Monday, September 05, 2011

ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို၏ နောက်ဆက်တွဲဖြစ်ရပ်

ဂျပန်နိုင်ငံရှိ ဖူကူရှီးမား နျူကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲခဲ့မှုအခက်အခဲများကို ဂျပန်တို့က မရေမရာ ပြောဆိုနေကြသည့်အချက်မှာ ငလျင်ကြီးလှုပ်ခြင်းနှင့် ဆူနာမီဒဏ်ခံရခြင်းတို့၏ နောက် ကွယ်မှမမြင်နိုင်သော အကြောင်းအရာအဖြစ်အပျက်များ ရှိနေကြောင်းပင်ဖြစ်သည်။ သို့ရာတွင် နောက် ဆုံးဖြစ်လာသောအကြောင်းတရားများက ဓာတ်ပေါင်းဖိုများကို ကံဆိုးမိုးမှောင်ကျအောင် ပြုလိုက်ကြပေပြီ။ ”ဂျပန်၏ နျူကလီးယား ဓာတ်ပေါင်းဖို အကျပ်အတည်း များ၏ ထူးဆန်းမှုတစ်ခု” မေးခွန်းတစ်ခုမှာ အဓိကပင် ဖြစ်သည်။ ”၂ဝ၁၁ မတ်လ ဆူနာမီရေလှိုင်းကြီးများ မထိရိုက် မီကပင်ဖူကူရှီးမား ဓာတ်ပေါင်းဖိုသည် ငလျင်ကြောင့် ဘယ်လောက် ထိခိုက်ပျက်စီးခဲ့ရသလဲ” ဟူ သော မေးခွန်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ဖွဲ့စည်းတည်ဆောက်ထားမှုများမှာ ငလျင်ဒဏ်လာရောက်ထိခိုက်မိလျှင် နျူကလီးယားလောင်စာအခန်း ပိတ်သွားနိုင်ရမည့် လုံခြုံမှုရယူလျက် တည်ဆောက်ထားခဲ့ကြသည်။ ဂျပန်နိုင်ငံရှိ နျူကလီးယားဓာတ်ပေါင်းဖို ၅၄ လုံးတွင် ၃၅ လုံးမှာ ပိတ်ခဲ့ရသည်။ ၄င်းတို့၏ တည်ဆောက်ထားမှုအပါအဝင် လုံခြုံမှုအပေါ် အဆုံးအဖြတ်ပေး၍ ပြန်လည် စတင်လည်ပတ်စေခဲ့ပြီးဖြစ်သည်။ ဖူကူရှီးမားဓာတ်ပေါင်းဖိုမှ Tokyo Electric Power Co (Tepco) ၏စက်ကိုင်မောင်းနှင်သူ တာဝန်ခံနှင့်ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ယူကီယိုအီဒါနိုတို့က ထပ်ကာ တလဲလဲ   ကြေညာချက်မှာ ”ငလျင်ပြီးနောက် နျူကလီးယားလောင်စာများ အရည်ပျော်ခြင်းမရှိ” ဟူသောသတင်း စကားပင်ဖြစ်သည်။ ငါးလခန့်ကြာပြီးနောက်မှသာ မစ္စတာအီဒါနိုက ထပ်မံပြောကြားလာခဲ့သည်မှာ သူတို့သည် နျူကလီးယားလောင်စာရည်များပျော်ကျခြင်းကို သိရှိခဲ့ရပြီဖြစ်ကြောင်းဟူသော စကားပင်ဖြစ်သည်။ လများစွာတစ်လျှောက်လုံး လိမ်ညာမှုများနှင့် သတင်းမှားများကိုပေးခြင်း ဇာတ်လမ်းတစ်ပုဒ်မှာ ထိုးဖောက်တိုက်ခိုက်ထွက်ပေါ်လာခဲ့သည်။
ငလျင်ကြီးလှုပ်ခတ်စဉ်မှာပင် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်သွားသည်။ ဓာတ်ပေါင်းဖို ၆ လုံး၏အအေးပေးစနစ်များ ရပ်တန့် သွားသည်။ ဆူနာမီရေလှိုင်းကြီးများ ငလျင်ပြီးနောက် မိနစ် ၄ဝ ကြာပြီးနောက်မှာ လာရောက်ရိုက်ခတ်ခဲ့သည်။ ၄င်းဒဏ်ကြောင့် အအေးပေးစနစ်များ ပျက်စီးသွားကာ နျူကလီးယားလောင်စာအရည်ပျော်မှု အကြောင်းပေါ်လာရသည်။ သို့ရာတွင် ဖြစ်ရပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ရေလှည့်ပတ်မှု စနစ်ပိုက်များနှင့် အအေးခံစနစ်ရေပိုက်များမှာ ငလျင်ကြီးလှုပ်ပြီးနောက်ကပင် ပျက်စီးပွင့်ထွက်ခြင်းအပြင် ဆူနာမီရေလှိုင်းကြီးများ မလာရောက်မီကပင် လည်ပတ်မှုစနစ်များ ချွတ်ယွင်း၍ အလုပ်မလုပ်နိုင်တော့ ခြင်း၊ လျှပ်စစ်မီးများမပြတ်တောက်မီကပင် ပျက်စီးသွားလေသလား ဟူသောအချက်များပင် ဖြစ်သည်။ ဤအကြောင်းအရာများကို သိသူ အလွန်နည်းကြသည်။ နှစ်ပေါင်း ၄ဝ ခန့်သက်တမ်းရှိသော အဖိုးအရွယ် အခြားနျူကလီးယား ဓာတ်ပေါင်းဖိုများမှာ ယနေ့တိုင် ဂျပန်တွင် ဆက်လက်လည်ပတ်ထားနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ၄င်းဓာတ်ပေါင်းဖို၏ ယိုယွင်းနေသော  ကွဲအက်စပြုနေသည့်ပိုက်လိုင်းများကို မကာယကာပြီးစလွယ် ပြုပြင်ခဲ့သော ပိုက်များနှင့်အအေးပေးစနစ်ကို မီးမောင်းထိုးပြစရာ ဖြစ်လာခဲ့သည်။ ၂ဝဝ၂ ခုနှစ်၊ စက်တင်ဘာလတွင် နစခသ ကုမ္ပဏီကဝန်ခံခဲ့ရသည်မှာ ၄င်းတို့စက်ရုံ၏ ရေအေးလည်ပတ်မှုစနစ်ပိုက်လိုင်းများ အက်ကွဲ၍ မွမ်းမံခဲ့ရခြင်းဖြစ်ရပ်တစ်ခုဖြစ်သည်။ The Citizen’s Nuclear Information Center ကရေးသားဖော်ပြမှတ်ချက်မှာ ”၄င်းပိုက်များ ကျိုးပဲ့ခြင်းဖြစ်ခဲ့လျှင် အအေးပေးစနစ်ချွတ်ယွင်းကာ ပြင်းထန်သောမတော်တဆပေါက်ကွဲမှု ဖြစ်စေနိုင်သည်” ဟူသော မှတ်ချက်ပင်ဖြစ်သည်။ ငလျင်ကြီးမလှုပ်မီ ၉ ရက်အလို မတ်လ ၂ ရက်နေ့တွင် အစိုးရ၏စောင့်ကြည့်ရေးအဖွဲ့ The Nuclear Industrial Safety Agency (NISA) က Tepco ကုမ္ပဏီကို သတိပေးခဲ့သည်။ နျူကလီးယားဓာတ်ပေါင်းဖို၏ အခက်အခဲရှိနေသော အဓိကအစိတ်အပိုင်းနေရာများကို စစ်ဆေးရန်မှာ ရေပိုက်နှင့်အအေးပေးစနစ် ပန့်များဖြစ်သည်ဟု ဖော်ပြထားသည်။ နစခသသည် အမိန့်ကိုရရှိလျှင် လိုအပ်သလိုပြုပြင်ပြီး NISA အဖွဲ့သို့ ဇွန်လ ၂ ရက်နေ့တွင် နောက်ဆုံးအစီရင်ခံရန် ဖြစ်သည်။ သို့ရာတွင် ၄င်းအဖြစ်မှာ ထွက်ပေါ်မလာခဲ့ဘဲ ယခုအခါ ဖိုင်တွဲစာရွက်ပေါ်မှာသာ ရှိနေခဲ့ပေပြီ။ အင်ဒီပင်းဒင့် သတင်းစာကြီးက များစွာသောဓာတ်ပေါင်းဖို အလုပ်သမားများနှင့် စကားပြောဖြစ်ခဲ့ကြသည်။ ၄င်းတို့၏ဖောက်သည်ချသော စကားလုံးများတူ နေကြသည် ဟုပြောပြလာသည်။ အားလုံးက ”ဆူနာမီ ရေ လှိုင်းများလာရောက် မရိုက်ခတ်မီကပင် ရေပိုက်လိုင်းများ ပွင့်ထွက်ကျိုးပျက်သွားခြင်းဖြစ်သည်” ဟု ဆိုကြသည်။ ထို့ကြောင့် နျူကလီးယား ဓာတ်ပေါင်းဖိုအခန်း မှာ လုံခြုံစွာပိတ်သွားနိုင်ခြင်းမရှိ ဟူသောအဖြေပင်ဖြစ်သည်။
KLMA, Ref : The Independent : 
Posted by မောင်စူးစမ်း(MTLA GTI)

No comments:

Post a Comment