Friday, May 20, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၁)

Simple Future Tense

will + verb
ပေးထားတဲ့  ကြိယာကို will ဆိုတဲ့  စကားလုံးလေးနဲ့ တွဲသုံးလိုက်လျှင် ဒီ Tense ရပါတယ်။ ကတ္တားအားလုံးနဲ့ ဧက၀ုစ်၊ ဗဟုဝုစ်မရွေး သုံးနိုင်တယ်။
I will read.
The boys will read. စသည်ဖြင့်..............
မဟုတ်ဝါကျလုပ်လျှင် will နောက်က not ထည့် လိုက်ရုံပါပဲ။
He will not come.
will not ရဲ့ အတိုကောက်က won’t ဖြစ်တယ်။
မေးခွန်းလုပ်လျှင် will ကို ကတ္တားရဲ့ ရှေ့ ပို့ ပေးလိုက်ရုံပါပဲ။ ဥပမာ..........
Will she take it?
When will the show begin?
ဒီ Tense ကို သုံးတာကတော့  အနာဂတ်ဆိုပေမယ့် လို့  နီးကပ်တဲ့  မနက်ဖြန်၊ သဘက်ခါ ဆိုတာမျိုးမှာ သုံးလေ့မရှိဘူး။ ခပ်လှမ်းလှမ်းသဘော၊ စိတ်ကူးရည်ရွယ်တဲ့ သဘောမျိုးမှာသာ သုံးလေ့ရှိတယ်။
We will visit Bagan this summer.
ဒီနှစ်နွေ ပုဂံကို သွားကြမယ်။ (လှမ်းပါသေးတယ်။ သွားရကောင်းမလား စိတ်ကူးရည်မှန်းတာ)
I will talk to her later.
ငါ သူမကို နောက်မှ ပြောမယ်။( အခုသေချာပေါက် မလုပ်သေးဘူး။ )
မနက်ဖြန်သဘက်ခါလို နီးနီးကပ်ကပ်လုပ်မယ့် ဟာမျိုးအတွက် Present Continuous ကို အစားထိုးသုံးလေ့ ရှိတယ်။
I am going to Bagan tomorrow.
မနက်ဖြန် ပုဂံသွားမလို့။
We are playing against them next Sunday.
ငါတို့  လာမယ့် တနင်္ဂနွေနေ့  သူတို့ နဲ့ ကစားကြရမယ်။
သဘာဝဖြစ်ရပ်တို့  ၊ လျှင်နဲ့တွဲသုံးတာမှာတော့  will ကိုပဲ သုံးတယ်။
Tomorrow will be Sunday.
မနက်ဖြန် တနင်္ဂနွေနေ့။
If you work hard, you will be successful.
မင်းကြိုးစားလျှင်၊ အောင်မြင်လိမ့် မယ်။
သေချာပေါက်ဖြစ်မယ့် သဘော၊ ရွည်ရွယ်ထားတဲ့ သဘောမျိုးကို ဖော်ပြဖို့ going to ကို သုံးတယ်။
It is going to rain soon.
မကြာခင် မိုးရွာတော့မယ်။
They are going to sell their house.
သူတို့  အိမ်ရောင်းကြတော့ မလို့ ။
Passive Voice လုပ်မယ်ဆိုလျှင် will နောက်က be ထည့် ပြီး လိုအပ်တဲ့  ကြိယာကို Past Participle လုပ်ရမယ်။
A new school will be built next year.
ရှေ့နှစ်မှာ ကျောင်းသစ်ဆောက်မယ်။
Very easy questions will be asked.
အင်မတန် လွယ်တဲ့  မေးခွန်းတွေ မေးမယ်။
Going to ပုံစံကို Passive လုပ်လျှင် Be ကိုပဲ သုံးရတယ်။
The old cinema is going to be pulled down.
ရုပ်ရှင်ရုံဟောင်းကြီးကို ဖြိုချတော့ မလို့ ။
These roads are going to be repaired.
ဒီလမ်းတွေကို ပြင်တော့မယ်။
Can, Could, Would, Should, Must စတဲ့  ကြိယာထောက်တွေဟာလည်း will နဲ့ တစ်သဘောတည်းပဲ သုံးရတယ်။
You can have this book next Monday.
မင်း ဒီစာအုပ်ကို နောက်တနင်္လာနေ့ မှာရနိုင်မယ်။
These words must be learnt by heart.
ဒီစကားလုံးတွေကို အလွတ်ကျက်ထားရမယ်။

Future Continuous Tense

will be + V-ing
ကြိယာထောက် will နောက်က Be ပြီးတော့  ကြိယာကို ing ထည့်ပေးလိုက်ရင် ဒီ Tense ရပါတယ်။
will be reading.
will be writing.
သူ့ ကိုသုံးတာကတော့  နောက်တစ်ချိန်မှာ ဆက်တိုက်ဖြစ်နေမှာကို ပြောလိုတဲ့အခါ သုံးတာပါ။ ဥပမာ............
When you come at nine tomorrow, I will be working in the garden.
မင်း မနက်ကိုးနာရီလာလျှင် ငါခြံထဲမှာ အလုပ်လုပ်နေမယ်။ (အလုပ်လုပ်နေတာ တွေ့ ရမယ်။)
At this time next week we will be travelling in Upper Myanmar.
ရှေ့အပတ် ဒီအချိန်ဆိုရင် ငါတို့  အထက်မြန်မာပြည်မှာ လျှောက်လည်နေမယ်။
တကယ်လို့  မင်းမနက်ဖြန်လာရင် ငါ မင်းကို စာအုပ်ပေးမယ်။ ရှေ့အပတ်ဒီအချိန်ဆိုရင် ငါတို့  အထက်မြန်မာပြည်ကို ခရီးစထွက်မယ်။ စသည်ဖြင့်  ပြောတာဖြစ်ခဲ့ လျှင် Simple Future ကိုပဲ သုံးပေလိမ့် မယ်။ နောင်တစ်ချိန်မှာ ဆက်လက်လုပ်နေမှာကို ပြောချင်တာကြောင့်  Future Continuous သုံးကြောင်း ကွဲပြားပါစေ။ Future Continuous မှာ Passive Voice မရှိဘူးလို့  မှတ်ပါ။ နေရာတကာ Passive ရုပ် မရှိကြောင်း အထက် တနေရာမှာ ဆိုခဲ့ ပြီးပြီ။

Future Perfect Tense

will have + Past Participle
ဥပမာ................
will have done.
will have built.
နောင်တစ်ချိန်မှာလုပ်လို့  ပြီးပြတ်မှာကို ပြောချင်လျှင် ဒီ Tense ကို သုံးတယ်။ စာဖတ်တာ ပြီးမယ်၊ စာရေးတာပြီးမယ်ဆိုတာမျိုးပေါ့။
I will have read the book this evening.
ကျနော် စာအုပ်ကို ကနေ့ ညနေ ဖတ်ပြီးမယ်။
We will have built our house by March next year.
ရှေ့နှစ် မတ်လဆို ကျနော်တို့  အိမ်ဆောက်ပြီးမယ်။
Future Perfect ကို Passive လုပ်လျှင် will have နောက်က been ကို သုံးရလိမ့် မယ်။
The house will have been built.
Future Perfect Continuous ဆိုတာ ရှိပါသေးတယ်။ အသုံးနည်းတဲ့  အတွက် မဖော်ပြတော့ ပါဘူး။
Future နဲ့ ပတ်သက်ပြီး မှတ်သားရမှာကတော့  ၀ါကျမှာ အပိုင်းနှစ်ပိုင်း ပါလျှင် တစ်ပိုင်းပဲ Future သုံးရတယ်။ တစ်ပိုင်းက Simple Present စတဲ့  Tense မျိုးဖြစ်ရမယ်ဆိုတာပါပဲ ။ ဥပမာ..(မင်းမနက်ဖြန်လာရင် ငါ စာအုပ်ပေးမယ်) ဆိုတာကို အင်္ဂလိပ်လိုရေးမယ် ဆိုပါတော့ ။
When you will come tomorrow, I will give you a book လို့ မရေးရပါဘူး။
When you come tomorrow, I will give you a book. လို့ သာ ရေးရတယ်။ အလားတူ ….
When I have done my homework, I will go out with you.
ငါအိမ်စာလုပ်ပြီးလျှင် မင်းနဲ့အပြင်သွားမယ်။
He will love it when he sees it.
သူမြင်ရင် သဘောကျလိမ့် မယ်။
Will you love me when I am sixty - four?
ကိုယ့် အသက် ခြောက်ဆယ်လေးနှစ် ရှိတဲ့ အခါ မင်းကိုယ့် ကိုချစ်မှာလား။

Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment