Wednesday, July 06, 2011

ပြည်ပတွင် သုံးလအထက်နေထိုင်ခဲ့သူများ သက်ဆိုင်ရာနိုင်ငံ၏ အနိမ့်ဆုံးလစာဆယ်ရာခိုင်နှုန်းကို အမြတ်ခွန်ပေးဆောင်ပြီးမှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမည်

ပြည်ပတွင် သုံးလ အထက်နေထိုင်ခဲ့သူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ အနိမ့်ဆုံးလစာ ဆယ်ရာခိုင်နှုန်းကို အမြတ်ခွန်ပေးဆောင်မှ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမည်ဖြစ်သည်ဟု နိုင်ငံကူးလက်မှတ်ရုံးမှဌာနခွဲမှူး ဦးစိုးထွန်းအောင်က ပြောကြားပါသည်။
သုံးလအထက်နေထိုင်သော်လည်း ပညာသင်ကြားရေးသို့ ကျန်းမာရေးကြောင့် ယင်းကဲ့သို့နေထိုင်ရကြောင်းကို သက်ဆိုင်ရာ မြန်မာသံရုံး၏ထောက်ခံချက် ရှိပါက အမြတ်ခွန်ပေးဆောင်ရန်မလိုဟု ယင်းက ထပ်မံပြောသည်။
''သုံးလအထက်ဆိုပေမယ့် ရက် ပိုင်းလောက်ကိုတော့ မဆိုလိုပါဘူး။ ကျွန်တော်တို့ မနလရုံးအနေနဲ့ နိုင်ငံသားတစ်ယောက်ဟာ ပြည်ပမှာ သုံးလအထက်နေရင် အလုပ်လုပ်နေတယ်လို့ ယူဆတယ်''ဟု ပြောသည်။
နိုင်ငံသားတစ်ဦးသည် ပြည်ပတွင် သုံးလအထက်နေထိုင်ခဲ့ပါက သွားရောက်ခဲ့သော ပြည်ပနိုင်ငံ၏ အနိမ့်ဆုံးလစာ ဆယ်ရာခိုင်နှုန်းကို သက်ဆိုင်ရာနိုင်ငံ၏ မြန်မာသံရုံးတွင်လည်းကောင်း၊ မြန်မာနိုင်ငံ ရှိ သက်ဆိုင်ရာအမြတ်ခွန်ရုံးများတွင်လည်းကောင်း ပေးဆောင်ရမည်ဖြစ်ကာ မနလသက်တမ်းတိုးရာတွင် ပြည်ပရှိမြန်မာသံရုံးတွင် အခွန်ဆောင်ပြီးဖြစ်ကြောင်း အခွန်ပြေစာ ပါရမည်ဖြစ်သည်။
''အခွန်မဆောင်ချင်လို့ အကြောင်း အမျိုးမျိုးပြတဲ့သူတွေရှိတယ်။အလုပ်လုပ်တာ မဟုတ်ဘူး။ သားသမီး နေမကောင်းလို့၊ ကျန်းမာရေးမကောင်းလို့ နေရတာပါ” လို့ မနလသက်တမ်းတိုးတဲ့အခါ ပြောပေမယ့် ကျွန်တော်တို့အနေနဲ့က မမြင်ရတဲ့ အခြေအနေတစ်ခု ဖြစ်နေတယ်လေ။ အဲဒီလိုဖြစ်လို့ သုံးလအထက် နေထိုင်ခဲ့တယ်ဆိုတဲ့အကြောင်းကို ပြည်ပနိုင်ငံရဲ့သက်ဆိုင်ရာ မြန်မာသံရုံးက ဟုတ်မှန်ပါတယ်ဆိုတဲ့အကြောင်း ထောက်ခံစာပါမှ အခွန်မဆောင်ရမှာလေ။ ထောက်ခံစာမပါရင်တော့ အခွန်ဆောင်ရမှာပဲ''ဟု ယင်းက ထပ်လောင်းပြော သည်။
     ''ကျွန်တော့်တုန်းက စင်ကာပူမှာ ကျန်းမာရေးအခြေအနေကြောင့် လေးလကျော်နေခဲ့ရတယ်။ ဒီရောက်တော့ မနလ သက်တမ်းတိုးမယ်လုပ်တဲ့အချိန်မှာ မကျန်းမာလို့ သုံးလအထက် နေထိုင်ခဲ့တယ်ဆိုတဲ့အကြောင်း စင်ကာပူနိုင်ငံက မြန်မာသံရုံးရဲ့ ထောက်ခံစာတောင်းတယ်။ မပြနိုင်ရင် အလုပ်လုပ်တယ်လို့ သတ်မှတ်တယ်။ မနလ သက်တမ်းတိုးဖို့ အမြတ်ခွန်ဆောင်ရမယ် ဆိုလို့ ဒီနိုင်ငံမှာပဲ ဆောင်လိုက်ရတယ်။ ဒီလိုဖြစ်ရင် သက်ဆိုင်ရာသံရုံးမှာ ထောက်ခံစာတောင်းရမယ်မှန်း တကယ်မသိခဲ့ပါဘူး'' ဟု ပုဇွန်တောင်မြို့နယ်နေသူ ကိုကြည်ဝင်း က ပြောသည်။
    နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးတွင် နိုင်ငံကူးလက်မှတ်စတင်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းနှင့်ဆိုင်သည့် ပြုလုပ်ရမည့်အချက်များကို အများပြည်သူ မြင်သာသောနေရာများတွင် ဖော်ပြပေး ထားသည်။
(သူငယ်ချင်းတို့အတွက် သိသင့်သိထိုက်တဲ့အကြောင်းလေးမို့ mail ထဲမှတဆင့် ပြန်လည်ဖောက်သည်ချပေးလိုက်ပါတယ်။ သတင်းဆိုတော့ ဟုတ် မဟုတ် လေ့လာစောင့်ကြည့်ဖို့တော့ လိုပါလိမ့်မယ်။)
 Posted by အိမ်လွမ်းသူ

No comments:

Post a Comment