွာပထမခရီးတစ်ခု ထွက်ဖြစ်ဖို့ အကြောင်းပေါ်လာပါတယ်။ မြန်မာပြည်က ထွက်မလာခင် ဂျပန်ကို ပညာတော်သင်သွားရဖို့ ပြင်ကြဆင်ကြတုန်းကလည်း ဂျပန်နိုင်ငံနဲ့ ပတ်သက်တဲ့ အထောက်အထားစာရွက်စာတမ်း တွေလက်လှမ်းမှီသလောက် ရှာကြည့်ပါတယ်။ ထုံးစံအတိုင်း အမြဲရောက်နေကျ ပန်းဆိုးတန်းလမ်း ဘက်မှာပဲပေါ့။ ကံကောင်းထောက်မစွာ “ဂျပန်ပြည်မှာ ရက်ပေါင်း ၁၃၀၀” ဆိုတဲ့ စာအုပ်လေးတစ်အုပ်တွေ့တယ်။ ရေးတဲ့သူကလည်း MONBUKAGASHOU အတိုကောက်အခေါ် မွန်ဘူးရှိုး လို့ခေါ်တဲ့ ဂျပန်ပညာရေးဝန်ကြီးဌာန အထောက်အပံ့နဲ့ ဂျပန်နိုင်ငံမှာ ပညာတော်သင်နေသွားသူက ရေးသားထားတာဆိုတော့ ကျွန်တော့်အတွက် မွန်ဘူးရှိုးကျောင်းသားလဲ ဖြစ်ပြန်တော့ များစွာမှ အထောက်အကူရလှပါတယ်။ သူတို့တုန်းက Osaka gaidai အိုဆာကာ ဂိုင်းဒိုင်း လို့ခေါ်တဲ့ အိုဆာကာ နိုင်ငံခြားဘာသာသင် တက္ကသိုလ်မှာ နိုင်ငံတကာက ကျောင်းသားပေါင်းစုံ ဂျပန်စာ စုဝေးသင်ကြရပြီး အဲဒီနောက်မှ သက်ဆိုင်ရာ တက္ကသိုလ်များသို့ သွားကြရတာဖြစ်ပါတယ်။ သူတို့ ဂျပန်စာသင်ကြားနေစဉ်ကာလများမှာလည်း မကြာခဏဆိုသလို လေ့လာရေး အပျော်ခရီးစဉ်လေးတွေ စီစဉ်ပေးတယ်ဆိုတာ ဖတ်ခဲ့ရတယ်။ ဆိုတော့ ခရီးသွားလာရတာ အင်မတန်မှ နှစ်ခြိုက်တတ်တဲ့ ကျွန်တော့်အတွက်တော့ စူဋ္ဌလိပ်ရေထဲလွှတ်သလိုနေတော့တာပေါ့။ ကျွန်တော်လဲ ခရီးသွားလာပြီး ဒေသန္တရဗဟုသုတလေးတွေ ရှာဖွေရတာ အင်မတန်မှ စိတ်ဝင်စားပါတယ်။ ဘာလို့လဲဆိုတော့ ဒေသတစ်ခုနဲ့တစ်ခု၊ အဲဒီဒေသမှာ နေထိုင်နေကြတဲ့ လူမျိုးစုတွေရဲ့ နေထိုင်ပြုမူတာတွေကအင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့အတွက်ကြောင့်လဲဖြစ်ပါတယ်။

ကျွန်တော် ပညာသင် (၁)

၂၀၀၈ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့။
ဒီနေ့သည် ကျွန်တော်၏ ဘဝသစ်တစ်ခု အစပျိုးမည့်နေ့ဖြစ်ပါသည်။ သွားရမည်နေ့ရောက်သော်လည်း ကျွန်တော့်မှာ လိုအပ်သည်များပြင်ဆင်လို့ မပြီးသေးပါ။ အစတည်းက ဘယ်လိုပင် စီမံချက်ဆွဲ ပြင်ဆင်ခဲ့သော်လည်း လိုအပ်သည်များ ဖြည့်ဆည်းလို့ မဆုံးနိုင်သေးပါ။ ဒါက ဓမ္မတာဖြစ်ပါသည်။ မနှင်းယုရွှေ (ကွန်ပျူတာတက္ကသိုလ်) ထံ ဖုန်းဆက်ဖြစ်တာ ကံကောင်းသည်။ Hand Carry ထဲအစားအသောက်မှအစ Custom မလွတ်ကင်းတာမသယ်ဖို့ Luggage ထဲပဲထည့်ဖို့ပြောပါသည်။ သူက ကိုးရီယားတစ်ခေါက် ထွက်ထားဖူးတော့ သိနေတာဖြစ်သည်။ မြို့ထဲမှ အိမ်ပြန်ရောက်တော့ ပြင်ဆင်ထားသမျှ ပြန်ပြောင်းထည့်ရသည်။ ညနေ (၁၇း၄၅) နာရီ အိမ်မှ ထွက်ဖို့ပြင်ဆင်ထားပါသည်။ KME မှ ကိုဝေဖြိုးဆန်း ဂျစ်တစ်စီးနှင့် TAXI တစ်စီးသွားဖို့ ပြင်ဆင်ထားပြီး၊ ကျွန်တော်ချိန်းထားသည့် အချိန်အတိုင်း ရောက်မှလာပါ့မလား စိုးရိမ်နေဆဲမှာပင် လမ်းထိပ်မှ ကားချိုးကွေ့ဝင်လာတာမြင်ရသည်။ ယောဂီကျောင်းလမ်းထဲမှ ကျွန်တော့်အစ်ကို မိသားစု(ပြင်/ထိန်း) အား ဝင်ခေါ်ပြီး မင်္ဂလာဒုံလေဆိပ်သို့ ထွက်ခဲ့ပါသည်။