Sunday, February 26, 2012

ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ မြန်မာယူ-၂၁အသင်းရဲ့အဖွင့်ပွဲစဉ်

 
ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲ၏ အဖွင့်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် ဖိလစ်ပိုင် ယူ-၂၁ နှင့် မြန်မာ ယူ-၂၁ အသင်းတို့၏ ပွဲစဉ်တွင် မြန်မာလူငယ် အသင်းက ၈ဂိုး ၂ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
မြန်မာအသင်းသည် အဖွင့်ပွဲတွင် မိုင်းအိုက်နိုင်၊ ကျော်ကိုကို၊ ကြည်လင်း၊ သိန်းသန်းဝင်း၊ ပြည့်ဖြိုးအောင်၊ ကျော်ဇေယျာဝင်း၊ ရန်အောင်ဝင်း၊ ဇော်မင်းထွန်း အစရှိသည့် ကစားသမား များဖြင့် ပွဲထွက်လာခဲ့သည်။ ပွဲချိန် ၁၃မိနစ်တွင် သိန်းသန်းဝင်းက မြန်မာတို့ အတွက် အဖွင့်ဂိုးအား သွင်းယူပေးခဲ့ကာ ချက်ချင်းဆိုသလိုပင် မိုင်းအိုက်နိုင်က ဒုတိယဂိုး သွင်းပေးခဲ့ပြီး မြန်မာတို့ နှစ်ဂိုးပြတ် ဦးဆောင်နေခဲ့သည်။ ပွဲချိန် ၃၉မိနစ်တွင် ဖိလစ်ပိုင် ကစားသမား မာဗင်က ချေပဂိုး ပြန်သွင်းခဲ့ပြီး ၄၅မိနစ်တွင် မြန်မာတို့ ပင်နယ်တီ ကန်ခွင့် ရခဲ့သည်။ ယင်းပင်နယ်တီအား အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်းက ကန်သွင်းခဲ့ကာ ပထမပိုင်းအပြီး (၃-၁)ဂိုးဖြင့် အနိုင်ရနေခဲ့သည်။
ဒုတိယပိုင်းအစတွင် မြန်မာအသင်း ဂိုးများဆက်တိုက်ရခဲ့သည်။ ပွဲစစချင်းပင် လူစားဝင် ကစားသမား ကောင်းစည်သူက မြန်မာတို့အတွက် စတုတ္ထဂိုးအား သွင်းပေးခဲ့ကာ ၄၉မိနစ်တွင် ကျော်ဇေယျာဝင်းက ပင်နယ်တီမှတစ်ဆင့်ပင် နောက်တစ်ဂိုး သွင်းယူပေးခဲ့သည်။ တစ်ဖန် ၆၇မိနစ်တွင် ကျော်ဇေယျာဝင်းက ၎င်း၏ ဟက်ထရစ်ဂိုးအား သွင်းပေးကာ (၆-၁)ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။ ၇၅မိနစ်တွင် လူစားဝင်း ကစားသမား သက်နိုင်က မြန်မာတို့အတွက် သတ္တမမြောက် ဂိုးအား သွင်းပေးခဲ့ကာ ၈၅မိနစ်တွင် ဘီလိုဗာက ဖိလစ်ပိုင်အတွက် ပြန်လည်ချေပခဲ့သည်။ မြန်မာတို့အတွက် ပွဲသိမ်း အနိုင်ဂိုးကိုမူ သက်နိုင်ကပင် မိနစ် ၉၀၌ သွင်းယူပေးခဲ့ကာ အဖွင့်ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့သည်။
မြန်မာ အသင်းသည် ဖေဖော်ဝါရီ ၂၈ရက်နေ့တွင် အင်ဒိုနီးရှား အသင်းနှင့် ဆက်လက် ရင်ဆိုင်ရမည် ဖြစ်သည်။
Posted by ဝတီ

No comments:

Post a Comment