Sunday, July 24, 2011

စင်ကာပူတွင် ဘွဲ့လက်မှတ်အတုဖြင့် လုပ်ကိုင်နေသူများ၊ သွားရောက်လုပ်ကိုင်မည့်သူများ ထောင်ဒဏ် အထိချမှတ်ခံရနိုင်

စင်ကာပူနိုင်ငံတွင် လက်ရှိဘွဲ့လက်မှတ် အတုဖြင့် လုပ်ကိုင်နေသူများ နှင့်ဘွဲ့လက်မှတ် အတုဖြင့် သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် စင်ကာပူနိုင်ငံတွင် ထောင်ဒဏ်အထိ ချမှတ်ခံရနိုင်ကြောင်း ပြည်ပအလုပ်အကိုင်ကျွမ်းကျင်သူ အသိုင်းအ၀ိုင်းမှ သိရသည်။
စင်ကာပူနိုင်ငံတွင် ဘွဲ့လက်မှတ်အတုဖြင့် ၀င်ရောက်လုပ်ကိုင်နေကြောင်းစစ်ဆေးတွေ့ရှိပါက စင်ကာပူအစိုးရမှ ထောင်ဒဏ်၂ နှစ် အထိချမှတ်နိုင်ကြောင်း စင်ကာပူရောက် မြန်မာအလုပ်သမားများကပြောဆိုကြသည်။
“အခုနောက်ပိုင်း စင်ကာပူမှာ  S.Pass အလုပ်တွေက WP ထက်ပိုပြီးခေတ်စားလာတယ်။ S.Pass နဲ့ မရရအောင်လာကြတယ်။ S.Pass ကဘွဲ့ရပဲ ခေါ်တော့ဘွဲ့လက်မှတ်တင်ပြရတယ်။ အဲ့ဒီမှာ ဘွဲ့မရသေးတဲ့သူတွေက ဘွဲ့လက်မှတ်အတုတွေလုပ်ပြီး ပွဲစားတွေ နဲ့ရောက်လာကြတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းကတော့ ဒီကအလုပ်ရှင်တွေကိုယ်တိုင်က လက်ခံပေးထားတယ်။ အခုနောက်ပိုင်းမှာအလုပ်သမားက ပေါလာတော့ သူတို့အနေနဲ့ကျွမ်းကျင် တဲ့တကယ့်ဘွဲ့ရအလုပ် သမားပဲသေချာစိစစ်ပြီးမှ ပဲခေါ်တယ်။ တကယ်လို့ ဘွဲ့လက်မှတ် အတုဖြစ်တယ်ဆိုတာကို စင်ကာပူအလုပ်သမားဝန်ကြီးဌာနက စစ်ဆေးတွေ့ရှိရင်ထောင်ကျမယ်။ အကောင်းဆုံးကတော့ ကိုယ့်အရည်အချင်း အစစ်အမှန်နဲ့ လာတာပဲကောင်းပါတယ်”ဟု စင်ကာပူနိုင်ငံတွင် လေးနှစ်ကျော်ကြာ အလုပ်လုပ်ကိုင်နေသူတစ်ဦး က ဆိုသည်။
စင်ကာပူနိုင်ငံတွင် S.Pass အလုပ်သမား တစ်ဦး၏ တစ်လစာ လစာငွေမှ စင်ကာပူဒေါ်လာ ၃၀၀၀ မှ ၂၂၀၀ ကြားတွင် သတ်မှတ်ထားသော်လည်း လက်တွေ့တွင် တစ်လလျှင် စင်ကာပူဒေါ်လာ ၁၃၀၀ ၀န်းကျင်သာ ရရှိသူများပြားသည်။ ထို့ကြောင့် ပြီးခဲ့သည့်လအနည်းငယ်ခန့်က စင်ကာပူ အလုပ်သမားဝန်ကြီးဌာန MOM (Ministry of Manpower)မှ S.Pass အလုပ်သမားတစ်ဦးလျှင် တစ်လအနည်းဆုံး စင်ကာပူဒေါ်လာ ၂၀၀၀ ပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး အခြား အထွေထွေလုပ်သားများအားလည်း လုပ်ခလစာများတိုးမြှင့်ပေးရန် လုပ်ငန်းရှင်များအား ပြောကြားထား ကြောင်းသိရသည်။
“အခုက အလုပ်သမားဝန်ကြီးဌာနကလည်း သတ်မှတ်လစာကိုထုတ်ပြန်လိုက်ပြီဆိုတော့ အလုပ်ရှင်တွေဘက်ကလည်း သူတို့ပေးတဲ့ငွေနဲ့တန်တဲ့သူကိုပဲ ခေါ်ကြတော့တယ်။ S.Pass ဆိုတော့ လစာများ တယ်လို့ မထင်နဲ့ လစာသာ များတာ၊ အခြားကုန်တာတွေက ဒြီ့ပင် WP နဲ့လုပ်တဲ့သူတွေထက် ပိုကုန်တယ်။ တစ်လကို အိမ်ခန်းခ၊ ကားခ၊ စားစရိတ်အပြင် ရေဖိုးမီးဖိုးတွေဆောင်လိုက်ရင်တစ်လမှ စင်ကာ ပူဒေါ်လာ ၁,၀၀၀ လောက်ပဲကျန်တာ၊ ဒါတောင် လစာ ၂,၀၀၀ အပြည့်ရတဲ့သူမှ အဲ့ဒီ လောက်ကျန်တာပါ။ ဒီကြားထဲ ပတ်စ်ပို့သက်တမ်းတိုးတဲ့အခါကျရင်လည်း သူများထက် နှစ်ဆဆောင်ရတယ်။ တစ်နှစ်တစ်နှစ်ကုန်မှာတောင် ကြောက်နေမိတယ်”ဟု စင်ကာပူနိုင်ငံတွင် S.Pass အလုပ်ဖြင့် နှစ်နှစ်ကျော်လုပ် ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောပြသည်။
လက်ရှိတွင် စင်ကာပူနိုင်ငံမှာအလုပ်ခေါ်စာများတွင် ကျွမ်းကျင်လုပ်သားများသာခေါ်ယူခြင်း၊ ကုန်ဈေးနှုန်းများမြင့်ခြင်းတို့အပြင် စင်ကာပူဒေါ်လာဈေးမှာ ယခင်နှစ်များထက်များစွာကျဆင်း နေခြင်းကြောင့် နေ့စားဖြင့်သွားသော အထွေထွေလုပ်သားများ သွားရောက်မှုအလွန်နည်းသွားကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီအသိုင်းအ၀ိုင်းမှသိရသည်။
Posted by အိမ်လွမ်းသူ

No comments:

Post a Comment