Wednesday, February 15, 2012

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၄၁)

Sentence Structure (14) - Noun
(ကျွန်တော်အင်္ဂလိမ်စာနဲ့ပတ်သက်၍ ဖတ်ရှူလေ့လာခဲ့တဲ့အထဲမှ ဆရာကြီးဦးသာနိုးရဲ့ဆောင်ပါးများကို ဒီ blogတွင် အလျဉ်းသင့်သလို တင်ဆက်ခဲ့ပါတယ်။ ယခုတင်ပြလိုက်တဲ့ ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၄၁)ဟာ နောက်ဆုံးဆောင်းပါးဖြစ်ကြောင်းနှင့် ကျွန်တော်အနေနဲ့ ကောင်းနိုးရာရာ ဆောင်ပါးများကို စာဖတ်ဝါသနာရှင် သူငယ်ချင်းတို့အတွက် တင်ဆက်ပေးသွားပါ့မယ်။ သူငယ်ချင်းတို့တွေလဲ အင်္ဂလိမ်စာနဲ့ပတ်သက်၍ ထူးချွန်ထက်မြက်သူများဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။)
Noun ဆိုတာ ဘာလဲ။ ၀ါကျရဲ့ အဆောက်အအုံထဲမှာ Subject နေရာ၊ Object နေရာ၊ Complement နေရာက ပါဝင်ကပြနိုင်တဲ့ စကားလုံး (၀ါ) စကားလုံး အစုအဝေးကို Noun လို့ သမုတ်ကြတာပါပဲ။ (Complement မှာတော့ Noun အပြင် Adjective လည်း ၀င်ရောက်နိုင်သေးတာကို သတိပြုပါလေ။) ဒီတော့ man, dog, chair တို့ဟာ noun ဖြစ်သလို၊ အောက်ပါဝါကျတွေမှာ Underline တွေနဲ့ ဖော်ပြထားတဲ့ အစုတွေဟာလည်း noun တွေပဲ ဖြစ်ပါတယ်။
1. To err is human. ( Subject )
... မှားတာ လူဆန်တယ်။
2. She hates to be looked at. ( Object )
... အကြည့်ခံရတာကို သူမုန်းတယ်။
3. Her only concern is to look beautiful. ( Subject Complement )
... သူ့တစ်ခုတည်းသောအလုပ်က လှဖို့ပဲ။
4. Where to begin was the problem. ( Subject )
... ဘယ်ကစရမလဲဆိုတာ ပြသနာပဲ။
5. I don't know what to say. ( Direct Object )
... ကျွန်တော် ဘာပြောရမှန်း မသိဘူး။
6. The problem is where to begin. ( Subject Complement )
... ပြသနာကတော့ ဘယ်ကစရမလဲဆိုတာပါပဲ။
7. Walking ten miles is not easy. ( Subject )
... ဆယ်မိုင်လမ်းလျှောက်ရတာ မလွယ်ဘူး။
8. Most of us hate walking a few miles. ( Direct Object )
... ကျွန်တော်တို့အများစုဟာ မိုင်အနည်းငယ် လမ်းလျှောက်ရတာကို မုန်းကြတယ်။
9. The only alternative was taking the bus. ( Subject Complement )
... တစ်ခုတည်းသော ရွေးစရာကတော့ ဘတ်စ်စီးတာပါပဲ။
10. I saw him cross the road. ( Object )
... သူ လမ်းဖြတ်ကူးတာကို ကျွန်တော်မြင်တယ်။
11. I saw him crossing the road. ( Object )
... သူ လမ်းဖြတ်ကူးနေတာကို ကျွန်တော်မြင်တယ်။
ဝါကျ (၁) မှာ to ပါတဲ့ infinitive ဟာ Subject အလုပ်ကို လုပ်နေတယ်။ ၀ါကျ (၂) မှာ Object ဖြစ်နေတယ်။ ၀ါကျ (၃) မှာ to ပါတဲ့ infinitive နဲ့ beautiful တွဲရက် Phrase ဟာ Subject Complement အလုပ်ကို လုပ်နေတယ်။ ဒါကြောင့် infinitive ဟာ Noun အလုပ်ကို လုပ်နေတယ်လို့ ဆိုရမယ်။ ၀ါကျ (၄) မှာ infinitive နဲ့ where ဆိုတဲ့ မေးခွန်းစကားလုံးတွဲပြီး Subject ဖြစ်နေတယ်။ ၀ါကျ (၅) မှာ what နဲ့ infinitive .။ ၀ါကျ (၆) မှာ where နဲ့ infinitive တွဲရက်တွေ့ရပြီး Complement အလုပ် လုပ်နေတယ်။ how, when တို့နဲ့လည်း အလားတူတွဲနိုင်သေးတယ်။ ဒီတော့ မေးခွန်းစကားလုံးနဲ့ infinitive တွဲပြီး Noun အလုပ်ကို လုပ်နိုင်တယ်လို့ မှတ်ယူရမှာဖြစ်တယ်။
ဝါကျ ( ၇၊ ၈၊ ၉ ) တို့မှာတော့ V-ing ရုပ်ကို Subject, Object, Complement အသီးသီးသုံးထားတာပါ။ ဒီလို V-ing ကို Noun နေရာမှာ သုံးတာကို Gerund လို့လည်း ခေါ်ကြတယ်။
မှတ်ချက်။............။ အခုလို Infinitive တို့ Gerund တို့ကို Noun လို သုံးတာများကို စောစောပိုင်းက ဆွေးနွေးခဲ့တဲ့ Adjective အသုံးများနဲ့ မရောပါစေနဲ့။ စောစောပိုင်းကဟာတွေက infinitive နဲ့ gerund ဟာ Adjective အလုပ်လုပ်က Noun အထူးပြုနေကြတာမျှ ဖြစ်တယ်။
ဝါကျ (၁၀) မှာက him ဟာ Direct Object ဖြစ်တယ်။ သူနောက်က cross the road ဆိုတဲ့ to မပါတဲ့ infinitive ရှိတယ်။ ၀ါကျ (၁၁) မှာက him ဆိုတဲ့ Direct Object နဲ့ crossing the road ဆိုတဲ့ gerund ရှိတယ်။ ဒီလို DO နဲ့ infinitive / gerund အတွဲတွေကိုလည်း ထူးခြားတဲ့ Noun Phrases တွေလို့ပဲ ယူဆရမှာပဲ။
Phrase အပြင် Clause ကလည်း Noun နေရာမှာ ၀င်လုပ်နိုင်ပါသေးတယ်။ Noun Clause လို့ ခေါ်ကြတယ်။ (အကြမ်းဖျဉ်း ဆွေးနွေးခဲ့ပြီးပြီ)။ အောက်ပါ ဥပမာများကို လေ့လာကြည့်ပါ။
That she should marry him is strange. ( Subject )
သူမ သူ့ကို လက်ထပ်မယ်ဆိုတာ ဆန်းတယ်။
I prefer that you quit the job. ( Direct Object )
မင်းအလုပ်ထွက်တာကို ငါသဘောကျတယ်။
The chief problem is that food was scarce. ( Subject Complement )
အဓိက ပြဿနာကတော့ အစားအစာ ရှားပါးတာပါပဲ။
Noun Clause မှာ အသုံးများတဲ့ စကားဆက်ကတော့ that ဖြစ်တယ်။ noun clause က DO ဖြစ်နေတဲ့ အခါများမှာတော့ that ကို ဖြုတ်ထားလေ့ရှိတယ်။
He said he did not know anything.
သူက သူဘာမှ မသိဘူးလို့ ပြောတယ်။
That အပြင် whether, what, when, where စတဲ့ အမေးစကားလုံးလေးတွေကိုလဲ Noun Clause မှာ စကားဆက်အဖြစ် သုံးနိုင်တယ်။
ပြောတဲ့စကားကို မပြုပြင်ဘဲ တိုက်ရိုက်ဖော်ပြတဲ့ Direct Speech မှာ ၀ါကျထဲက အစိတ်အပိုင်းတွေရဲ့ အစီအစဉ်ဟာ ပုံမှန်အစီအစဉ် ဟုတ်ချင်မှ ဟုတ်မယ်။ အမျိုးမျိုး ပြောင်းလဲထားသိုနိုင်တယ်။ ဥပမာ ..
He said, " the car is ready," ( ပုံမှန်အစီအစဉ် )
.S...V.........DO ( N Clause )
" The car is ready," he said. ( ပြောင်းလဲ )
" The car is ready," said he. ( ....။....... )
" The car, said he, is ready. ( .....။....... )
ဒီဝါကျကိုပဲ Indirect Speech ပြင်ရေးရင်တော့ အစီအစဉ်ဟာ ပုံမှန်ပဲ ဖြစ်တာများတယ်။ သတင်းစာ အရေးအသားမှာတော့ အပြောင်းအလဲ ရှိတတ်ရဲ့။ ဥပမာ ..
He said that the car was ready. ( ပုံမှန် )
The car was ready, he said. ( သတင်းစာ )
Noun နှစ်ခု ယှဉ်တွဲသုံးထားတာကို Nouns in apposition လို့ ခေါ်တယ်။ Noun နှစ်ခုဆိုရာမှာ လုံးချင်းစကားလုံးဖြစ်နိုင်သလို Noun Phrase လဲ ဖြစ်နိုင်ကာ Noun Clause လည်း ယှဉ်နိုင်တာပါပဲ။ တစ်ခါတစ်လေ Noun နှစ်ခုကို of နဲ့ ဆက်ပြီး၊ တစ်ခါတစ်လေ namely နဲ့ ဆက်ပေးတယ်။ တစ်ခါတစ်လေမှာတော့ နာမ်အစုအစား It ဆိုတဲ့ စကားလုံးကို ကိုယ်စားသုံးတတ်ရဲ့။ အောက်ပါ ဥပမာများကို လေ့လာကြည့်ပါ။
We Chinese are very patient people. ( 2 Noun )
ကျွန်တော်တို့ တရုတ်တွေဟာ အင်မတန်စိတ်ရှည်တဲ့ လူမျိုးတွေပါ။
Mandalay, the second largest city, is a cultural centre too. (2 Nouns ကော်မာနဲ့ခြားထား )
The city of Kyauksae is in the division of Mandalay. ( Noun နှစ်ခု of နဲ့ ဆက် )
His intention, to protect the wild life in the area, is praiseworthy. ( N နဲ့ N Phrase )
ဒေသတွင်း တောရိုင်းတိရစ္ဆာန်များကို ကာကွယ်ရေး၊ သူ့ရည်ရွယ်ချက်ဟာ ချီးကျူးစရာဖြစ်တယ်.။
He stated his intention, namely that the area's wild life should be protected. ( N နဲ့ N Clause ကို namely နဲ့ ဆက် )
It is desirable that the area's wild life should be protected. ( N Clause အစား It )
တောရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းရမယ်ဆိုတာ လိုလားအပ်တယ်။
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment