Saturday, October 08, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၃၅)

ဝါကျထဲမှာ ကတ္တား (S)၊ ကံ (O) စတာတွေကို ခွဲခြားသိမြင်ဖို့ အရေးကြီးတာနဲ့ အမျှ အခက်အခဲတွေလည်း တွေ့နိုင်ပါတယ်။ ဒါနာမ်ပဲ၊ ဒါကြိယာပဲ၊ ဒါနာမ၀ိသေသနပဲလို့
အမြဲတမ်း လွယ်လွယ်ကူကူနဲ့ ခွဲခြားသိမြင်နိုင်တာ မဟုတ်ဘူး။ တစ်ပိုင်းစီမှာ ပါဝင်တဲ့ ပုဒ်တွေရဲ့ အရေအတွက်ကလည်း တူညီနေတတ်တယ်။ ဥပမာ - Cows are animals. ဆိုတဲ့ ၀ါကျမှာ စကားလုံးသုံး ပါတယ်။ S က တစ်လုံး၊ V ကလည်း တစ်လုံး၊ C ကလည်း တစ်လုံး။ Cows eat grass. ဆိုတဲ့ ၀ါကျမှာလည်း သုံးလုံးပါပြီး S, V, O တို့ကလည်း တစ်လုံးစီ ပါဝင်နေကြတယ်။ စကားလုံးအမျိုးအစားကို ကြည်ပြန်ရင်လည်း N+V+N တူညီနေကြပြန်ရော။ နောက် ဥပမာတစ်ခုပြရရင် Cows give people milk. နှင့် Love makes men fools. ၀ါကျနှစ်ခုကို ကြည့်လေ။ စကားလုံးအမျိုးအစားအရ ခွဲကြည့်ရင် နှစ်ဝါကျစလုံးမှာ N+V+N+N ချည်းဖြစ်နေတာ တွေ့ရလိမ့်မယ်။ ဒီတော့ ကျောင်းသားအနေနဲ့ ဒီ N တွေဟာ O လား၊ C လား ခွဲခြားရ ခက်ရပြန်တယ်။ ဒီတော့ ၀ါကျထဲမှာ S နဲ့ V,O,C တို့ ရပ်တည်နေပုံကို အနေအထားအရတင် မဟုတ်ဘဲ အခြားအမှတ်အသား လက္ခဏာလေးတွေနဲ့ပါ ညွှန်ပြထားတာကို လေ့လာထားဖို့ လိုလာတယ်။
အင်္ဂလိပ်စကားမှာ နာမ်တွေဟာ နောက်ဆက် S ပါတဲ့အခါပါ၊ မပါတဲ့အခါ မပါကြဘူး။
( Cows, Cow )။ ရှေ့က a, an, the, this, that, all, some, any စတဲ့ စကားလုံးလေးတွေ ပါလေ့ရှိကြတယ်။ ( A cow, the boy, All dogs စသည် )။ မပါတဲ့အခါလည်း မပါဘူး။( Cows Boys, Men )။

ကြိယာမှာ ပစ္စုပ္ပန်အချိန်ကိုပြရင် s ပါရင်ပါ၊ မပါရင်လည်း မပါဘူး.။ နာမ်မှာ s ပါရင် ကြိယာမှာ s မပါဘဲ သုံးမယ်။ နာမ်မှာ s မပါရင် ကြိယာမှာ s ပါရတယ်။ ဒါကို သဒ္ဒါအဆိုအရ ကတ္တားနဲ့ ကြိယာ ကိန်းချင်း တူညီရတယ်လို့ ဆိုတယ်။ ကတ္တားက ဧက၀ုစ် ( s မပါ ) ဆိုရင်၊ ကြိယာကလည်း ဧက၀ုစ် ( s ပါ ) ၊ ကတ္တားက ဗဟုဝုစ် ( s ပါ ) ဆိုရင် ကြိယာက ဗဟုဝုစ် ( s မပါ )။ ဥပမာ ......
Dogs bark. ( ဗဟုဝုစ် )
A dog barks. ( ဧက၀ုစ် )
ဒီသဒ္ဒါသဘောကို ကျောင်းသား နားလည်မလည်စမ်းတဲ့ နည်းတွေထည်းက ကျွန်တော်တို့ အကြိုက်ဆုံးနည်းကတော့ Alice in Wonderland ၀တ္ထုထဲမှာ Lewis Carrol စတင် တီထွင်သုံးခဲ့တဲ့ အဓိပ္ပါယ်မဲ့ စကားလုံးတွေကို အသုံးပြုစမ်းသပ်တဲ့ နည်းပါပဲ။ ဒီနည်းကို သုံးတဲ့အတွက် ကျောင်းသားဟာ နောင်စာဖတ်ရာမှာ ကိုယ်နားမလည်တဲ့ စကားလုံးတွေ တွေ့ရပေမယ့် S,V,O,C ခွဲခြားမြင်တတ်တဲ့ အကျင့်ကိုပါ ရသွားလိမ့်မယ်။ အောက်ပါ ၀ါကျလေးတွေကို ကြည့်ပါလေ။ ဘယ်ဟာ S၊ ဘယ်ဟာ V သိပါရဲ့လား။ ဒါ့အပြင် ဘယ်ဟာ ဧက၀ုစ်၊ ဘယ်ဟာ ဗဟုဝုစ် ဆိုတာကိုကော ခွဲခြား သိမြင်ပါရဲ့လား။
Plovaks wibble.
The plovak wibbles.
A drogot drooms.
The drogots droom.
အင်္ဂလိပ် ကြိယာတွေကို ed, ing တို့ ဆက်ပြီး be, have တို့ရဲ့ ရုပ်များ ( am, is, are, was, were, has, have, had ) နဲ့ တွဲသုံးကြတယ်။ can, may, might စတာတွေနဲ့လည်း တွဲသုံးကြတယ်။ ဒီအမှတ်လက္ခဏာတွေကို ကြည့်ပြီးတော့လည်း ဒါဟာ ကြိယာပဲလို့ ခွဲခြားသိမြင်နိုင်တယ်။ ဥပမာ ...
The plovaks are wibbling.
The drogot has droomed.
A flintax can socort.
ဒီလို S နဲ့ V ကို ခွဲတတ်ပြီဆိုရင် ကျန်တဲ့ အစိတ်အပိုင်းများကို ခွဲခြားသိမြင်နိုင်စရာ အမှတ်လက္ခဏာများကို ဆက်လက် လေ့လာအပ်တယ်။ ကြိယာအများစုရဲ့ နောက်က နာမ်တွေဟာ O ဖြစ်ဖို့ များပါတယ်။ S+V+DO ပုံစံကို အလွယ်တကူနဲ့ သိမြင်နိုင်လိမ့်မယ်။
Plovaks wibble durfews.
The plovak has wibbled a durfew.
A drogot is socorting the flintax.
အချို့ ၀ါကျပုံစံများမှာ သုံးတဲ့ကြိယာကိုက သီးခြားဖြစ်တယ်.။ S+V+SC ပုံစံမှာပါတဲ့ ကြိယာဟာ ညီမျှခြင်းသဘောကိုဆောင်တဲ့ be ( is, am, are စသည် ), become, seem စတဲ့ ကြိယာမျိုးသာ ဖြစ်တယ်။ အောက်ပါတို့ကို ကြည့်လေ၊ အဓိပ္ပါယ်မသိပေမယ့် S+V+SC ပုံစံဆိုတာ အလွယ်တကူနဲ့ သိမြင်နိုင်တယ်။
Plovaks are durfews.
This plovak is a durfew.
The drogot became a knoxim.
S+V+IO+DO ပုံစံမှာပါတဲ့ ကြိယာဟာ give နဲ့ အလားတူ အဓိပ္ပါယ်ရတဲ့ ကြိယာများ ( send, present, make, teach စသည် ) ပဲ ဖြစ်တယ်။ ဥပမာ .....
Bluskins give wibbles durfews
A drogot gave the flintax a durfew.
S+V+DO+OC ပုံစံမှာပါတဲ့ ကြိယာကတော့ ( ဖြစ်စေတယ် ) လို့ အဓိပ္ပါယ်ထွက်တဲ့ make ပဲ များပါတယ်။
Chenk makes blukins durfews.
The blong made the ondune a frox.
နာမ၀ိသေသနကတော့ အင်္ဂလိပ်စကားမှာ ဧက၀ုစ်၊ ဗဟုဝုစ် ခွဲခြားခြင်း မရှိဘူး။ ( A disc is round, Discs are round. ) ဒါပေမယ့် နာမ၀ိသေသနများမှာ နှိုင်းယှဉ်တဲ့အခါမှာဖြင့် အမှတ်လက္ခဏာတွေ ရှိတယ်။ အခြေခံရုပ်ကို -er, -est ထည့်တဲ့အခါ ထည့်ပြီး ( taller, tallest ) more / most, less / least တို့ သုံးတဲ့အခါ သုံးရတယ်။ ( most important, less useful )။ အလွယ်နဲ့ပဲ Adj ဆိုတာ သိနိုင်တယ်။
The bluskins are more rolag than usual.
The gorblest bluskin is less rolag than a stirk.
တကယ်လို့ SC, OC တို့ဟာ N မဟုတ်ပဲ Adj ဖြစ်နေခဲ့ရင် အထက်ပါ အချက်တွေကို ဆင်ခြင်ပြီး ခွဲခြားသိမြင်နိုင်ပါတယ်။ ဥပမာ ...
Plovaks are durfews.
Plovaks are rolag.
ပထမ၀ါကျမှာ SC မှာ s ပါနေတယ်။ ဒါကြောင့် N လို့ သိနိုင်တယ်။ ဒုတိယ၀ါကျမှာက s မပါတော့ Adj ဖြစ်ရမယ်။ ဧက၀ုစ်ကျပြန်တော့ ..
A plovak is a durfew.
A plovak is rolag.
ပထမ၀ါကျက SC မှာ a ပါတယ်။ N ပေါ့။ ဒုတိယ၀ါကျက SC မှာ a မပါတော့ Adj ပေါ့။
Chenk makes bluskins durfews.
Chenk makes bluskins rolag.
အထက်က စဉ်းစာပုံ စဉ်းစားနည်းအတိုင်း စဉ်းစားကြည့်ရင် OC နှစ်ခုဟာ တစ်ခုက N၊ တစ်ခုက Adj ဆိုတာ အလွယ်နဲ့ ခွဲခြားသိမြင်နိုင်ပါလိမ့်မယ်။
ပေးထားတဲ့ ၀ါကျက အစိတ်အပိုင်းတွေကို ခွဲခြားသိမြင်နိုင်တာအပြင် N ဆိုတာ a, an, the နဲ့ တွဲသုံးရပါလား။ V ဆိုတာ ဒီလို s, ed, ing နဲ့ သုံးရပါလား ဆိုတာတွေကိုပါ ကျောင်းသားတွေ ခေါင်းထဲ စွဲမြဲသွားစေနိုင်တဲ့အတွက် ဒီလေ့ကျင့်ခန်းမျိုးဟာ အထူးအကျိုးများလှပါတယ်။ နောက်ပြီး အဘိဓါန်ချည်း အားကိုးတဲ့နည်းဟာ စာဖတ်အရှိန်ကို ပျက်စေတဲ့အတွက်၊ စာဖတ်ကျင့်ကို အဟန့်အတားဖြစ်စေလွန်းတဲ့အတွက် ကျွန်တော်တို့ အားမပေးလိုဘူး။ ၀ါကျကို သရုပ်သကန်ခွဲကြည့်ပြီး ကိုယ်သိသမျှလေးနဲ့ မသိတဲ့ စကားလုံးကို မှန်းဆကြည့်ပြီး စာဖတ်တဲ့နည်းကိုသာ လေ့ကျင့်ယူအပ်ပါတယ်။
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment