Monday, September 26, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၃)

ဝါကျတစ်ခုမှာ ပါဝင်တဲ့အစိတ်အပိုင်းများ ဖြစ်ကြတဲ့ S, V, SC, IO, DO တို့ကို လေ့လာခဲ့ပြီးပြီ။ အောက်ပါဝါကျများကို လေ့လာကြည့်ပါ.......။
(A) 1. Thita became a good teacher. S+V+SC
.....2. Thita made a good teacher. S+V+SC
.....3. Thita made a blouse. S+V+DO
.....4. Thita made Putu a blouse. S+V+IO+DO
(B).....Experience made Thita a good teacher. S+V+DO+?
(C).....Experience made Thita efficient. S+V+DO+?
အုပ်စု (A) မှာ ပါဝင်တဲ့ဝါကျတွေဟာ ကျွန်တော်တို့ဆွေးနွေးပြီး ပုံစံတွေဖြစ်ပါတယ်။ ပထမ၀ါကျ သုံးကြောင်းမှာ အပိုင်းသုံးပိုင်စီပါရှိပြီး စတုတ္ထ၀ါကျမှာ လေးပိုင်းပါရှိတယ်။
(B) ၀ါကျကို ကြည့်ရင် (A) က ၀ါကျ (4) လိုပါပဲ.. အပိုင်းလေးပိုင်းပါနေတာကို တွေ့ရမယ်။ ဒါပေမယ့် (A) 1,2 တို့နဲ့ ပိုတူနေတာကို တွေ့ကြရတယ်။ အဓိပ္ပာယ်ကတော့ ( အတွေ့အကြုံက သီတာကို ဆရာမကောင်းတစ်ယောက် ဖြစ်သွားစေတယ် ) တဲ့။ တကယ်ကတော့ ဒီဝါကျတွေမှာပါတဲ့ ( a good teacher ) ဟာ Thita နဲ့ ဆက်စပ်နေတဲ့ Complement ချည်းပဲ ဖြစ်ပါတယ်။ (A) 1 နဲ့ 2 မှာ Thita က Subject ဖြစ်နေတော့ ( a good teacher ) ကို Subject Complement လို့ ခေါ်ရပါတယ်။ (B) မှာတော့ Thita ဟာ DO ဖြစ်နေလေတော့ ( a good teacher ) ကို Object Complement ခေါ်ရတာပါပဲ။
(C) ၀ါကျမှာ efficient ဟာ Object-Thita နဲ့ ဆက်စပ်နေတဲ့အတွက်ကြောင့် Object Complement ပဲ ဖြစ်တယ်။ ဒါပေမယ့် noun မဟုတ်တဲ့ Adj ဖြစ်နေကြောင်း တွေ့ရလိမ့်မယ်။ OC ဟာ N လည်းရ၊ Adj လည်းရတယ်လို့ မှတ်ရမှာပေါ့...။
OC နဲ့ တွဲသုံးလေ့ရှိတဲ့ V များကတော့ အထက်က (B) နဲ့ (C) ဥပမာများမှာပါတဲ့ ( ဖြစ်သွားစေတယ် ) လို့ အဓိပ္ပာယ်ရတဲ့ make, ( ခေါ်တယ် ) လို့ အဓိပ္ပာယ်ရတဲ့ call, ( ရွေးချယ်တယ် ) လို့ အဓိပ္ပာယ်ရတဲ့ elect, ( ထင်တယ် ) လို့ အဓိပ္ပာယ်ထွက်တဲ့ think, ( ယူဆတယ် ) လို့ အဓိပ္ပာယ်ရတဲ့ consider တို့လို့ Verb များပဲ ဖြစ်ကြတယ်။
They call Daw Mi Big Mouth.
သူတို့က ဒေါ်မိကို ဒေါ်အာကျယ်လို့ ခေါ်ကြတယ်။
We will elect Thura the chairman.
ငါတို့ သူရကို သဘာပတိမြှောက်မယ်။
I never thought her a beauty.
ငါ သူ့ကို ဘယ်တုန်းကမှ မိန်းမလှ မထင်ခဲ့ဘူး။
They consider him their leader.
သူတို့က သူ့ကို ခေါင်းဆောင်လို့ ယူဆတယ်။
They think him dishonest.
သူတို့က သူ့ကို မရိုးသားဘူး ထင်ကြတယ်။
I consider it unwise.
ဒါ မလျော်ကန်ဘူးလို့ ကျွန်တော်ယူဆတယ်။
Five Basic Patterns
အခုထိ ကျွန်တော်တို့ ဆွေးနွေးခဲ့တာတွေဟာ ခြေခံဝါကျ အဆောက်အအုံ အစီအစဉ် ငါးခုပဲ ဖြစ်ပါတယ်။ အတိုကောက်စာလုံးတွေသုံးပြီး ရေးချပြရရင်တော့....
1. S+V
2. S+V+SC
3. S+V+DO
4. S+V+IO+DO
5. S+V+DO+OC
ဒါ အများလဲသုံး၊ ကျွန်တော်အနေနဲ့လည်း နှစ်ခြိုက်လက်ခံထားတဲ့ အင်္ဂလိပ်ဝါကျများကို တည်ဆောက်ပုံအရ ခွဲခြားတဲ့နည်းပါ။ အချို့အင်္ဂလိပ်စကား ပညာရှင်များကတော့ SC ရယ် OC ၇ယ် မခွဲတော့ဘဲ C တစ်မျိုးတည်းပဲ ခေါ်ဝေါ်သုံးနှုန်းကြတယ်။ တစ်ချို့ ဆရာသမားများကတော့ IO and DO အတူတူပဲဆိုပြီး မခွဲကြပြန်ဘူး။ သူတို့က ပုံစံ (3) ကို S+V+O လို့ပဲ ပြမယ်။ ပုံစံ (4) ကို S+V+O+O လို့ပဲ ပြမယ်။ ပုံစံ (5) ကိုလည်း S+V+O+C လို့ပဲ ပြမယ်။  နောက်ဆရာတချို့ကျပြန်တော့လည်း O နဲ့ C ကို ခွဲမနေတော့ပါဘူး။ V နောက်က နေရတာချင်း အတူတူပဲဆိုပြီး C လို့ပဲ သတ်မှတ်ကြတယ်။ သူတို့အဖို့တော့ S+V, S+V+C, S+V+C+C ရယ်လို့ ပုံစံသုံးမျိုးပဲ ရှိကြတော့တယ်။
အစိတ်အပိုင်းတွေရဲ့ အနေထားပုံစံကို အတိုပြရာမှာလည်း တချို့က အခုပြသလို ပေါင်းလက္ခဏာမပြပဲ အမြှောက်လက္ခဏာနဲ့ ပြကြတယ်။ SxVxC, SxVxO, စသဖြင့်။ တစ်ချို့ကျပြန်တော့လည်း ဘာလက္ခဏာကိုမှ မသုံးတော့ဘူး။ အက္ခရာတွေကို တစ်ဆက်တည်း ရေးကြတယ်။ ဒီဆောင်းပါးမှာတော့ DO နဲ့ IO ခွဲတဲ့လမ်းကိုပဲ လိုက်ပါမယ်။
မှတ်ချက်.။........။ ခေတ်ပေါ်သဒ္ဒါဆရာအချို့ကတော့ S, C, O လို့တောင် ခွဲခြားခေါ်မနေတော့ပါဘူး။ N + V, N + V + N စသဖြင့် သုံးနှုန်းကြလေရဲ့။
ဝါကျမှာပါတဲ့ အစိတ်အပိုင်းတွေကို ခွဲခြားနားလည်တာဟာ သူများရေးထားတဲ့စာကို ဖတ်ရှု့နားလည်ရေးမှာလည်း အရေးကြီးသလို ကိုယ်တိုင်ရေးတော့လည်း နေသားတကျ မှန်မှန်ကန်ကန် ရေးနိုင်ရေးမှာ အကူအညီပြုပေလိမ့်မယ်။ ဒါကြောင့် သေသေချာချာ လေ့ကျင့်မှတ်သားရမယ်။ ဥပမာ...
They found the old woman a help.
ဒီဝါကျရဲ့ အဓိပ္ပါယ်ကို ဘယ်လိုများနားလည်မိပါသလဲ။ ဒါ S+V+IO+DO ပုံစံပဲလို့ ယူဆရင်
( သူတို့က မိန်းမကြီးဖို့ ကူဖော်လောင်ဖက် ရှာပေးတယ် ) လို့ အဓိပ္ပါယ် ထွက်ပေလိမ့်မယ်။ ဒီလိုမဟုတ်ပဲ S+V+DO+OC ပုံစံပဲလို့ ထင်ရင်တော့ ( သူတို့ မိန်းမကြီးကို ကူညီတတ်သူတစ်ဦးလို့ တွေ့ကြရတယ် ) လို့ အဓိပ္ပါယ်ရလိမ့်မယ်။ ဒီတော့ အရေးမရှင်းဘူး။ အဓိပ္ပါယ်နှစ်ခွဖြစ်နေတယ်လို့ ဆိုရမှာပေါ့။ ( တွဲရက်အခြားစကားလုံးများ ပါခဲ့ရင်တော့လည်း လိုရာအဓိပ္ပါယ်ကို အတိကျသိနိုင်မှာပေါ့။ )
Indian Braves Fire
ဒါ သတင်းစာ ခေါင်းစီးစာတန်းပါ။ သတင်းအပြည့်အစုံကို ဖတ်ကြည့်ရင်တော့ ဘာကိုပြောချင်မှန်း သိကြရမှာပေါ့။ သူ့ခေါင်းစီး ကြည့်ရုံနဲ့တော့ အဓိပ္ပါယ်မရှင်းဘူး။ အဓိပ္ပါယ်နှစ်ခွ ထွက်နေတယ်။ အနေအထားက S+V လား၊ S+V+O လား ခွဲဖို့ခက်နေတယ်။ S+V ဆိုရင်တော့ ( S- Indian braves, V- fire ) - ( အင်ဒီးယန်းတပ်သားများက ပစ်ကြခတ်ကြတယ်။) လို့ ပြောတာ။ S+V+O ဆိုရင်တော့ ( S- Indian, V- braves, O- fire ) - ( အင်ဒီးယန်းက မီးကို ရင်ဆိုင်တယ်။) လို့ ပြောတာ။
အထူးသဖြင့် မြန်မာစကားမှာ ( အဖြစ် ) ဆိုတဲ့ စကားလုံးထည့်ပြောရတဲ့နေရာမှာ ဘာစကားလုံးမှ မပါပဲ SC, OC အနေနဲ့ တန်းပြီး သုံးနိုင်တဲ့ make, die, return, remain တို့လို ကြိယာမျိုးကို သေသေချာချာ မှတ်သားသင့်ပါတယ်။ ဒါမှ ပေးထားတဲ့ ၀ါကျကို ခွဲခြမ်းစိတ်ဖြာရာမှာ မမှားမယ်။ ကိုယ်တိုင်ရေးရင် as မထည့်မိဘဲ မှန်မှန်ရေးတတ်မယ်။ ဥပမာ..
He died a poor man.
သူဆင်းရဲသားအဖြစ် ( ဘ၀နဲ့ပဲ ) သေသွားတယ်။
He returned a hero.
သူ သူရဲကောင်းအဖြစ်နဲ့ ပြန်လာခဲ့တယ်။ ( He returned as a hero. မဟုတ်ဘူး။ )
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment