Monday, June 13, 2011

ကျွန်တော် ခရီးသွား (၂)

၂၀၀၈ ခုနှစ်၊ မေလ (၁၅) ရက်။
ဒီနေ့ ကျွန်တော်လဲ ဂျပန်စာ အတန်းပြီးတော့ အဆောင်ပြန်လာ ခဏနားပြီး တော့အောက်ထပ်ကို မေးလ်စစ်ဖို့ ဆင်းလာခဲ့ပါတယ်။ ကျွန်တော်တို့ အဆောင်မှာ ကျောင်းသားများ အသုံးပြုရန် Computer Room တစ်ခု Desktop Computer ၅-လုံး ပေးထားပါတယ်။  မေးလ်ဖွင့်ကြည့်တော့ ကျွန်တော်တို့ Lab မှ Kato San(ကာတိုးစံ- နောင်တွင် ကျွန်တော်၏ Research Student ကာလတွင် Tutor ဖြစ်လာမည့်သူ၊) မှ တောင်တက်ခရီးစဉ်အတွက် အသက်အာမခံလုပ်ဖို့ လိုသည့်အတွက် လိုအပ်သည့်အချက်အလက်များ လှမ်းမေးထားပါတယ်။ Japanese Language Class အတွက် Orientation လုပ်ပေးစဉ်တုန်းကလည်း ကျွန်တော့်ဆရာ A.P Kato မှလည်း Lab အဖွဲ့ရဲ့ တောင်တက်ခရီးစဉ်ရှိကြောင်း ပြောပြထားတာ ရှိပါတယ်။ ဒီတောင်တက်ခြင်းက ကျွန်တော့်အတွက် ရိုးတွင်းခြင်ဆီထဲက ဝါသနာတစ်ခုလို့ ပြောလို့ရပါတယ်။ မန္တလေး နည်းပညာတက္ကသိုလ်မှာတုန်းကလည်း ဘေးနားက ရှမ်းတောင်တန်းတွေပေါ် ကျွန်တော်နှင့် သူငယ်ချင်းများ တော်တော်များများခြေချခဲ့ဖူးပါတယ်။ ဒါနဲ့ကျွန်တော်လဲ ချက်ခြင်းစိတ်ဝင်စားသွားပြီး  ခရီးစဉ်ရဲ့အကြောင်း၊ ဘယ်ချိန်လောက်သွားကြမှာလဲ ဆိုတဲ့အကြောင်း စာပြန်လိုက်ပါတယ်။

 ဒီက Lab တွေရဲ့ ထုံးစံက ခရီးစဉ်တွေရှိရင် စတုတ္ထနှစ် ကျောင်းသား(သို့) မဟာအင်ဂျင်နီယာတန်း ပထမနှစ် ကျောင်းသားတွေက ခရီးစဉ်အတွက် စီစဉ်ရလေ့ရှိပါတယ်။ အဲဒီအတွက် Professor ကြီးတွေက ဝင်ရောက်စွက်ဖက်လေ့မရှိပါ။  သူတို့စီစဉ်ပေးသည့်အတိုင်း လိုက်နာ သွားလာရလေ့ရှိပါသည်။ အဲဒီနေ့ ညပိုင်းလောက်မှာပဲ Kato San မှ (၁၇.၅.၂၀၀၈)ရက်နေ့ နံနက်(၈း၀၀)နာရီ နာဂိုယာဘူတာကြီးရှိ NaNa Chan Doll နေရာမှာ စုရပ်လုပ်ကြမှာဖြစ်ကြောင်း၊ Exit-8 ကထွက်ပြီး ၎င်းအရုပ်ကြီးရှိရာ လာရမှာဖြစ်ကြောင်း၊ ကျွန်တော်သိရှိစေရန် NaNa Chan Doll အရုပ်ပုံကြီးနှင့် ရှာရလွယ်ကူစေရန် မြေပုံများပါ ပူးတွဲပေးပို့ လိုက်ပါတယ်။ နောက်မှသိရသည်မှာ ၎င်း NaNa Chan Doll မှာ ထင်ရှားပေါ်လွင်သည့် အမှတ်အသား ဖြစ်သည့်အတွက် အဖွဲ့လိုက်ခရီးများသွားလာရာတွင် စုရပ်အဖြစ်ပြုလုပ်လေ့ရှိကြောင်း သိရပါတယ်။

(နာဂိုယာဘူတာကြီးရှိ စုရပ်များပြုလုပ်လေ့ရှိရာ NaNa Chan Doll ကြီးပဲဖြစ်ပါတယ်။ ၎င်း အရုပ်ကြီးအတွက် ဝတ်စုံအား လစဉ် ရာသီအလိုက်(သို့) ထင်ရှားသော ဖြစ်ရပ်များကို ကိုယ်စားပြု၍ အမျိုးမျိုးဝတ်ဆင်ပေးလေ့ရှိပါသည်။)

Kato San မှ တောင်တက်ရန်အတွက် ပုဝါများလည်း လိုအပ်မည်ဖြစ်ကြောင်း၊ နေ့လည်စာ ထမင်းဗူးလည်း ကိုယ်တိုင်စီစဉ်ခဲ့ရန် စသည်များမှာကြားထားသည့်အတွက် ကျွန်တော်လည်း တောင်တက်ရာတွင် ယူဆောင်သွားရမည့် ရေဗူး၊ မုန့်များ၊ ထမင်းဗူးနှင့် ပုဝါများ (ဂျပန်များမှာ ပုဝါများအား နေရာအလိုက် တော်တော်များများ သုံးစွဲကြသူများ ဖြစ်ပါသည်။) ပြင်ဆင်ထားလိုက်ပါသည်။ သွားမည့်နေ့ နံနက်တွင် ကျွန်တော်လည်း အဆောင်မှ စောစော ထွက်လာရာ ကျွန်တော်နှင့် Lab လည်းတူ၊ တစ်ဆောင်တည်းသား ထိုင်ဝမ်ကျောင်းသားနှင့် ဘူတာတွင်ဆုံပါသည်။ ထိုမှနှစ်ယောက်သား နာဂိုယာဘူတာကြီးသို့ ချီတက်လာကြရာ ဘူတာကြီးသို့ရောက်ရှိပြီးသူရော ကျွန်တော်ပါကျောင်းသားသစ်များဖြစ်ကြသည့်အလျောက်စုရပ်နေရာအားတော်တော်နှင့် မတွေ့နိုင်သေးပဲ ဖြစ်နေကြရာနောက်ဆုံးတွင်မှဘူတာရုံဝန်ထမ်းအား   မေးမြန်းသောအခါတွင် မှရောက်ရှိသွားပါတော့သည်။
ကျွန်တော်တို့ ရောက်ရှိချိန်တွင် Professor များနှင့် ကျောင်းသားများ စုံလင်စွာ ရောက်ရှိနေကြပြီး ကျွန်တော့် Professor ကြီးမှ ကျွန်တော်ဝတ်ထားသည်အား ကြည့်၍ ချမ်းနေသလားဟု သဘောကျစွာမေးပါသည်။ ကျွန်တော်တို့နေထိုင်ရာ နာဂိုယာမြို့တွင် မေလလယ်လောက်သည် ပျမ်းမျှအားဖြင့် နေ့အပူချိန် ၂၂-၂၃ ဒီဂရီ စင်တီဂရိတ်ခန့်သာ ရှိသောကြောင့် ဂျပန်လူမျိုးများအတွက် နေထိုင်သွားလာလို့ ကောင်းရုံသာရှိသော်လည်း ကျွန်တော့်မှာ တောင်တက်ရာတွင် အမြင့်ပိုင်းရောက်လျှင် လေတိုက်သည့်ဒဏ်ခံနိုင်ရန်အတွက်ရော၊ အအေး ဒဏ်ခံနိုင်ရန်အတွက်ပါ ရှပ်အထူကို ဝတ်ဆင်လာခဲ့ခြင်း ဖြစ်ပါသည်။ ထို့နောက် Kato San မှ ခရီးစဉ်အတွက် ကျသင့်သည့်ငွေ ကောက်ခံပြီး၊ ကျွန်တော်တို့ ယခုသွားမည့် ခရီးစဉ်မှာလည်း ဘတ်စ်ကားနှင့် ဖြစ်သောကြောင့် ဘတ်စ်ဂိတ်သို့ ထွက်လာခဲ့ကြပါသည်။ ယခုကျွန်တော်တို့ တက်ရောက်မည့် Mt. Gozaisho ဂေါ်ဇိုင်းရှောတောင် သည် ကျွန်တော်တို့ နေထိုင်ရာ Aichi Prefecture နှင့် နယ်ချင်းကပ်လျက်ရှိသည့် Mie (မိအဲ) Prefecture နှင့် Shiga Prefecture အစပ်တွင်ရှိပါသည်။ ဂေါ်ဇိုင်းရှောတောင်သည် Suzuka Mountains ဆူဇူကာတောင်တန်းများရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အမြင့်ပေ ၄၀၀၀နီးပါး (၁၂၁၂မီတာ) ရှိကာ ၎င်းတောင်တန်းများတွင် အမြင့်ဆုံးတောင်ထွတ်လည်းဖြစ်ပါသည်။
ထို့နောက် ကျွန်တော်တို့ Lab ၏ ပထမဦးဆုံး ခရီးစဉ် စတင်ခဲ့ပြီး ကျွန်တော်တို့ သွားရောက်မည့်  ဂေါ်ဇိုင်းရှောတောင်သည်လည်း Mie Prefecture မြောက်ပိုင်းရှိ Yunoyamaonsen Station အနီးတွင်ရှိသောကြောင့် ဘတ်စ်ကားဖြင့် မိနစ်-၅၀ ခန့်မောင်းနှင်ရမည်ဖြစ်ပါသည်။ ကျွန်တော်လည်း ဂျပန်ရောက်ရှိပြီး နေ့စဉ် မြို့ကြီးထဲတွင်သာ ချာချာလည် သွားလာ နေရသောကြောင့်လည်းကောင်း ကျွန်တော့်အစ်ကိုဝမ်းကွဲပြောခဲ့သည်များ ပြန်ကြား ယောင်ရင်း လမ်းတစ်လျှောက် တောတောင် ရှုခင်းများ၊ လမ်းတံတားဆောက်လုပ်ထားသည့် စနစ်များ အံ့သြဘနန်းငေးမော၍ လိုက်ပါလာခဲ့ပါသည်။  ကျွန်တော့်အစ်ကိုမှာ ကျွန်တော့်မတိုင်မီ ဂျပန်သို့ ၃-လခန့် Training လာရောက်ခဲ့ပြီး ‘ဟိုရောက်ရင် မင်းတွေ့ပါလိမ့်မယ်၊ မြို့ကြီးတွေက မြေကြီးပျောက်ခင်းထားတာကွ၊ တောတောင်ရှုခင်း လယ်ကွင်းတွေက မြို့ပြင်ထွက်မှပဲ တွေ့ရတော့တာပဲ’ ဟူ၍ ပြောပြခဲ့ပါသည်။ ကျွန်တော်တို့မှာ နယ်တွင်မွေးဖွားကြီးပြင်းခဲ့သည့် အလျောက် သဘာဝတောတောင်ရှုခင်းများအား ချစ်မြတ်နိုးကြသည့်သူများ ဖြစ်ကြသည့်အားလျော်စွာ ကျွန်တော့် အစ်ကိုလည်း ကျွန်တော့်လိုပင် ခံစားခဲ့ဟန်တူပေသည်။
အဲဒီနောက်တွင်တော့ ကျွန်တော်တို့၏ တောင်တက်ခြင်းခရီး ပထမအဆင့် ဘတ်စ်ကားခရီး အဆုံးမှတ်တိုင် Yunoyamaonsen Station သို့ ၁၀-နာရီခန့်တွင် ရောက်ရှိလာပါသည်။ ထိုမှတစ်ဆင့် ကျွန်တော်တို့လည်း အုပ်စုလိုက် ချီတက်လာကြပြီး တောင်ခြေစရောက်သည်နှင့် တောင်နံရံများတွင် ဆောက်လုပ်ထားကြသော ဟိုတယ်များအား အစီအရီတွေ့နေရပါသည်။ တောင်ခြေသို့ရောက်ပြီး တောင်တက်ခရီးမစခင် ခဏနားနေကြပြီးနောက် Professor ကြီးမှ ကျွန်တော်တို့ အဖွဲ့အား အရင်တက်နှင့်ရန် ပြောပြီး သူကတော့ နောက်မှ ဖြည်းဖြည်းတက်လိုက်လာမည်ဖြစ်သည့်အတွက် ကျွန်တော်တို့လည်း အခြား A.P ၂-ယောက်နှင့်အတူ ချီတက်ခဲ့ကြပါတော့သည်။ ကျွန်တော်ကတော့ အရင် ကျွန်တော့်အား လေဆိပ်လာကြိုသော A.P ၊ ၎င်း၏သား (၁၂-နှစ်) နှင့်အတူ စကားများပြောရင်း တောင်တက်ခရီး စခဲ့ကြပါသည်။ A.P မှ သူ၏သားလေးမှာ ယခုအင်္ဂလိပ်စာ သင်ကြားနေပြီ ဖြစ်သည့်အတွက် စကားပြောကြည့်ရန်ပြောပါသည်။ ကျွန်တော် ဒီမလာခင်က ကျွန်တော်တို့ဌာနမှ ဒု-ထွေဂျာတစ်ယောက်က ဂျပန်ကို ၁၂-ရက်ခန့် လေ့လာရေးခရီးလာခဲ့ဘူးတော့ ဂျပန်များ အင်္ဂလိပ်လို လုံးဝမပြောနိုင်ကြောင်း ပြောပြခဲ့ဘူးပါသည်။ ကျွန်တော် ညနေရုံးဆင်းအပြန် အဆောင်ပြန်ရောက်ပြီး ညစဉ် ဂျပန်စာကြည့်တော့ သူက ကျွန်တော်ရေးကျင့်နေသည်များ ကြည့်ပြီး- လုပ်ထား ကိုစိုးမင်းခိုင်ရေ- ဂျပန်တွေက အင်္ဂလိပ်လို လုံးဝမပြောနိုင်ဘူးဗျ- ယုတ်စွအဆုံး ဘဏ်ဆိုတဲ့ စကားလုံးလေးတောင် မေးလို့မရဘူး- အဲဒီတော့ သူတို့စကားသာ ပြောနိုင်အောင်လုပ်ထား ပေတော့ဗျို့- ဟုပြောပြခဲ့ဘူးတာ သတိရလိုက်ပါသည်။ ယခုတော့ ဂျပန်တွေလည်း အင်္ဂလိပ်စာက Globalization ဖြစ်နေတာကို လက်ခံလာကြပြီး စီမံချက်တွေနှင့် သင်ကြားပို့ချနေပါသည်။ A.P မှလည်း သူ၏သားလေးအား ကျောင်းတွင်မှာပါမက အိမ်မှာရော သင်ကြားနေခြင်းဖြစ်သည့် အတွက် အလေ့အကျင့်ရစေရန် ပြောခိုင်းခြင်းဖြစ်ပါသည်။ ဒီက Professor များမှာလည်း နိုင်ငံခြားသားများနှင့် ဆက်ဆံပြောဆိုနေရသည့်အတွက် ထိုအခက်အခဲကို သဘောပေါက် နားလည်သည့်အတွက်ကြောင့်လည်းကောင်း၊ သူတို့၏ မျိုးဆက်သစ်တို့အား ငယ်ရွယ်စဉ်ကပင် လေ့ကျင့်စေခြင်း ဖြစ်ဟန်တူပါသည်။
ထို့နောက် ကျွန်တော်တို့လည်း တောင်တက်လိုက်၊ ခဏနားလိုက်နှင့် အတော်ခရီးပေါက်လာပြီး A.P မှလည်း ၂-နာရီ ၂-နာရီခွဲခန့် တက်ရမည်ဖြစ်ကြောင်းပြောပါသည်။ တောင်တက်ရတာ ဘယ်လိုနေလည်း မေးရာ ကျွန်တော်လည်း လမ်းတစ်လျှောက်လုံး ကျွန်တော့်အား အကဲခတ်နေခဲ့တာ သိပါသည်။ ကျွန်တော်လည်း ကျောင်းသားဘဝကပင် တောင်များတက်ခဲ့ဘူးကြောင်း၊ တောင်တက် ရသည်မှာပျော်ကြောင်း၊ ကျွန်တော့်ဝါသနာလည်းဖြစ်ကြောင်းများ မဆိုင်းမတွပင် ဖြေလိုက်ပါသည်။ ကျွန်တော်လည်း တောင်တက်ခရီး စသည်မှ တောတောင်သစ်ပင်များကို အကဲခတ်လာခဲ့ရာ ကျောက်တောင်အမျိုးစား ဖြစ်သည့်အတွက် သစ်ပင်ကြီးများ ကောင်းစွာ မပေါက်ရောက်နိုင်ပဲ ကျွန်တော်တို့ တက်ရောက်ခဲ့သော မန္တလေးနည်းပညာ တက္ကသိုလ် အနီးမှ ရှမ်းတောင်တန်းများနှင့် သဘောသဘာဝချင်း ဆင်တူသည်ကိုတွေ့ရပါသည်။ လမ်းတစ်လျှောက်တွင်လည်း အသက် ၅၀-၆၀ နှစ်ဝန်းကျင်ခန့်များအား များသောအားဖြင့်တွေ့နေရာ ကျွန်တော့်မှာ များစွာ အံ့သြရပါသည်။ သြော်- လို့ ကျွန်တော်တို့ ဆီမှာတော့ ဒီအရွယ်ရောက်လျင်ပင် အိုပြီဟုပြောကြ၊ ကောင်းစွာလှုပ်ရှားနိုင်စွမ်း၊ လုပ်ကိုင်နိုင်စွမ်းများ ကျဆင်းလာသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။  ကျွန်တော်တို့ဆီမှာ ရာသီဥတုရော၊ ဝမ်းစာအတွက် ငယ်စဉ်ကပင် ပင်ပန်းဆင်းရဲကြီးစွာ လုပ်ကိုင်နေရသည်ကတစ်ကြောင်း၊ နောက် ကျန်းမာရေး အသိပညာလည်း နည်းပါးလွန်းတာကြောင့် ဘဝနေနည်း တွေလည်းမသိ၊ ကိုယ့်ကိုယ်ကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမည်လည်းမသိကြတော့။ ကျွန်တော့်အထင်လည်း မှားနိုင်ပါသည်၊ အပူပိုင်းနိုင်ငံ ဆိုတော့လည်း ကယ်လိုရီလောင်ကျွမ်းနှုန်းကမြင့်၊ စားသောက်ရသော အစားအစာတွေကလည်း အာဟာရဖြစ်တာကနည်း၊ ဆိုတော့ ဒီအသက်အရွယ် ဝန်းကျင်ရောက်လျင်ဖြင့် ချုံးချုံးကျမည်ဆိုလည်း ကျလောက်ပါသည်။ ကျွန်တော်အကဲခတ်မိသလောက်တော့ ဒီမှာက အစစ အရာရာ Safety System တွေနှင့်ချည်း၊ ပညာပေးကလည်း ကောင်း၊ လိုက်နာတဲ့သူတွေကလည်း လိုက်နာကြပါသည်။ ကျွန်တော်နေ့စဉ် ကျောင်းသွားကျောင်းပြန် အချိန်တွင် အရွယ်မျိုးစုံ ကျန်းမာရေး လိုက်စားနေသည်ကို တွေ့နေရသည်။ နောက်တစ်ခုက ကျောင်းများတွင်လည်း ငယ်ရွယ်စဉ်ကပင် အားကစားလိုက်စားစေရန် ကျောင်းပိတ်ရက်များတွင်ပါ အားကစားချိန် သတ်မှတ်၍ထင်သည်၊ ကျောင်းသားလူငယ်လေးများ အားကစားပစ္စည်းများ ထည့်ထားသော အိတ်ကြီးများ လွယ်၍ ကျောင်းပိတ်ရက်များတွင် ကျောင်းသို့သွားလာ နေကြသည်ကိုတွေ့နေရသည်။
ထို့နောက် ကျွန်တော်လည်း A.P တို့အဖွဲ့အား ကျော်တက်လာကာ ကျွန်တော်နှင့် ရင်းနှီးသော Yutaka San (Yutaka- ယုတက ဆိုသည်မှာ ဂျပန်လို ညနေခင်း ဟုအဓိပ္ပါယ်ရပါသည်။ ကျွန်တော်တို့ Lab ရဲ့ Welcome Party တွင် သူနှင့် စတင်ရင်းနှီးခဲ့ခြင်းဖြစ်ပါသည်။) တို့ အဖွဲ့အား မီလာပြီး သူတို့အဖွဲ့နှင့်သာ လိုက်ခဲ့ပါတော့သည်။ တောင်များမှာ ကျောက်တောင်များ ဖြစ်သည့်အားလျော်စွာ လမ်းခုလပ်တွင် သံကြိုးနှင့် တွယ်၍ဆင်းရသော နေရာတစ်ခုအား ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရပါသည်။ ကျွန်တော်လည်း သတိကြီးစွာ ထား၍ ဆင်းနေရင်းမှပင် မတော်တဆ ခြေလွတ်လက်လွတ်ဖြစ်မှဖြင့် ကိုယ်ကျိုးနည်းရချည်ရဲ့၊ မြန်မာပြည်တောင် အသက်ရှင်လျှက် ပြန်ရောက်ပါတော့မလား စသည်ဖြင့်  စိတ်သောက ရောက်အောင် ဖြစ်ခဲ့ရသည်။ ဖြစ်မည်ဆိုလည်း ဖြစ်စရာပင်။ (ကျွန်တော်တို့ ဂျပန်ဘာသာ သင်တန်းပြီးဆုံးပြီးနောက် လေ့လာရေးခရီး တစ်ခုတွင် တောင်ကုန်းလေးတစ်ခုပေါ်တက်နေရင်းမှ စကားစပ်မိပြီး ဂျပန်စာ သင်ပေးသော ဆရာမ (အသက် ၆၀-ခန့်) က သံကြိုးနှင့် တွယ်ဆင်းရသော နေရာအား တခုတ်တရ ပြောခဲ့ပါသည်၊ ဂေါ်ဇိုင်းရှောတောင်တက်ခဲ့ဘူးသူတိုင်း ထိုအတွေ့အကြုံကို ခံစားဘူးပါလားဆိုတာ အဲဒီတော့မှ ကောင်းစွာသဘောပေါက်ခဲ့ရပါသည်။)  တောင်မှာ တောင်ထိပ်သို့ရောက်ခါနီးလေလေ၊ ပို၍မတ်စောက် လာသည်ထင်ရပြီး မကြာခဏနားနေရသည်။ ရှုခင်းကောင်းသောနေရာများတွင် ရွေးနားကြပြီး ဓါတ်ပုံများရိုက်ကြရာ ကျွန်တော်လည်း အသင့်ပါလာသည့် ကင်မရာဖြင့် ရိုက်နေရင်း Rope Way ဖြင့် အတက်အဆင်းပြုလုပ်နေသော Cabin များအားတွေ့နေရာ ကျွန်တော်မှာ များစွာသဘောကျသွားပြီး ဓါတ်ပုံများ ရိုက်ယူလိုက်ပါသည်။  နားနေရင်းမှ ကျွန်တော်လည်း ပါလာသည့် မုန့်များအား ဝေပေးရင်း၊ အချင်းချင်း စနောက်နေကြသည်များအား အမှတ်တရ ဓါတ်ပုံရိုက်ယူလိုက်ပါသည်။ ကျွန်တော်တို့မှာ နေ့စဉ် Study Room ထဲတွင် အော်ကျယ်အော်ကျယ် စကားမပြောဆိုရသည့်အတွက် ယခုလို လွတ်လပ်စွာ စနောက်ပြောဆိုနေသည်များအား အမှတ်တရ ရိုက်ယူခြင်းဖြစ်ပါသည်။ (သို့သော်လည်း ၎င်းပုံများမှာ နောက်ပိုင်းတွင် ပျက်သည့်အထဲ ပါသွားသည့်အတွက် ကျွန်တော့်မှာ များစွာ နှမြောတသဖြစ်ခဲ့ရပါသည်။) ထို့နောက် ကျွန်တော်တို့ အဖွဲ့လည်း ဆက်လက် တက်ရောက်ခဲ့ရာ တောင်ထွဋ်သို့ရောက်ခါနီးမှစ၍ View Point များထားပေးသောကြောင့်  ရှုခင်းများ ငေးမောရင်း တက်လာခဲ့ရာ တောင်ထိပ်သို့ ၁၂-နာရီခွဲခန့်တွင် ရောက်ရှိခဲ့ပါတော့သည်။ ကျွန်တော်တို့ စတင်တက်ချိန်မှစ၍ ၂-နာရီခန့် ကြာမြင့်ခဲ့ပါသည်။

ဂေါ်ဇိုင်းရှောတောင်ထွဋ်ရှုခင်းပြ မြေပုံ၊ (Rope Way မှာ စန်းဂျောခိုးအဲန်း ဘူတာထိသာရောက်ရှိပြီး ထိုမှတစ်ဆင့် Chair Lift များဖြင့် တောင်ထိပ်သို့ ဆက်လက်တက်ရသည်။)

ကျွန်တော်တို့လည်း တောင်ထိပ်ဝန်းကျင် လှည့်လည်ကြည့်ရှုကြပြီး နေ့လည်စာ စားရန်ဆော်သြ သောကြောင့် ပါလာသည့် ထမင်းဗူးများဖြင့် စားသောက်ကြပါသည်။ ကျွန်တော်တို့ စားသောက် ပြီးချိန်လောက်တွင် Professor ကြီးတို့ အဖွဲ့လည်းရောက်ရှိလာရာ အမှတ်တရ ဓါတ်ပုံများရိုက်ကြပါသည်။ Professor ကြီးမှ ဒီဂေါ်ဇိုင်းရှောတောင်ကို သူတို့ Lab မှ နှစ်စဉ်တက်ရောက်ကြောင်း ပြောပြပါသည်။

ဂေါ်ဇိုင်းရှောတောင်ထိပ် Mt. Gozaisho Summit တွင် အမှတ်တရ။ (ကျွန်တော့်ရှေ့တွင် ဒူးထောက်၍ ပို့စ်ပေးနေသော သူမှာ A.P ၏သားလေးဖြစ်ပါသည်။)

အဲဒီနောက် ကျွန်တော်တို့လည်း တောင်ပေါ်တစ်လျှောက် ရှုခင်းများ ကြည့်ရှုကြရာ ကျွန်တော်လည်း A.P ၊ သူ၏သားနှင့် ကျွန်တော်တို့ ၃-ယောက် လာခဲ့ကြရာ Ski Lift များစီးသည့်နေရာ အရောက်တွင် A.P သားမှ စီးရန်ပူဆာသောအခါ A.P မှ ခွင့်ပြုပါသည်။ Ski Lift များမှာ ဆောင်းရာသီတွင် Ski စီးသူများမှ တောင်ထိပ်သို့ Ski စီးရန် အဆင်သင့် ဝတ်စုံများဝတ်ပြီး  တောင်ထိပ်သို့ အလွယ်တကူ တက်ရောက်နိုင်ရန် အသုံးပြုကြပြီး ထိုမှတစ်ဖန် လျှောဆင်းကြပါသည်။ A.P ၏သားလေးလည်း ခွင့်ပြုချက်ရသည်နှင့် Ski Lift ပေါ်သို့ ပြေးတက်သွားရာ A.P မှ ဓါတ်ပုံရိုက်ရန် ခဏစောင့်ခိုင်းသော်လည်း မမီတော့ပါ၊ ကျွန်တော်လည်း ကင်မရာ အဆင်သင့် ကိုင်ထားသောကြောင့် လျှပ်တစ်ပျက်ရိုက်ယူလိုက်ပါသည်။ A.P မှ ၎င်းဓါတ်ပုံအား နောက်မှပို့ပေးရန်ပြောပါသည်။ ထို့နောက် ကျွန်တော်တို့လည်း တောင်အောက်သို့ပြန်ဆင်းရန်အတွက် စုရပ် နေရာသို့ပြန်လည်ရောက်ရှိကြပြီး ဒီတစ်ကြိမ် အဆင်းတွင် Rope Way ဖြင့်ဆင်းမည် ဟုပြောပါသည်။ အဆင်းလက်မှတ်များ ဝေငှပြီးနောက် Cabin များစောင့်ကြရာ Professor ကြီး၊ A.P ၂-ပါး၊ A.P ၏သား၊ အခြားကျောင်းသားလေးများနှင့် ကျွန်တော်တို့ ပထမဆုံး Cabin ထဲတွင်နေရာယူလိုက်ပါသည်။ Cabin များမှာ အများဆုံး ၁၀-ယောက်ခန့် အထိစီးနိုင်ပါသည်။ ကျွန်တော်လည်း Cabin ထဲမှနေ၍ ပတ်ဝန်းကျင်ရှုခင်းများအား ကင်မရာရိုက်ယူရင်း ကြည့်ရှုလာရာ ဂျပန်၏ ရိုင်းမြစ်ဟု တင်စားခေါ်ဝေါ်ခံရသော Kiso River စီးဝင်သော နာမည်ကျော် Ise Bay ကြီးလည်း မြင်နေရပါသည်။ တောတောင်ရှုခင်းများအား ကြည့်ရှုလို့ အားမရ သေးခင်မှာပင် တောင်အောက်သို့ ရောက်မှန်းမသိရောက်လာရာ အဆင်းခရီးတွင် ၁၅-မိနစ်ခန့်သာ ကြာလိုက်ပါသည်။

တောင်တက်၊ တောင်ဆင်းတွင် အသုံးပြုသော Rope Way 

ထို့နောက်တွင်တော့ ကျွန်တော်တို့လည်း ကျန်သော အဖွဲ့များဆင်းအလာကို စောင့်ပြီးနောက် ဂျပန်အခေါ် အွန်းစဲန်း (ရေပူစမ်း- Hot Spring) စိမ်ရန် ဟိုတယ်သို့ ချီတက်ခဲ့ပါတော့သည်။ အမှန်တော့ တောင်တက်သူများ တောင်အောက်ပြန်အဆင်းတွင် ပင်ပန်းခဲ့သည့်ဒဏ်များအား ပြေပျောက်စေရန် အတွက် ရေပူစမ်းစိမ်ရန် ဒီတောင်ခြေနေရာတွင် ဟိုတယ်များဖွင့်လှစ်ထားခြင်းသာ ဖြစ်ပါသည်။ ယခုတောင်ခြေ နေရာကို Yunoyamaonsen Station ဟု နာမည်ပေးထားခြင်းမှာလည်း Yu (ယု- ဂျပန်လို ‘ရေနွေး’)၊ no (နော့- ပိုင်ဆိုင်ခြင်းပြနာမ်စား- ‘၏’ ဟုအဓိပ္ပါယ်ရပါသည်။)၊ yama (ရာမ- ဂျပန်လို ‘တောင်’ )၊ onsen (အွန်းစဲန်း- ဂျပန်လို ‘ ရေပူစမ်း’ ) ၊ ဆိုတော့ ရေပူစမ်းထွက်သော ရေပူတောင် ဟု အဓိပ္ပါယ်ဖွင့်ရမည်ထင်ပါသည်။ ကျွန်တော်လည်း ရေပူစမ်းစိမ်ရမည်ဆိုတော့ ယခင် ကြားဖူးနားဝရှိထားသော ဂျပန်ရေချိုးနည်း နဖူးတွေ့ဒူးတွေ့ ကြုံရတော့မည် ဆိုသည်ကို သဘောပေါက် နားလည်လိုက်ပါတော့သည်။ သူတို့ဆီက ရေပူစမ်းစိမ်ရာတွင် မစိမ်ခင် ရေကန်ဘေးတွင် ခုံပုလေးများဖြင့် တကိုယ်လုံး သန့်ရှင်းရေးလုပ်၊ ချေး (ဂျီး) များတိုက်ချွတ်ပြီးမှ ရေစိမ်ရန်ကန်ထဲသို့ ဆင်းရပါသည်။ ရေချိုးခန်းမဝင်ခင်မှာပင် ကိုယ်ပိုင်ပစ္စည်းလေးများ သိမ်းလိုကသိမ်းနိုင်ရန် Locker လေးများ၊ ကိုယ်ထည်သုတ်ပုဝါကြီးများ၊ ရေချိုးချိန် အရှက်လုံ ဖုံးအုပ်ရန် ပုဝါလေးများပေးထားပါသည်။ ကျွန်တော်လည်း ရေချိုးခန်းဝင်ရမည်ကို ရွံ့တွန့်နေရာ သူများတွေဝင်သွားကြပြီးနောက်မှ ဝင်လိုက်လာရာ၊ တွေ့ပါပြီ- ၇-လွှာချွတ်ပွဲ။ ကျွန်တော်လည်း အလှည့်ကျ မနွဲ့စတမ်းပေါ့၊ ဒါပေမယ့်  ဘယ်လိုပင် အားတင်းသော်လည်း သူများတွေ ပုဝါပိုင်းလေးဖြင့် ရှေ့ပိုင်းဖုံးအုပ်ဝင်သွားချိန်မှာ ကျွန်တော်ကတော့ ခပ်တည်တည် ခါးမှ မရအရ တစ်ပတ်လည် ပတ်ပြီး ဝင်ခဲ့လိုက်ပါတော့သည်။ အထဲမှာတော့ အစီအရီ၊ တောင်တက်တုန်းက ထွက်သမျှ ချွေး၊ ချေး (ဂျီး) ချွတ်နေလိုက်ပုံများ၊ ရေချိုးရာတွင် ခေါင်းလျှော်ရည်ဗူး၊ ဆပ်ပြာရည်ဗူးများ စသည်ဖြင့် ထားပေးရာ အားရပါးရသာ ချွတ်ပေရော့။ ကျွန်တော်လည်း စိတ်ကြိုက် ချေး (ဂျီး) ချွတ်ပြီးနောက် ရေပူကန်ထဲသို့ ဝင်လိုက်ပါသည်။ အားပါး- ပူလှချေလား။ နံရံက Temperature Gauge လေး လှမ်းဖတ်လိုက်တော့ ၄၀ ဒီဂရီ စင်တီဂရိတ် တဲ့။ ရေထဲမှာ Temperature Sensor လေးတစ်ခု ထည့်ထားပြီး နံရံက Gauge လေးနှင့် ချိတ်ဆက်ပြထားတာကိုး။ ဟုတ်မဟုတ်တော့ မသိ၊ Gauge ကတော့ အမြဲတမ်း ၄၀ ဒီဂရီ စင်တီဂရိတ်သာ ပြနေပါတော့သည်။ ရေထဲခြေချချချင်း ပူလိုက်သည်မှာ အသည်းခိုက်အောင်ပင်။ အခုမှ ကြက်တွေ ရေနွေးပူထဲ စိမ်၊ အမွေးနုတ်ခဲ့တဲ့ဝဋ္ဋ် ပြန်လည်တာပဲလားမသိ။ ဒါပေမယ့် တဖြည်းဖြည်းချင်း ရေထဲ လျှောဆင်းသွားပြီး ခဏနေတော့ တစ်ကိုယ်လုံး ပေါ့ပါးသွားသည်။ ရေကတော့ ခါးလောက်ပါပဲ။ ရေကန်ပေါင်လေးအား လျှောစောက်လေးလုပ်ပေးထားပြီး ခေါင်းတင်မှေးနေရန် သစ်သားတုံးလေးများ ထားပေးထားသည်ဆိုတော့ တုံးလေးပေါ် ခေါင်းလေးမှေးတင်၊ ကိုယ်လုံးက ရေကဖော့ထားပေးထားပြန်တော့ စဉ်းစားသာ ကြည့်ပေတော့ဗျို့။ ကောင်းလိုက်တဲ့ အရသာ။ ဒါကြောင့်များ ရေပူစမ်း စိမ်ကြတာကိုး။ အဲ- ရေထဲဆင်းရင်တော့ စောစောက အရှက်လုံအောင် ဖုံးရမယ့် ပုဝါပိုင်းလေးတော့ ရေကန်ထဲထိ ယူပြီး ဖုံးလေ့မရှိကြပါ။ သန့်ရှင်းထားသော လူဗလာချည်းသာ ဝင်ရသည်။ ပုဝါလေးကို ကန်ပေါင်ပေါ်ထားခဲ့ပေရော့။ အဲတော့- လူက တုံးလေးပေါ်ခေါင်းလေး   မှေးတင်၊ ရေထဲပေါလောလေး၊ ရေကလဲ ကြည်လိုက်တာမှ ရေထဲ အပ်ကျသွားလျှင်တောင် မြင်ရသည်။ ရေနွေးစိမ်ချိန် မိနစ်-၄၀ လောက်ကြာပြီးတော့ လူတစ်ကိုယ်လုံးလဲ   ပေါ့ပါးသွားပါသည်။ ရေနွေးစိမ်ခြင်းမှာ ကျန်းမာရေးအရ ကြည့်လျင်တော့ တော်တော် ကောင်းပါသည်။ ခနာကိုယ်နှိပ်နယ်ခြင်း၊ ဆေးထိုး ဆေးစားခြင်းတွေထက်စာလျင်တော့ သဘာဝ အရ ရေပူစမ်းစိမ်ခြင်းသည် ပိုပြီးသင့်လျော်သည်ဟုမြင်မိပါသည်။ ဂျပန်မှာတော့ အိမ်တိုင်းအိမ်တိုင်း ရေချိုးကန် (Bathtub -ဂျပန်အခေါ် ‘ အိုဖုလော’ ) များ ထည့်ထားလေ့ရှိကြပါသည်။  ခရီးများသွားလျင်လည်း ဟိုတယ်တိုင်းတွင် ရေနွေးစိမ်ကန်များ ထားပေးထားပြီး၊ ညစာ စားသောက်ပြီး၍ ရေနွေးစိမ်ပြီးမှ အနားယူ အိပ်စက်လေ့ရှိကြပါသည်။ ရေပူစမ်းအပြင် နောက်ထပ် သဘာဝ အရ သဲပူစမ်းစိမ်ခြင်း အလေ့အထလည်း ကျယ်ပြန့်အောင်လုပ်သင့်သည်ဟု ထင်မြင်မိပါသည်။ ပင်လယ်ကမ်းခြေများ သွားပြီး ရေကစား၊ ရေကူးခြင်း အပြင် သဲသောင်တစ်လျှောက် စိမ်ပါလေ့၊ ဒါမှ တကယ့် Geothermal အစစ်၊ ကျွန်တော်တော့ ခုထိ မစိမ်ဖူးသေးပါ။ တစ်ခါလောက်တော့ ကြုံစမ်းချင်ပါဘိတော့။
ထို့နောက်တွင်တော့ ကျွန်တော်တို့လည်း အပြန်ခရီးစတင်ပြီး ညနေစောင်းလောက်တွင် နာဂိုယာဘူတာကြီးသို့ ပြန်လည်ရောက်ရှိကာ ကျွန်တော့်အား Professor ကြီးမှပင် ကျွန်တော်စီးရမည့် မြေအောက်ရထားလိုင်းသို့ လိုက်ပို့ပေးရာ ချောချောမောမောပင် အဆောင်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ယခုခရီးလေးသည်ကားကျွန်တော်တက်ချင်လွန်းလှသော  တောင်တက်ခရီးလေး ဖြစ်ခဲ့သည့်အပြင် ကျွန်တော့်အတွက် ဘဝတစ်သက်တာ မေ့မရနိုင်သော ရေပူစမ်းစိမ်ခြင်း အလေ့အထလေးတစ်ခုပါ တွေ့ကြုံခဲ့ရသော အဖိုးမဖြတ်နိုင်သော ခရီးလေးပင်ဖြစ်ပါတော့သည်။
Posted by စိုးမင်းခိုင်

No comments:

Post a Comment