Monday, April 23, 2012

Programming ဘာသာရပ်လေ့လာလိုသူများအတွက်

Programming ဘာသာရပ်ကိုလေ့လာချင်သူတွေအတွက် အွန်လိုင်းပေါ်ကရင်းမြစ် (resources) တွေကို ညွှန်းချင်ပါတယ်။ ပညာရပ်တစ်ခုဆိုတာ လေ့လာလေနက်နဲလေ၊ ရှာဖွေလေတွေ့ရှိလေပါပဲ။ ပိုပြီးကျယ်ပြန့်စွာသိချင်ရင် အွန်လိုင်းမှာ programming နဲ့ coding တွေအတွက် ရှာနိုင်တဲ့နေရာတွေ အများကြီးပါ။
      ကျွန်တော် Network Computing ဘွဲ့အတွက်ကျောင်းတက်တုန်းက ပထမနှစ်မှာ Java နဲ့ပတ်သက်ပြီး object-oriented programming နှစ်ဘာသာယူရပါတယ်။ ကျွန်တော့်ဆရာက လည်း တကယ့်ပရိုဂရမ်းမင်းခရေဇီလေ။ သူဖတ်ဖို့ပေးထားတဲ့စာအုပ် ကလည်း ဘာသာရပ်နှစ်ခုစလုံးအတွက် တစ်မျိုးတည်းပဲ။ ဒါပေမယ့် ဆရာရော စာအုပ်ပါ သိပ်မထူးပါဘူး။ ပျင်းစရာကောင်းလှတယ်။ တစ်ခုကောင်းတာက ဆရာက အသင်အပြတော့ မကောင်းဘူး။ အညွှန်းတွေသိပ်ကောင်းတယ်။ သူတို့ညွှန်းတဲ့ site တွေကို ကျောင်း သားတိုင်းစိတ်မဝင်စားပေမယ့် ကျွန်တော်ကတော့ စိတ်ဝင်စားတယ်။ ကွန်ပျူတာအင်တာနက်ကို မွှေနှောက်နေရရင် စိတ်ထဲမှာ ပြေပျောက်နေတတ်တဲ့ကောင်ဆိုတော့ မွှေပြီပေါ့ဗျာ။
      ကျွန်တော်ပြောခဲ့တာအခြေအနေအမှန်ပါဗျာ။ ဆရာသင်တာ မရှင်းတော့ သိချင်စိတ်တွေများလာတယ်။ ဒီတော့ ပိုကောင်းတဲ့ စာအုပ်ကိုရှာဖို့ ဆုံးဖြတ်လိုက်ရတယ်။ စာအုပ်ဆိုင်တွေမှာ စာအုပ်တွေ ရှိပေမယ့် ဈေးကြီးတယ်ဗျာ။ တကယ်မဝယ်နိုင်ပါဘူး။ ဈေးပေါတာ တွေကအလုပ်မဖြစ်။ ဝယ်နိုင်တယ်ပဲထား အဲဒီစာအုပ်ကြီးတွေရှင်းမှ ပိုရှုပ် ကုန်တယ်။ ကျောင်းပြဋ္ဌာန်းစာအုပ်တွေလောက်တောင် မထူးတဲ့ စာအုပ်တွေကို စိတ်ကုန်လာတယ်။ ဒါပေမယ့် ကျွန်တော်က စိတ်မပျက်ဘူးဗျ။ စာအုပ်တွေနောက်က အညွှန်းတွေနောက်၊ သူတို့ ကိုးကားထားတဲ့ စာအုပ်တွေ စာရင်းနောက်ကို လိုက်ရင်လည်းရတာပဲ မဟုတ်လား။ ဒီနေရာကနေ ရှေ့ဆက်ဖို့စတာ အကောင်းဆုံးလို့ သတ်မှတ်လိုက်တယ်။
      ကျွန်တော်စိတ်အဝင်စားဆုံးက website တွေပဲ။ အိုင်တီကျောင်းသားတွေအများစု စိတ်မဝင်စားတတ်တဲ့နေရာလို့ ဆိုရမလားပဲ။  အဲဒီအထဲမှာ အကောင်းဆုံး site တွေကိုပြောပါဆိုရင် programming language နဲ့ပတ်သက်တဲ့ site တွေပဲ။ အခြား ပရိုဂရမ်းမင်းနဲ့ပတ်သက်တဲ့  coding community က အဖွဲ့ဝင် member site တွေလည်းရှိသေးတယ်။ အဲဒါတွေကိုတွေ့ကြုံရတာ ကျွန်တော့်အတွက်တော့ ရတနာသိုက်ကို ရှာတွေ့လိုက်ရသလိုပါပဲ။

Sunday, April 22, 2012

ရှင်ပြုခြင်း


ရှင်ပြုခြင်းသည် ထေရ၀ါဒ ဗုဒ္ဓဘာသာလူမျိုးတိုင်း ရင်ဝယ်ဖြစ်သော သားယောင်္ကျားလေးကို အချိန်အခါ အရွယ်ရောက်လာလျှင် သင်္ကန်း ၀တ်ပေးခြင်းဖြစ်သည်။
မာတိကာ
1 ရှင်ပြုပွဲသမိုင်းအစ
2 ရှင်ပြုနိုင်သည့်အရွယ်
3 ရည်ရွယ်ချက်
4 အဓိကလုပ်ငန်းကြီး (၃) ရပ်
4.1 ဆံရိတ်ခြင်း (၀ါ) ဆံချခြင်း
4.2 သင်္ကန်းဆီးခြင်း
4.3 သရဏဂုံဆောက်တည်ခြင်း
5 ကြွေးတင်ကျွန်ဖြစ် ရှင်သာမဏေမဖြစ်
6 ရဟန်းသာမဏေများ သင်ကြား လေ့ကျင့်ရမည့်တရားများမှ ၇၅-မျိုး
7 ကိုးကား

ရှင်ပြုပွဲသမိုင်းအစ

ဘုရားရှင်သည် ဘုရားအဖြစ်ရောက်ရှိပြီး တစ်နှစ်မြောက်သည့်အချိန်တွင် မွေးရာဇာတိ ကပိလ၀တ်နေပြည်တော်သို့ ကြွရောက်သီတင်းသုံးတော်မူပါတယ်။ တစ်ရက်တွင် ယသော်ဓရာမိဘုရားက သားတော်ရာဟုလာကို ဘုရားရှင်ထံ အမွေတောင်းခိုင်းပါသည်။ သားတော်ရာဟုလာမှ ဘုရားရှင်ထံအမွေတောင်းသည့် အခါတွင် ဘုရားရှင်က " သာရိပုတ္တရာ ရာဟုလာကို ရှင်ပြုပေးလိုက်ပါလို့ စေခိုင်းတော်မူပါသည်။ ရှင်သာရိပုတ္တရာရဟန္တာအရှင်မြတ်ကြီးမှ မည်သို့ရှင်ပြုပေးရမလဲဟု မေးလျှောက်တဲ့အခါ ဘုရားရှင်က ရဟန်းအပေါင်းကို စုဝေးစေပြီး "ရဟန်းတို့ သရဏဂုံသုံးပါးနဲ့ ရှင်သာမဏေပြုပေးဖို့ ငါဘုရားခွင့်ပြုတော်မူပါတယ်လို့ မိန့်တော်မူပါတယ်။
ရှင်ပြုနိုင်သည့်အရွယ်
အသက်တစ်ဆယ့်ငါးနှစ်ပြည့်သူကိုသာ ရှင်ပြုပေးရန် ဘုရားရှင်မှ မိန့်ဆိုတော်မူကြောင်း ၀ိနည်းမဟာဝါပါဠိတော်တွင်ပါရှိပါသည်။ သို့ရာတွင်မိဘများကွယ်လွန်သွားသဖြင့် ခိုကိုးရာမဲ့နေသော ကလေးငယ်နှစ်ဦးကိုသာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းချင်၍ ညီတော်အာနန္ဒာမထေရ်က ဘုရားရှင်ထံသို့လျှောက်ထားသောအခါ အသက်တစ်ဆယ့် ငါးနှစ်မပြည့်သေးသော်လည်း မိမိရှေ့တွင်ချထားသောဆွမ်းကို ကျီးမလာအောင် ခြောက်လှန့်နိုင်ခဲ့လျှင် ဒီသူငယ်ကို ရှင်ပြုပေးနိုင်တယ်လို့ ထပ်ဆင့်သတ်မှတ်တော် မူခဲ့ပါတယ်။

Thursday, April 19, 2012

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၆)

၂၆။ အင်္ဂလိပ်လိုစာတမ်းထိုးတဲ့ အင်္ဂလိပ်စကားပြော ရုပ်ရှင်တွေကို ကြည့်ပါ။ အချို့လူတွေက စာတမ်းမထိုးတဲ့ ရုပ်ရှင်ကိုကြည့်ရင် နားမလည်နိုင်ဘူး။ ဒါပေမယ့် ကိုယ့်ဘာသာစကားနဲ့ စာတမ်းထိုးတဲ့ ရုပ်ရှင်တွေကို ကြည့်ပြန်တော့လည်း စာတမ်းတွေကိုသာဖတ်နေပြီး အင်္ဂလိပ်လိုပြောတာကို နားမထောင်မိတော့ဘဲ ဖြစ်တတ်ပါတယ်။ အဲဒါဆိုရင် အင်္ဂလိပ်လို စာတမ်းထိုးပြီးကြည့်ဖို့ ဦးတည်ပြီး ကြိုးစားကြည့်ပါ။ ရုပ်ရှင်တစ်ကားလုံးကို အင်္ဂလိပ်စာတမ်းနဲ့ ကြည့်ဖို့ ခက်လွန်းနေတယ် ဆိုရင် (ပုံမှန်အားဖြင့် အရေးကြီးဆုံးအပိုင်းဖြစ်တဲ့) ပထမ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ကို ကိုယ့်ဘာသာစကားနဲ့ ကြည့်ပြီး အဲဒီနောက်ပိုင်းမှာ အင်္ဂလိပ်ဘာသာစကားနဲ့ ကြည့်ပါ။ ရုပ်ရှင်ဇာတ်လမ်းကို လုံးဝမသိတော့ဘဲ လမ်းပျောက်သွားမှပဲ စာတမ်းပြောင်းပြီး ကိုယ့်ဘာသာစကားနဲ့ ကြည့်ပါ။
၂၇။ ကိုယ့်ဘာသာစကားပြောတဲ့ ရုပ်ရှင်တွေကို အင်္ဂလိပ်လိုစာတမ်းထိုးပြီးကြည့်ပါ။ အင်္ဂလိပ်စကားပြော ရုပ်ရှင်တွေကို အင်္ဂလိပ်စာတမ်းထိုးနဲ့ပဲ ကြည့်ရတာ ခက်လွန်းနေတယ်ဆိုရင် ဒါမှမဟုတ် ကိုယ့်အိမ်နားမှာရှိတဲ့ ဗီဒီယိုဆိုင်မှာ အင်္ဂလိပ်စကားပြော၊ အင်္ဂလိပ်စာတမ်းထိုးရုပ်ရှင်တွေ မရှိဘူးဆိုရင် ဒီနည်းဟာ ဒုတိယအကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှရုပ်ရှင်တွေထဲမှာ အင်္ဂလိပ်စာတမ်းထိုးတဲ့ ရုပ်ရှင်တွေကို ရှာပြီးတော့ ကြည့်မယ်ဆိုရင် အရည်အသွေးကောင်းတဲ့ ရုပ်ရှင်တွေလည်း ဖြစ်တတ်ပါတယ်။ နိုင်ငံတကာမှာ လူကြိုက်များမယ်လို့ ထုတ်လုပ်သူတွေက ယူဆတဲ့အတွက်ဖြစ်ပါတယ်။

Wednesday, April 18, 2012

လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဟောပြောပွဲ

ဆရာဦးအေးငြိမ်းမှ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဟောပြောပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
နေ့ရက်။       ။ ၂၂၊ ၄၊ ၂၀၁၂ (တနင်္ဂနွေ)

အချိန်။         ။ ညနေ ၆ နာရီ မှ ၇ နာရီ

နေရာ။         ။ မင်္ဂလ၀ိဟာရ ၊ Eunos MRT အနီး

မှတ်ချက်။    ။ မြန်မာပြည်တွင် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဌာန်း အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဤဟောပြောပွဲကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်၊ မေလ ၄ ရက်နေ့၌ ကျုင်းပရန် ဖြစ်ပါသည်။
ယခုပွဲမှာ စင်ကာပူမှ မိတ်ဆွေအပေါင်း သိနိုင်စေရန် ပြုလုပ်ခြင်း ဖြစ်ပါသည်။
Posted by အိမ်လွမ်းသူ
Source :  စင်္ကာပူေ၇ာက်မြန်မာများ

Tuesday, April 17, 2012

တစ်နှစ်ပြည့်အမှတ်တရ

ဒီနေ့ဟာ နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေနဲ့ ဆေးကြောခဲ့ပြီး မင်္ဂလာရှိသောနှစ်သစ် စတင်မည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်သလို ကျွန်တော်တို့ရဲ့ မိတ္ထီလာ GTI သူငယ်ချင်းဟောင်းများ စုစည်းတည်ထောင်ခဲ့သော MTLA GTI GROUP BLOG ရဲ့ တစ်နှစ်ပြည့်မွေးနေ့ရက်လေး ဖြစ်ပါတယ်။ ဒီနေ့ထူးနေ့မြတ်လေးမှာ ကျွန်တော်တို့ မိတ္ထီလာ GTI သူငယ်ချင်းဟောင်းများအပါအဝင် မြန်မာပြည်သူ၊ ပြည်သားအာလုံး စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်း ရှိကြပါစေလို့ ရှေးဦးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ကျွန်တော်တို့ ဒီ blog ကို တည်ထောင်ခဲ့သော ရည်ရွယ်ချက်များစွာ ရှိခဲ့ပါတယ်။ ဝေးကွာနေကြတဲ့ သူငယ်ချင်းတွေ ပြန်လည်ဆုံဆည်းနိုင်ဖို့၊ မိမိတို့ရဲ့ တတ်ကျွမ်းတဲ့ လုပ်ငန်းနယ်ပယ်မှ အတွေ့အကြုံတွေ ဖလှယ်ကြဖို့၊ စင်္ကာပူကိုလာရောက် အလုပ်လုပ်ကိုင်ချင်သော သူငယ်ချင်းတို့အပေါ် အသိဥာဏ်ဗဟုသုတတိုးပွားစေဖို့ နှင့် လုပ်ငန်းအခွင့်အလမ်းများသိရှိစေဖို့် စသည့်ဖြင့် လက်ရှိစင်္ကာပူမှာရောက်ရှိအလုပ်လုပ်ကိုင်နေကြသော မိတ္ထီလာ GTI သူငယ်ချင်းဟောင်းများ စုစည်းပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ရှေးဦးစွာတည်ဆောက်ခဲ့ကြတာပါ။ နောက်ပိုင်းကာလတွေမှာ ကျွန်တော်တို့  မိတ္ထီလာ GTI ကျောင်းမှမဟုတ်သော ဝါသနာတူ အခြားသော သူငယ်ချင်းများပါ ဒီ blog မှာ ပါဝင်ရေးသားခဲ့ကြပါတယ်။ မိတ္ထီလာ GTI သူငယ်ချင်းဟောင်းများ စုစည်းပြီးစတင်တည်ထောင်ခဲ့သော blog ဖြစ်သောကြောင့် MTLA GTI GROUP BLOG ဟု အမည်ပေးဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးအကြောင်းမပါ လူပုဂ္ဂိုလ်ချင်း၊ အုပ်စု အသင်းအဖွဲ့ချင်း ထိခိုက်နစ်နာစေမဲ့ အကြောင်းအရာများကို ရေးသားခြင်းမပြုလုပ်ရ ဟူသော စသည့်အခြေခံ စည်းမျဉ်းစည်းကမ်းချက်များ ကျမှတ်ခဲ့ပြီး ဒီ blog စတင်တည်ထောင်ရေးသားခဲ့ကြရာ ယနေ့ဆိုရင် ကျွန်တော်တို့ရဲ့ blog လေး တစ်နှစ်ပြည့်ခဲ့ပါပြီ။ အလုပ်ကိုယ်စီနှင့် မိမိတို့ အားလပ်ချိန်တွေထဲမှ အချိန်ပေးပြီးရေးသားပေးခဲ့သော သူငယ်ချင်းများအားလုံးကို ကျွန်တော်တို့ blog မှ ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် နောင်ကာလများမှာလဲ ဒီထက်တိုးပြီး ရေးသားဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ဒီ blog လေးစတင်ဖြစ်မြောက်အောင် အကြံဥာဏ်ပေးခဲ့သော ကိုဂျစ်တီးအား ကျေးဇူးဦးပကာရတင်ရှိပါတယ်။ ထိုအတူ ကျွန်တော်တို့ blog ရဲ့အင်္ဂလိပ်စာကဏ္ဍ ပင်တိုင်ဆောင်ပါးရှင် ကိုတူး (မိတ္ထီလာ GTI) အားလည်းကောင်း၊ ဘာသာရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့်ပတ်သက်၍ ရေးသားပေးခဲ့သော ကိုထွန်းမြင့်ဌေး အားလည်းကောင်း၊ ဂျပန်နိုင်ငံမှနေ၍ ခရီးသွားမှတ်တမ်းအတွေ့အကြုံများကို ရေးသားပေးခဲ့သော ကိုစိုးမင်းခိုင် အားလည်းကောင်း၊ ထို့အတူ ခရီးသွားဆောင်ပါး၊ ကဗျာ၊ ပညာရေးနှင့် ပတ်သက်၍ ရေးသားပေးသော ကိုငခဲ၊ ကိုဂျစ်တီး တို့အားလည်းကောင်း၊ နည်းပညာအကြာင်းများ ရေးသားပေးခဲ့ကြသော ကိုဝတီနှင့် မိတ္ထီလာGTI ကျောင်းသားပောာင်းတဦး အားလည်းကောင်း၊ စင်္ကာပူနိုင်ငံနှင့်ပတ်သက်သော အကြောင်းအရာများကို ရေးသားပေးခဲ့သော အိမ်လွမ်းသူ အားလည်းကောင်း၊ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ရေးသားပေးခဲ့သော မောင်စူးစမ်း(MTLA GTI) အားလည်ကောင်း၊ မိတ္ထီလာGTI ကျောင်းဟောင်းဓာတ်ပုံ နှင့် မြတ်ဆရာပူဇော်ကန်တော့ပွဲ ဗွီဒီယိုမှတ်တမ်းခွေတို့ကို ပို့ပေးခဲ့သော မြန်မာပြည်မှ မိတ္ထီလာGTI သူငယ်ချင်းဟောင်းများ အားလည်ကောင်း၊ မိတ္ထီလာGTIကျောင်းမှ သူငယ်ချင်းဟောင်းများ အမှတ်တရ အလွှမ်းပြေ ပြန်လည်ကြည့်ရှူခွင့်ရအောင် ဓာတ်ပုံများပို့ပေးခဲ့သော Jenny Sanngwe အားလည်းကောင်း၊ blog တွင် ရေးသားဖို့ E mail မှတဆင့် ပို့ပေးခဲ့ကြသော အမည်မဖော်ပြလိုသော သူငယ်ချင်းများ အားလည်းကောင်း၊ blog ဖြစ်မြောက်လာအောင် အဖက်ဖက်မှ အကြံဥာဏ်နှင့် အကူအညီပေးခဲ့ကြသော သူငယ်ချင်းများ အာလုံးနှင့် ကျွန်တော်တို့ blog ကို အလည်အပတ်လာရောက်ခဲ့ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်းတို့ကို ကျေးဇူးအထူးတင်ရှိပါကြောင်း ကျွန်တော်တို့ MTLA GTI GROUP BLOG ADMIN အဖွဲ့မှ blog ၏တစ်နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ပြောကြားအပ်ပါသည်။
Posted by MTLA GTI GROUP

သူငယ်ချင်းအတွက် နှစ်သစ်ဆုတောင်း

သူငယ်ချင်းရေ.....
မြန်မာသက္ကရာဇ် ၁၃၇၃ ခု၊ နှစ်ဟောင်းကာလကို ငါတို့ကျောခိုင်းနှုတ်ဆက်ခဲ့ကြရပြီ။ ဒီနေ့ဆို မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် ကိုရောက်လာခဲ့ပြီ။ မင်္ဂလာရှိတဲ့နှစ်သစ်ကို ငါတို့ မိတ္ထီလာ GTI သူငယ်ချင်းဟောင်းတွေနဲ့အတူ ဒီနေရာလေးကနေ ကြိုဆိုလိုက်ကြရအောင်....။
ငါတို့တွေဟာ ဟိုအရင်တချိန်က မိတ္ထီလာ GTI ကျောင်းတော်ကြီးမှာ ပညာနို့ရည်အတူသောက်သုံးခဲ့ကြတဲ့ သူငယ်ချင်းဟောင်းတွေပါ။ ကျောင်းပြီးကြလို့ ဒို့တတွေ့ ခွဲခွာကြပြီး ငါတို့ဘဝတွေအတွက် ရုန်းကန်ခဲ့ကြရတယ်လေ။ ရေကြည်ရာ မြက်နုရာအရပ်ဒေသအသီးသီးမှာ ဘဝအတွက် အလုပ်တွေလုပ်ခဲ့ကြရင်း ဒို့သူငယ်ချင်းတွေ မဆုံဖြစ်ခဲ့တာလဲ ကြာခဲ့ပါပြီ။ သြော်.......အခုပြန်တွေ့ကြချိန်မှာတော့ ဟိုအရင်ကလိုပဲ ကျောင်းသားဘဝတွေလို မဟုတ်ကြတော့ဘူး။ အလုပ်ကိုယ်စီနဲ့ ငါတို့ရဲ့ မိသားစုတွေအတွက် ရုန်းကန်လှုပ်ရှားနေကြရပြီ။ ဒါပေသည့် သူငယ်ချင်းဆိုတဲ့ ခင်မင်ချစ်ခင်၊ ရင်းနှီးခဲ့ကြတဲ့စိတ်တွေကတော့ မလျှော့ခဲ့ဘူးလို့ ငါထင်မိတယ်။ သူငယ်ချင်းတွေပြန်တွေ့ကြတော့ ဒို့တွေ ကျောင်းတက်ခဲ့တုန်းက အကြောင်းတွေပြန်ပြောကြရင်ွး ကျောင်းကိုပြန်သတိရမိခဲ့ကြတယ်။ တစ်ဦးနဲ့တစ်ဦး ဝေးခွာနေကြပြီဆိုတော့ ပြန်လည်ဆုံတွေဖို့ဆိုတာ မလွယ်တော့ဘူးလေ။ ဒါပေမဲ့ ငါတို့သူငယ်ချင်းတွေ ဘယ်လောက်ပဲဝေးဝေး အမြဲဆုံဆည်းကြနိုင်ဖို့ စဉ်းစားခဲ့ကြရာကနေ ငါတို့ ဒီ blog လေးကို တည်ထောင်ဖြစ်ခဲ့တယ်။ မြန်မာပြည်မှာရှိတဲ့ သူငယ်ချင်းဟောင်းတွေအပါအဝင် ပြည်ပရောက် သူငယ်ချင်းဟောင်းတွေအားလုံးအတွက် ငါတို့တွေရဲ့ ခံစားမူ၊ အတွေးအမြင်၊ ဗဟုသုတ၊ သုတ၊ ရသ နဲ့ နည်းပညာဆိုင်ရာတွေမှာ အမြင်ချင်းဖလှယ်နိုင်ဖို့ ရည်ရွယ်တည်ဆောက်ခဲ့ကြတာပဲ။ ဒီနေ့ဆိုရင် ငါတို့ blog လေး တည်ထောင်ခဲ့တာ တစ်နှစ်ပြည့်တဲ့ နေ့ရက်ဆိုတာ မင်းလဲ အသိပါ။ အလုပ်တွေနဲ့ မအားလပ်တဲ့ကြားကနေ ငါတို့ သူငယ်ချင်းတွေ ကိုယ်ပိုင်အတွေးနဲ့ပဲဖြစ်ဖြစ်၊ ကိုယ်ဖတ်ရှူသိရှိခဲ့တဲ့အထဲကပဲဖြစ်ဖြစ် ဒီ blog မှာ မျှဝေရေးသားပေးခဲ့ကြတယ်။ ကိုယ်တိုင်မရေးဖြစ်ခဲ့ကြပေမဲ့ အကြံဥာဏ်တွေ ပေးခဲ့ကြတယ်။ ငါတို့ကိုကျောင်းမှာ သင်ပေးခဲ့တဲ့ ဆရာ၊ဆရာမဟောင်းတွေအတွက် ကန်တော့ပွဲလုပ်မယ်ဆိုတော့လဲ အားတက်သရော ပါဝင်ခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းရေ.... ဒါတွေဟာ ငါတို့သူငယ်ချင်းတွေရဲ့ ပြန်လည်ဆုံဆည်းမူ ပြယုဂ်လေးတွေပါ။ နောက်နှစ်တွေမှာလဲ ငါတို့တွေ ဒီထက်ပိုပြီး ဆုံဆည်းနိုင်ကြမည်လို့ ငါမျှော်လင့်မိပါတယ်။
သူငယ်ချင်းရေ.... မင်းလဲ မင်းဘဝအတွက် ကြိုးစားပေါ့။ ငါတို့တွေဆိုတာ ဟိုတချိန်က အတူတက်ခဲ့တဲ့ သူငယ်ချင်းတွေဆိုတာတော့ မင်းရင်ထဲမှာ အမှတ်ရနေမယ်ဆိုတာ ငါ အမြဲယုံကြည်လျက်ပါ.....
ဒီနှစ်သစ်ကစလို နောက်နှစ်များစွာ မင်းရဲ့ဘဝမှာ ပျှော်ရွင်ချမ်းမြေ့မူတွေနဲ့ ပြည့်စုံနိုင်ပါစေလို့ သူငယ်ချင်းအတွက် ငါ ဆုတောင်းပေးလိုက်ပါတယ်.....
Posted by သူငယ်ချင်းတစ်ဦး

Monday, April 16, 2012

မြန်မာနှစ်သစ်ဦး ဆုတောင်း

မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအပါအဝင် ပြည်ပရောက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအာလုံး ကိုယ်စိတ်နှလုံး ရွင်လန်းချမ်မြေ့ကြပါစေဟု MTLA GTI GROUP မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ၁၃၇၄ ခု၊ နှစ်သစ်အခါသမယမှ တစ်နှစ်တာကာလအတွင်းမှာ မိမိတို့၏ စီးပွားရေး၊ ကျန်မာရေး၊ လူမူရေးတို့တွင် အရင်နှစ်တို့ထက် ကြံစည်တိုင်းအောင်မြင်နိုင်ပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေလို့ ထပ်လောင်း၍ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
Posted by MTLA GTI GROUP

Saturday, April 14, 2012

ရာဇဝင်ထဲက သင်္ကြန်

ပိတောက်သင်းသော လရာသီ
သင်္ကြန်လေအေးလေးက အပူထဲမှ အအေးကိုယူဆောင်လာသည်။ ပုဂံမြေမှ အပျော်အပါး ခုံမင်သော၊ အကျီးစားသန်သော နရသီဟပတေ့မင်း၏ ထူးကဲစွာ ပြင်ဆင်ထားသည့် သင်္ကြန်ပွဲတော်.....
မိဖုရားကြီးငယ်များ၊ မောင်းမတော်၊ ကိုယ်လုပ်တော်၊ အပျိုတော်များအားလုံး တင့်တယ်သော အလှကိုယ်စီဖြင့် ပျော်ရွင်စွာ ရေးကစားကြသည်။
“ဘုန်းတော်ကြီးမြတ်သော မောင်တော်ဘုရား ကျန်းမာပါစေ”
“မောင်တော်မင်ကြီး အေးချမ်းပါစေ”
“မောင်တော် ဘုန်းတော်ကြီးမြင့်ပါစေ” စသည့်ဖြင့် ကောင်းမြတ်သော ဆုတောင်းများနှင့်အတူ မိဖုးရားခေါင်ကြီးနှင့်တကွ မိဖုရားများမှ သွန်းဖျန်းသောရေစင်ဖြင့် နရပတေ့မင်းကြီး၏ကိုယ်တော်မှာ ရွဲရွဲစိုလျက်။
မိဖု၇ားအချင်းချင်းလည်း အပြန်အလှန် ရေကစားကြသည်။ ရေကစားမဏ္ဍပ်တော်အတွင်း၌ ရယ်သံမောသံများညံ၍ အားလုံးအားလုံးသောသူတို့မှာ ရေရွဲရွဲစိုလျက်။
အားလုံးထဲတွင် ထူးခြားနေသူက မိဖုရားစောလုံ။
စောလုံသည်ဣနြေ္ဒရစွာ စံမြန်းလျက် ရံရွှေတော်များ ဆက်သသောပိတောက်ပန်းများကို ရင်မှာထွေးပွေ၍ သင်းသင်းလေးနှင့် မွှေးအိသော ပိတောက်နံကို မြတ်နိုးစွာ ခံစားနေ၏။ အဆောင်ရ နန်းရမိဖုရားများထဲတွင် ကိုယ်နေဟန်ထားသွယ်လျ အချိုးကျသူ။ အသက်ငယ်သူ လှပတင့်တယ်သော ကောင်းခြင်းအဖြာဖြာနှင့် ပြည့်စုံသော မိဖုရားစောလုံသည် ပိတုန်းရောင် ဆံကေသာထက်တွင် ပိတောက်ပန်းတစ်ခက်ကိုပန်ဆက်၍ ပိတောက်ပန်းနှင့်အပြိုင် လှပတင့်တယ်နေ၏။