Monday, September 12, 2011

အမေ့ပျောက်ခံသွေးရင်း (သို့) တောင်ဘက်အစွန်းက ဂျစ်ပစီများ

ဆလုံတို့၏မူလအစ အဆက် ...

        ဆလုံတွေ ပင်လယ်ထဲဘာကြောင့်ဆင်းသွားရသလဲ ဆိုတာကို အခုအချိန်အထိ ပညာရှင်တွေမဖြေနိုင်ကြပါဘူး။ ဒီအဖြေကိုရဖို့ ရှာဖွေသူ မနုဿဗေဒပညာရှင်အများကြီးရှိခဲ့သလို ထွေးထင်ချက်တွေကလည်း အမျိုးမျိုးဖြစ်နေပါတယ်။
အချို့ပညာရှင်တွေက ရာစုနှစ် ၂ခု-၃ခုလောက် ဒီမြိတ်ဒေသကို သူပိုင်ကိုယ်နိုင်လုနေကြတဲ့ မွန်-မြန်မာ-ထိုင်းတွေရဲ့ စစ်ပွဲတွေကိုထောက်ပြရင်း ဒီစစ်ပွဲတွေကို ရှောင်ရင်းပင်လယ်ထဲရောက်ရတာလို့ ဆိုကြပါတယ်။

   ဆလုံမိသားစု

       ခေတ်သစ် မနုဿပညာရှင်တစ်ဦးက Austronesian တွေရဲ့ မူရင်းဒေသဟာ ထိုင်ဝမ်ကျွန်းဆိုတဲ့ အဆို ကနေဖြန့်ပြီး အင်ဒိုချိုင်းနားကျွန်းဆွယ်ရယ် အင်ဒိုနီးရှား၊ ပါပူးဝါးနယူဂီနီ နဲ့ ဖိလိစ်ပိုင်တို့ပါဝင်တဲ့ ကျွန်းစုများ ရယ်  သြစတေးလျ တိုက်ရယ် ဟာကမ္ဘာ့အပူချိန်မြင့်တက်ပြီး ရေခဲတွေအအရည်မပျော်ခင်က တဆက်တည်းရှိလိမ့်မယ်၊ Austronesian တွေဟာ အဲဒီ ကုန်းမြေမှာနေထိုင်ခဲ့ကြသူတွေဖြစ်ပြီး ပင်လယ်ရေမြင့်တက်လို့ ကုန်းမြေတွေမြုတ်ကုန်တော့ ကွဲ ကွဲပြားပြားတွေဖြစ် သွားကြ မယ်လို့ယူဆပါတယ်။     
      အဲဒီလိုအကွဲကွဲပြားပြား အယူအဆတွေကြားမှာ ဘာသာစကားနဲ့ ဆလုံအိုကြီးတွေက သူတို့မျိုးဆက် သစ်တွေ ကိုပြောပြတဲ့ပုံပြင်တွေကို အထူးပြုလေ့လာသူမနုဿပညာရှင် ပြင်သစ်လူမျိုး ဒေါက်တာ ဂျက်ဇ်အီဗာနော့ (Dr.Jacques Ivanoff) ရဲ့ အယူအဆလေးကို ကျွန်တော်သဘောကျတယ်။ သူ့အဆိုအရ ဆလုံတွေအစဉ်ဆက်ပြောလေ့ရှိတဲ့ ပုံပြင်လေးတစ်ပုံရှိတယ် (ဒီနေရာမှာ ပုံပြင်ဆိုတာထက် ကွက်စိတ်လို့ပြောရင် ပိုမှန်မယ်၊ ဘာလို့လဲဆိုတော့ ပြောသူဟာ စကားအဖြစ်နဲ့ပြောတာမျိုးမဟုတ်ဘဲ ကွက်စိတ်လို အသံနေအသံထားနဲ့ ပြောပါတယ်။ တခါတခါ ဝက်သားရေနဲ့ ကျက်ထားတဲ့ ဗုံလေးကိုတီးလို့၊ တခါတခါကျတော့ အုံးလက်နဲ့လုပ်ထားတဲ့ တယောကို ထိုးလို့ ပြောပြပါတယ်-အဲ ..ညည်းပြတယ်ဆိုရင် ပိုမှန်မလားမသိ။ ရွန်းလဲ့နေတဲ့လရောင်၊ စိန်ပွင့်တွေပြေးလွှားနေတဲ့ရေပြင်၊ မဲမှောင်နေတဲ့တောင်ရိပ်၊ လရောင်အောက် မှာ ဖြူလွနေတဲ့သောင်ပြင်၊ လှေနံကိုရိုက်ခတ်နေတဲ့ရေသံနဲ့ ကမ်းစပ် က လှိုင်း သံတွေကြား မှာအော် အင်းအော် အင်း ဆို တဲ့ ဆလုံတယောသံဟာ တကယ်လွမ်းစရာပါ) ဒီပုံပြင်ကို ဂျက်ဇ်က ဆဘီးယန်ပုံပြင်လို့အမည်ပေးပါတယ်...

       ရွက်လွင့်ခြင်း

 ဆဘီးယန်ဘုရင်မပုံပြင်
         ဒီပုံပြင်ကို ဇာဒက်ကြီးကျွန်း (St.Mattew) ဆလုံအုပ်စုမှာ ကြားရလေ့ရှိပါတယ်။ ပုံပြင်လေးက ဝမ်းနည်းစရာလေးပါ။ တခါတုန်းက ကုန်းမြေတစ်ခုမှာ ဆဘီယန် (Sabian) ဆိုတဲ့ ဘုရင်မတစ်ပါးအုပ်စိုးတယ်၊ သူ့မမှာညီမတစ်ယောက်ရှိပြီး နာမည်က ကင် (Kem) လိုခေါ်သတဲ့။ တနေ့မှာ အနောက်ဘက်က သင်္ဘောပျက်ပြီးမျောလာတဲ့ လူငယ်တစ်ယောက် ဆဘီယန်တို့ပြည်ကိုရောက်လာတယ်၊ နာမည်က ဂျမန်း (Gaman) တဲ့။ ဒီလိုနဲ့ ဂျမန်းဟာ ဆဘီယန် နဲ့ငြိပြီး ကြင်ယာတော်ဖြစ် လာတယ်။ နောက်တော့ ခယ်မ ကင် နဲ့ဇတ်လမ်းကဆက်ပါလေရော။
        ဒါကိုသိသွားတဲ့ ဆဘီယန်ဟာ ညီမဖြစ်သူကိုအမျက်တော်ရှပြီး နောက်လိုက်နောက်ပါတွေနဲ့အတူ ပင်လယ်ထဲသွားနေဖို့ အမိန့်ချတယ်၊ တဆက်တည်း အစားအစာနဲ့ အဝတ်အထည်အတွက် လိုအပ်ရင် ပင်လယ်ထွက်ပစ္စည်းနဲ့ လာရောက် လဲလှယ် ခွင့်ပြုပေမဲ့စိုက်ပျိုးရေးကိုလုံးဝမလုပ်ရဘူးလို့လည်း အမိန့်ချလိုက်သေးတယ်။ဂျက်ဇ်အဆိုအရ စိုက်ပျိုးရေးလုပ်ရင် လူစု ရွာတည် -မြို့ပြဖြစ်-အင်အားတောင့်လာရင် သူ့ကိုပြန်တော်လှန်မှာစိုးလို့တဲ့။ တကယ်လည်း ဆလုံတွေဟာ ဘာစိုက်ပျိုးရေးမှမလုပ်ပါဘူး စိုက်ပျိုးဖို့ တောခုတ်ရင် နတ်ဖမ်းစားမယ်လို့အယူရှိပါတယ်။
       မြိတ်ကျွန်းစုထဲက လူမနေတဲ့ သဘာဝကျွန်းရိုင်းတွေပေါ်မှာ အုန်းပင်၊ သင်္ဘောပင်၊ မန်ကျည်းပင် နဲ့ သရက်ပင် အ ချို့ တလေတွေ့ရလေ့ရှိပါတယ်၊ ဒါတွေဟာ ဆလုံတွေရဲ့လက်ရာပါ။ ဒါပေမဲ့ဆလုံတွေက ငါဟာ လို့ ဘယ်တော့မှ မပြောပါဘူး စား ချင်သူယူစားနိုင်ပါတယ်။ အထူးသဖြင့် အုန်းပင်တွေဟာ မြန်မာတံငါသည်တွေ အုန်းဖူးခုတ်စားလို့သေကုန်သလို သင်္ဘော ပင်တွေဟာလည်း မျိုးဆက်မရှိအောင် ခူးစားခံရလို့ မျိုးတုန်းသွားတတ်လေ့ရှိပါတယ်။ဆလုံတွေအုန်းပင်စိုက်တာ ပစ်စလက် ခတ်ပစ်ချထားရင်း သူဖာသာသူပေါက်လာတာမျိုးမဟုတ်ပါဘူး၊ ဒီလိုလဲ ပစ်ထားလို့မရပါ၊ ကျွန်းတွေရဲ့ ကမ်းစပ်တွေ မှာ ကြီးစိုးတဲ့ မျောက်တံငါတွေဟာ ဘာသစ်သီးသစ်စေ့မှအလွတ်မပေးပါဘူး၊ ဒီတော့ အသေအချာမြေမြုတ်ပြီး စိုက်ပျိုးပါတယ် ဒါပေမဲ့ သူပိုင်တယ်လို့ ဘယ်တော့မှမပြောပါ။ ဒါဆဘီယန်ကျိန်စာကိုကြောက်လို့ လို့ ဂျက်ဇ်က ယူဆပါတယ် ....
      ဒါကလည်း သူ့ရဲ့မှန်းဆချက်သက်သက်ဖြစ်ပြီး ပညာရှင်အတော်များများက ငြင်းချက်ထုတ်ထားကြပါတယ်။ ကလေး ငယ်လေးတစ်ယောက်တောင် ရေထဲခုန်ဆင်လိုက်ယုံနဲ့ စားစရာအလွယ်တကူရနိုင်တဲ့နေရာမှာ ဘယ်သူက အပင်ပန်းခံပြီး စိုက်ပျိုးရေးလုပ်နေဦးမှာလည်းတဲ့။

               
ဝမ်းစာ

Credit to Mokenlay (Myanmar Cupid)
Posted by ဂျစ်တီး

No comments:

Post a Comment