Monday, September 19, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၁)

နာမ်ပုဒ်စု
ဝါကျဆိုတာ စကားလုံးအစုကလေးတွေနဲ့ တည်ဆောက်ထားတာ ဖြစ်တယ်။ ဒီအစုကလေးတွေကို ကတ္တားနဲ့ ကြိယာရယ်လို့ နှစ်ပိုင်းပိုင်း
နိုင်တယ်ဆိုတာကို တင်ပြခဲ့ပြီးပါပြီ။ ကတ္တားမှာ စကားလုံးတစ်လုံးတည်လဲ ပါချင်ပါမယ်။ အစုတစ်ခု ဖြစ်ချင်လည်း ဖြစ်နေမယ်။
( ကြိယာလည်း အလားတူ ) ဆိုတာကိုလည်း ပြခဲ့ပြီး။ ကတ္တားဟာ စကားလုံးတစ်လုံး၊ ဒါမှမဟုတ် စကားလုံးတစ်လုံးကို တည်ပုဒ် ( Head-word or head ) အဖြစ်ထားပြီး သူ့ကို ၀န်းရံနေတဲ့ ပုဒ်စုတစ်ခု ၀ါ ပုဒ်စုများ ပါဝင်တယ်..။ ဥပမာ....
Flowers....................................die.
Beautiful flowers......................die.
Flowers in the garden..............die.
Flowers that smell sweet..........die.
ဒီဝါကျတွေမှာ ပထမကတော့ ကတ္တားဟာ စကားလုံးတစ်လုံး၊ ကြိယာက စကားလုံးတစ်လုံးပဲ ပါရှိတယ်။ ဒုတိယမှာတော့ Flowers ဆိုတဲ့ တည်ပုဒ်နဲ့ သုံးလုံးတစ်စု ၀ိသေသန ( in the garden ) ပါတယ်။ တတိယမှာလည်း အလားတူ တည်ပုဒ်နဲ့ ၀ိသေသနနဲ့ စကားလုံးစုပါဝင်တယ်။
ကြိယာပုဒ်စု
ကတ္တားနည်းတူပဲ ကြိယာဟာလည်း စကားလုံးတစ်လုံးတည်း ဖြစ်နိုင်တယ်။ တည်ပုဒ်စကားလုံးနဲ့ သူ့ကို သိုင်းဝိုင်းထားတဲ့ စကားလုံးလေးများရဲ့ အစုဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကြိယာအစုဟာ နာမ်အစုနဲ့ မတူတာကတော့ စကားလုံး လေးငါးလုံးထက် မပိုတတ်တာပါပဲ။
( ကြံဖန်ပြောမယ်ဆိုလျှင်တော့ ဒီထက်မက ကြိယာအရှည်ကြီး ဖြစ်နိုင်တာပါတယ်။ ဒါပေမယ့် သုံးလေ့မရှိပါဘူး။ )
Flowers die.
Flowers will die.
Flowers ought not to die.
Flowers might not have died.
Flowers will go on dying.
နမူနာ ၀ါကျတွေမှာ ပထမတစ်ကြောင်းသာ ကြိယာက စကားတစ်လုံးတည်း ပါတာတွေဖြစ်ပြီး၊ ကျန်တာတွေမှာ ကြိယာဟာ die ဆိုတဲ့ တည်ပုဒ်နဲ့ စကားလုံးကလေးများ ဖွဲ့စည်းထားတဲ့ အစုဖြစ်တယ်။
come, go ဆိုတဲ့ ကြိယာခြေခံနဲ့ in, on, of, out, up စတဲ့ နိပါတ်ပုဒ်များ တွဲသုံးရာမှ ဖြစ်လာတဲ့ Phrasal Verbs ကို ကြိယာ ( ၀ါစက ) တစ်ခုတည်းလို့ ယူဆရမှာပါ။
She came in.
( ကတ္တား She၊ ကြိယာက came in )
She came in a taxi.
( ကတ္တား She၊ ကြိယာ came သာလျှင် ဖြစ်တယ်။ in က in a taxi လို့ အစုတစ်စု ဖြစ်တယ်။ )
အပိုင်းသုံးပိုင်းပါ ၀ါကျ
အခုထိဟာ အပိုင်းနှစ်ပိုင်း ( ကတ္တားနဲ့ ကြိယာ ) ၀ါကျများချည်း ဖြစ်ပါတယ်။ အောက်ပါ ၀ါကျများကို လေ့လာကြည့်ပါ။

Iron is metal.
Snow has ruined the harvest.
The judge sentenced the prisoner.
The postman's daughter became a film star.
ဒီဝါကျတွေမှာ အပိုင်းသုံးပိုင်းပါတယ်။ စောစောတုန်းကလို နှစ်ပိုင်းထဲကိုသာ ဆိုခဲ့လျှင် ( Iron is, Snow has ruined, etc ) မပြည့်မစုံနဲ့ တိုးလို့တန်းလန်းကြီး ဖြစ်နေမယ်။ သံက ဘာဖြစ်ရမှာတာလည်း။ နှင်းက ဘာကို ဖျက်ဆီးတာလည်း။ တတိယအပိုင်း တစ်ပိုင်း ထည့်ပေးမှ ပြည့်စုံသွားတော့တယ်။ သံဟာ သတ္တုဖြစ်တယ်။ နှင်းက သီးနှံကို ဖျက်ဆီးတယ်။
တတိယဖြည့်ပေးရတဲ့ အပိုင်းဟာလည်း စကားလုံးတစ်လုံးတည်း ( metal ) ဖြစ်ချင်ဖြစ်မယ်။ အစုအဝေးနဲ့ ဖြစ်ချင်ဖြစ်မယ်ဆိုတာကို သတိပြုပါလေ။ နောက်ဆုံး ဥပမာ ၀ါကျမှာ တတိယအပိုင်းကိုကြည့်လျှင် star ဆိုတဲ့ တည်ပုဒ်ရယ်၊ ၀ိသေသန film ရယ် ပါတာကို တွေ့ရလိမ့်မယ်။
တစ်ခါ Iron is metal ဆိုတဲ့ ၀ါကျကို ကြည့်ပြန်လျှင် ဒီသံပဲ သတ္တုဖြစ်နေတာကို တွေ့ရမယ်။ ရုပ်ပုံဆွဲပြလျှင် သံစတစ်စပုံပဲ ဆွဲပြရမှာပါပဲ။ The postman's daughter became a film star. ၀ါကျကို သရုပ်ဖော်ဖို့ ပုံဆွဲရလျှင်လည်း ကောင်မလေး တစ်ယောက်ရဲ့ပုံပဲ ဆွဲပြမှာပါပဲ။ အက္ခရာသင်္ချာနည်းနဲ့ပြလျှင် Iron တို့၊ daughter တို့ကို x လို့ ပြလျှင် metal တို့၊ star တို့ကို x1 လို့ ပြရလိမ့်မယ်။
x=x1
ဒါပေမယ့် The judge sentenced the prisoner. ၀ါကျ၊ Snow has ruined the harvest. ၀ါကျ တို့ကို
သရုပ်ဖော်ပုံဆွဲပြလျှင်တော့ လူနှစ်ယောက် ( တရားသူကြီးနဲ့ အကျဉ်းသား ) ၊ အရာဝတ္ထုနှစ်ခု ( နှင်းနဲ့ သီးနှံ ) တို့ရဲ့ ပုံများကို ဆွဲပြရပေလိမ့်မယ်။ ဒီဝါကျတွေက တတိယအပိုင်းဟာ ကတ္တားနဲ့ ဘာမှမဆိုင်ဘူး။ အက္ခရာသင်္ချာနည်းနဲ့ ပြရလျှင်လည်း ကတ္တား x ဆိုလျှင် တတိယပိုင်းကို y လို့ ပြရမှာ ဖြစ်ပါတယ်။
x ( affects ) y
သဒ္ဒါမှာ x1 လို ၀ါကျရဲ့အပိုင်းကို complement လို့ ခေါ်ပြီး y လို အပိုင်းမျိုးကို Direct Object လို့ ခေါ်တယ်။
မှတ်ချက်။..........။ တချို့ ခေတ်သစ် သဒ္ဒါဆ၇ာများကတော့ Complement နဲ့ Object ခွဲခြားမနေတော့ဘဲ နှစ်မျိုးစလုံးကိုပဲ Complement လို့ ခေါ်နေကြပြီ။ ဒါပေမယ့် သိပ်ပြီး ခေတ်မစားသေးဘူး။ အများစုကတော့ Complement နဲ့ Object ခွဲခြား သတ်မှတ်တုန်းပါပဲ။
အထက်ဥပမာများက Complement တွေဟာ ကတ္တားကိုပဲ ဖြည့်စွက်ပြောကြတာဖြစ်တဲ့အတွက် Subject Complement လို့ ခေါ်ရတယ်။
အောက်ပါ ၀ါကျနှစ်ခုကို ကြည့်ပါ...........
John did not look himself.
John shot himself.
နှစ်ခုစလုံးမှာ တတိယအပိုင်းက himself ဆိုတဲ့ Reflexive Pronoun ကို သုံးထားလေတော့ ကတ္တားနဲ့ အတူတူပဲလို့ ထင်စရာရှိတယ်။ ဒါပေမယ့် ပထမ၀ါကျမှာသာ John ဟာ သူ့ကိုသူ ( ခါတိုင်းပုံစံ ) နဲ့ မတူဘူးလို့ အဓိပ္ပာယ်ရတဲ့အတွက် x,x1 သဘောမျိုးဖြစ်နေပြီး၊ ဒုတိယ၀ါကျမှာတော့ John က မိမိကိုယ်ကို အခြား သူတစ်ပါးလို သဘောထားပြီး သေနတ်နဲ့ ပစ်တယ်လို့ဆိုတဲ့အတွက် x,x1 သဘောမဟုတ်ဘူး။ x, y သဘောဖြစ်တယ်ဆိုတာ သိသာတယ်။ ဒါကြောင့် ပထမ၀ါကျက himself ဟာ SC ဖြစ်ပြီး ၊ ဒုတိယ၀ါကျက himself ကတော့ DO သာ ဖြစ်ပါတယ်။
S-V-SC ပုံစံမှာ V က be ( ဖြစ်တယ် )၊ become ( ဖြစ်လာတယ် )၊ see, look ( ပုံပေါ်တယ်၊ ထင်ရတယ် ) စတဲ့ ကြိယာမျိုးများပြီး S-V-DO ပုံစံမှာတော့ ကြိယာဟာ လုပ်တယ် ( do ) ထိခိုက်တယ် ( affect ) သဘောပါတဲ့ ကြိယာများချည်း ဖြစ်တယ်။ make ဆိုတဲ့ ကြိယာက လုပ်တာလည်းရ၊ ဖြစ်တာလည်း အဓိပ္ပာယ်ရတဲ့အတွက် ၀ါကျထဲက စကားစပ်ကို ကြည့်ပြီး သူ့နောက်က အပိုင်းဟာ SC လား၊ DO လား ခွဲခြားသိရလိမ့်မယ်။
George made a model plane.
George made a good teacher.
ပထမ ၀ါကျက ဂျော့ဟာ လေယာဉ်ပျံအငယ်လေး လုပ်တယ်လို့ အဓိပ္ပာယ် ရကြောင်း သိသာတယ်။ ဒီတော့ a model plane ဟာ DO ဖြစ်တယ်။ ဒုတိယ၀ါကျ ကတော့ ဂျော့ဟာ ဆရာကောင်းတစ်ယောက် ဖြစ်လာတယ်လို့ အဓိပ္ပာယ်ရတယ်။ ဒါကြောင့် a good teacher ဟာ SC ဖြစ်တယ်။
SC လား ၊ DO လား ခွဲခြားသိဖို့ စမ်းတဲ့နည်းတစ်နည်းကတော့ Passive Voice ပြောင်းကြည့်တဲ့ နည်းပါပဲ။ DO မှသာ Passive Voice ပြောင်းနိုင်ပြီး SC ဆိုလျှင် ပြောင်းလို့မရပါဘူး။

Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment