Tuesday, July 05, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၈)

CLAUSES (1)
Finite verb ပါတဲ့ စကားလုံးအစုအဝေးကို Clause လို့ ခေါ်တဲ့အကြောင်း တင်ပြခဲ့ပြီးပါပြီ။ တစ်နည်းအားဖြင့် Subject တစ်ခုနဲ့ Verb တစ်ခု တွဲထားတာကို Clause ခေါ်တာပါပဲ။ Clause တစ်ခု၊ ဒါမှမဟုတ် တစ်ခုထက်ပိုပြီး စုစည်းထားတာကို Sentence လို့ ခေါ်ပါတယ်။
Birds fly. ( Clause တစ်ခုပါ sentence )
S..+....V
I go to school. ( အလားတူ )
S+V
I know birds fly. ( Clause နှစ်ခုပါ sentence )
S+V.......S..+..V
I know birds fly though ducks don’t.
S+V......S...+.V................S...+...V ( Clause သုံးခုပါ sentence )
အင်္ဂလိပ်သဒ္ဒါမှာ Clause ရယ် Sentence ရယ် ခွဲခြားထားပေမယ့် ပါဠိသဒ္ဒါမှာတော့  ၀ါကျပဲ ခေါ်တယ်။ ဒါကြောင့် မြန်မာလိုမှာလည်း ၀ါကျပဲ ခေါ်ရမှာပါပဲ။ တစ်ချို့ ဆရာသမာများကတော့  ၀ါကျကဏ္ဍလို့ စကားလုံးအသစ်ထွင်ပြီး ခေါ်ခဲ့ကြဖူးတယ်။ မြန်မာစကားသက်သက်ကြိုက်သူ မြန်မာဆရာတစ်တစ်ချို့ကတော့ ပုဒ်စုတဲ့။ Phrase ရော Clause ပါ ပုဒ်စုပဲခေါ်တယ်။
Phrase လိုပဲ Clause ကိုလည်း Adj Clause, Adv Clause, Noun Clause ရယ်လို့ ၀ါကျမှာလုပ်နေတဲ့သဘောအရ သုံးမျိုးခွဲပါတယ်။ Adj အလုပ်ကိုလုပ်နေလျှင် ( N တစ်ခုကို ညွှန်ပြနေလျှင် ) Adj Clause, Adv အလုပ်ကိုလုပ်နေလျှင် ( V ကို ၊သို့မဟုတ်၊ Sentence ကို အထူးပြုနေလျှင် ) Adv Clause, Noun အလုပ်ကို လုပ်နေလျှင် ( သူကိုတိုင်က N တစ်ခုသဖွယ် Subject, Object စသည်ဖြစ်နေလျှင် ) Noun Clause ခေါ်လိုက်တာပါပဲ။

The boy you see over there can speak four languages.
ဟိုမှာ မင်းမြင်ရတဲ့ ကောင်လေးက စကားလေးမျိုး ပြောတတ်တယ်။
( you see over there ပုဒ်စုက boy ဆိုတဲ့ N ကို ညွှန်ပြနေတယ်။ ဒါကြောင့် Adj Clause )
I want the book you are reading.
မင်းဖတ်နေတဲ့ စာအုပ်ကို ငါလိုချင်တယ်။
( you are reading ဟာ book ကို ညွှန်ပြနေတယ်။ Adj Clause )
While he was walking, John eyed the pretty girls.
လမ်းလျှောက်သွားရင်း ဂျွန်ဟာ မိန်းမလှလေးတွေကို ငမ်းတယ်။
( While he was walking ပုဒ်စုက John eyed the pretty girls ၀ါကျကို အထူးပြုတယ်။ ဒါကြောင့် Adv Clause )
He stood quite still where he was.
သူရှိရာမှာပဲ ငြိမ်ရပ်နေတယ်။
( where he was ဆိုတဲ့ ပုဒ်စုက ဘယ်မှာရပ်နေတယ်ဆိုတာကို ပြတာဆိုတော့  stood ကြိယာကို ဖြည့်စွက်ပြောတာဖြစ်တဲ့အတွက် Adv Clause )
What she said surprised me.
( What she said ပုဒ်စုဟာ surprised ဆိုတဲ့ V ရဲ့ Subject ဖြစ်တယ်။ Subject ဆိုတာ N ရဲ့အလုပ်မို့ ဒီပုဒ်စုဟာ Noun Clause )
He asked me why I wanted to leave.
ဘာ့ကြောင့် ထွက်ချင်ရတာလည်းလို့ သူက ငါ့ကိုမေးတယ်။
( why I wanted to leave ပုဒ်စုဟာ asked ကြိယာရဲ့ Object ဖြစ်တယ်။ Obj ဆိုတာကလည်း N ရဲ့အလုပ်။ ဒါကြောင့် ဒီပုဒ်စုဟာ Noun Clause )
သေသေချာချာကြည့်ရှု့မှတ်သား လေ့ လာသူများအဖို့တော့  Adj Clause, Adv Clause, Noun Clause ဆိုတာမျိုးးဟာ ကွဲကွဲပြားပြား ဖြစ်သွားမှာပါ။ ဒါပေမယ့် စနစ်တကျ မမှတ်သားသူများ ရောထွေးတတ်တယ်။
Adj Clause ကို Noun Clause ထင်တာမျိုး ဖြစ်တတ်တယ်။ Noun အလုပ်မျိုး လုပ်နေတာကိုမှ Noun Clause ခေါ်ကြောင်း သေသေချာချာ မမှတ်သားတဲ့ အတွက် N ပါနေတဲ့ ပုဒ်စုကို N Clause ထင်မိတာမျိုး ဖြစ်ကုန်တယ်။ ( The boy you see………… မှာ ဆိုပါတော့ ။ The boy ဆိုတဲ့ N ကိုကြည့်ပြီး N Clause လို့ အထင်မှားတာမျိုး မကြာခဏ ကြုံဖူးတယ်။ တကယ်တော့  boy က Noun ၊ you see က N ကို အထူးပြုတဲ့  Adj )။ အဲလိုမဖြစ်ရအောင် တိတိကျကျ မှတ်သားပါ။
တစ်ချို့ ကျောင်းသားများကြတော့ လည်း The boy you see တစ်ခုလုံးကိုပဲ Clause လို့ ထောက်ပြတာမျိုး ဖြစ်ကုန်တယ်။ အဲလိုမဖြစ်ရအောင် နမူနာများကို ရေရေလည်လည် သဘောပေါက်အောင် လေ့လာပါ။ အခုလို အခြေခံအဆင့် မှာ နားမလည်ခဲ့ လျှင် နောက်ရှေ့လျှောက် တစ်ဆင့် တက်သွားတဲ့အခါ ဒုက္ခရောက်ကုန်လိမ့်မယ်။
အကောင်းဆုံးနည်းလမ်းကတော့  ၀ါကျတစ်ခုမှာ အဓိကပါဝင်နေတဲ့ Subject x Verb x Object / Complement အပိုင်းတွေကို ရှာကြည့်ပါ။ ပြီးတော့မှ Subject ကို အထူးပြုတဲ့ Adj,၊ Object / Complement ကို အထူးပြုတဲ့ Adj, သူကိုတိုင်က Subject, Object / Complement နေရာရောက်နေတဲ့ Noun ၊ S x V x O/C အဆောက်အအုံ အပြင်ဘက်မှာ ရောက်နေတဲ့ Adv စီစစ်ကြည့်တဲ့အကျင့်ကို များများလုပ်ပါ။
I know the girl you spoke to.
မင်းစကားပြောခဲ့တဲ့ကောင်မလေးကို ငါသိတယ် - တဲ့။
ဒီဝါကျမှာ I က S ၊ know က V ၊ the girl က O ၊ အဓိကအပိုင်းကြီးတွေ ရှိနေပြီ။ ဒီတော့ you spoke to ဟာ girl ကို ညွှန်ပြတဲ့ Adj Clause လို့ သိရမယ်။
The girl who has just come in is a friend of mine.
ဒီဝါကျမှာ The girl က S ၊ is က V ၊ a friend က C လို့သိရမယ်။ who has just come in က girl ကို အထူးပြုတဲ့ Adj Clause ၊ of mine က a friend ကို အထူးပြုတဲ့ Adj Phrase ၊ တကယ်လို့ the girl ကို S လို့ ထောက်ပြပြီးတဲ့နောက် သူ့ရဲ့ V က has just come လို့ လုပ်နေသေးရင်တော့  အင်္ဂလိပ်သဒ္ဒါကို အစက စပြီးပြန်သင်ဖို့ လိုအပ်ပြီလို့ သဘောပေါက်လိုက်ပါတော့။
What you need is a good grammar book.
ဒီဝါကျမှာ you က S ၊ need က V လုပ်နေလျှင် မဟုတ်တော့ ပါ။ သူတို့ဟာ S နဲ့ V တော့ ဟုတ်ပါရဲ့ ပင်မ၀ါကျရဲ့ S နဲ့ V မဟုတ်ဘူးဆိုတာ သိရမယ်။ you ရှေ့မှာ What ဆိုတဲ့ စကားလုံးရှိနေပြီ ။ ဒီလို ဦးဆောင်နေတဲ့ စကားလုံးရှိနေလျှင် ပင်မ၀ါကျ မဖြစ်နိုင်ဘူးလို့ မှတ်ပါ။ ဒီတော့  What you need တစ်ပြုံလုံးယူ ၊ ဒီတစ်ပြုံလုံးကြီးဟာ is ဆိုတဲ့ V ရဲ့ Subject လို့ သိရမယ်။ S ဆိုတော့  N Clause ပေါ့ ။
Tell me who that pretty girl is.
ဒီဝါကျမှာ ပင်မပြောလိုရင်းက Tell me လို့ သိနိုင်စွမ်းရမယ်။ ငါ့ကိုပြောစမ်းပါ - တဲ့။ ဘာကိုပြောရမှာလည်းဆိုတော့  Who that pretty girl is - ( ဟို မိန်းမလှလေးက ဘယ်သူလည်း ) ဆိုတာကို ပြောပါတဲ့။ ဒါဖြင့် ဒီ Who that pretty girl is ဆိုတဲ့ ပုဒ်စုဟာ Tell ကြိယာရဲ့ Object နေရာမှာ ရှိတယ်။ Object ဆိုတာ N ရဲ့အလုပ် ၊ ဒါကြောင့် ဒီပုဒ်စုဟာ Noun Clause ။
Adv Clause နဲ့ ပါတ်သက်လို့ကတော့ ကျောင်းသားများ ရှုပ်ထွေးကုန်တာမျိုးကြုံခဲ့တယ်။ ဒါကြောင့် အသေးစိပ်ထပ်ပြီး မရှင်းတော့ပါဘူး။ when, while, as, because, till, until, before, after, where ………. စတဲ့ Adv Clause အမှတ်အသားကလေးတွေကလည်း အမြဲတွဲလျက် ပါတတ်တာမို့ ခွဲခြားသိမြင်ဖို့ မခက်ခဲတော့ပါဘူး။

Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment