ပိတောက်သင်းသော လရာသီ
သင်္ကြန်လေအေးလေးက အပူထဲမှ အအေးကိုယူဆောင်လာသည်။ ပုဂံမြေမှ အပျော်အပါး ခုံမင်သော၊ အကျီးစားသန်သော နရသီဟပတေ့မင်း၏ ထူးကဲစွာ ပြင်ဆင်ထားသည့် သင်္ကြန်ပွဲတော်.....
မိဖုရားကြီးငယ်များ၊ မောင်းမတော်၊ ကိုယ်လုပ်တော်၊ အပျိုတော်များအားလုံး တင့်တယ်သော အလှကိုယ်စီဖြင့် ပျော်ရွင်စွာ ရေးကစားကြသည်။
“ဘုန်းတော်ကြီးမြတ်သော မောင်တော်ဘုရား ကျန်းမာပါစေ”
“မောင်တော်မင်ကြီး အေးချမ်းပါစေ”
“မောင်တော် ဘုန်းတော်ကြီးမြင့်ပါစေ” စသည့်ဖြင့် ကောင်းမြတ်သော ဆုတောင်းများနှင့်အတူ မိဖုးရားခေါင်ကြီးနှင့်တကွ မိဖုရားများမှ သွန်းဖျန်းသောရေစင်ဖြင့် နရပတေ့မင်းကြီး၏ကိုယ်တော်မှာ ရွဲရွဲစိုလျက်။
မိဖု၇ားအချင်းချင်းလည်း အပြန်အလှန် ရေကစားကြသည်။ ရေကစားမဏ္ဍပ်တော်အတွင်း၌ ရယ်သံမောသံများညံ၍ အားလုံးအားလုံးသောသူတို့မှာ ရေရွဲရွဲစိုလျက်။
အားလုံးထဲတွင် ထူးခြားနေသူက မိဖုရားစောလုံ။
စောလုံသည်ဣနြေ္ဒရစွာ စံမြန်းလျက် ရံရွှေတော်များ ဆက်သသောပိတောက်ပန်းများကို ရင်မှာထွေးပွေ၍ သင်းသင်းလေးနှင့် မွှေးအိသော ပိတောက်နံကို မြတ်နိုးစွာ ခံစားနေ၏။ အဆောင်ရ နန်းရမိဖုရားများထဲတွင် ကိုယ်နေဟန်ထားသွယ်လျ အချိုးကျသူ။ အသက်ငယ်သူ လှပတင့်တယ်သော ကောင်းခြင်းအဖြာဖြာနှင့် ပြည့်စုံသော မိဖုရားစောလုံသည် ပိတုန်းရောင် ဆံကေသာထက်တွင် ပိတောက်ပန်းတစ်ခက်ကိုပန်ဆက်၍ ပိတောက်ပန်းနှင့်အပြိုင် လှပတင့်တယ်နေ၏။
မိဖုရားစောလုံသည် သူချစ်သော မောင်တော်မင်းကြီး၏သင်္ကြန်ပွဲတော်တွင် သူ့နည်းသူဟန်နှင့် ပါဝင်လျက်ရှိသော်လည်း အခြားမိဖုရားနှယ် အချင်းချင်းရယ်လျက်မောလျက် ရေပက်ကစားခြင်းမရှိ။
အခြားမိဖုရားကလည်း အနေတည်သောစောလုံကို ရေပက်ကစားခြားမပြု။
မင်းတရားကြီးသည် မိဖုရားမောင်းမများ ရေကစားနေသည်ကို သဘောကျစွာကြည့်ရှု ရယ်မောရင်း စောလုံတစ်ယောက် မတွေ့ရသည်ကို သတိထားမိလာသည်။
“ဘယ်များ ရောက်နေပါလိမ့် စောလုံ”
ဝေ့ဝဲသော အကြည့်ဖြင့် ရှာပုံတော် ဖွင့်လိုက်သည်။
“ဟော တွေ့ပါပြီ။ လှလိုက်ယှဉ်လိုက်သည့်စောလုံ ချစ်မြတ်နိုးရသောစောလုံ” ဟု နရသီဟပတေ့မင်းကြီး၏ရင်မှာ မြတ်နိုးမူအပြည့်ဖြင့်ကြည့်ကာ သူချစ်မြတ်နိုးသောမိဖုရားကို ကျီးစားရန် အတွေးရသွားလေသည်။ ထို့ကြောင့် မောင်းမငယ်တစ်ဦးကို ခေါ်ယူ၍ တီးတိုးစကားဆိုလိုက်သည်။
နေပူရှိန်က ပို၍ ပြင်းလာသည်။
အပျိုတော်ခေါင်းမှ “အရှင်မိဖုရား အေးမြအောင် ရေစင်ရေချမ်းသွန်းဖျမ်းပါရစေ” ဟု လျှောက်တင်၏။ မိဖုရားစောလုံမှ “ကောင်းပြီ မများစေနဲ့” ဟု မိန့်၏။
ထိုအချိန်တွင် မောင်းမငယ်များက မြူတာအိုးနှင့် တစ်အိုးပြီးတစ်အိုးဝိုင်း၍ သွန်းလောင်းကြလေသည်။ ထိုအခါ မိဖုရားစောလုံမှ “မယ်မင်းတို့ ဘာကြောင့် ငါ့ကို ခုလိုပြုဝံရတာလဲ” ဟု ဒေါသတကြီး ထရပ်ရင်း မေးလိုက်သည်။ “မင်းကြီးစေခိုင်းလို့ပါ အရှင်မိဖုရား” ဟုပြောပြောဆိုဆိုနှင့် ရေမြူတာအိုးဖြင့် ခေါင်းပေါ်မှ အကြိမ်ကြိမ် သွန်းလောင်းပြန်၏။
မှန်ပေသည်။ နရသီဟပတေ့မင်းသည် သူ့နံဘေးမှ မိဖုရားများကို စောလုံထံ လက်ညှိုး ညွှန်ပြပြီး တဟားဟား ရယ်မောနေ၏။
အခြားမိဖုရားများကလည်း စောလုံထံ လှမ်းကြည့်ပြီး သဘောကျစွာ ရယ်မောနေကြသည်။
မဏ္ဍပ်တစ်ခုလုံး ရယ်သံများနှင့် သောသောညံနေ၏။
စောလုံ၏တစ်ကိုယ်လုံးသာမက ဦးဆံများပါ ရွှဲရွှဲစိုနေ၏။ ပါးလွှာသောဝတ်စုံသည် လုံးကျစ်လှပသော ကောက်ကြောင်းများဖြင့် ကိုယ်ရေအလှမှာ ရေစိုအဝတ်များဖြင့် ကပ်လျက်။
စောလုံတစ်ကိုယ်လုံး ဆတ်ဆတ်တုန်လျက်။ ဆတ်ဆတ်တုန်နေသည်မှာ ချမ်း၍မဟုတ်။ မကျေနပ်သော ဒေါသများဖြင့် “သူ့မယားတွေပါ သဘောကျအောင် ငါ့ကို အရှက်ခွဲတဲမင်း။ အကြောင်းသိစေရမည်” ဟုဆိုကာ မိဖုရားစောလုံ၏ စိတ်၌အမုန်းပင် အတေးပင်များ စိုက်ပျိုးလိုက်လေသည်။
နရသီဟပတေ့မင်းနှင့် မိဖုရားများ၏ ကျယ်လောင်သော ရယ်သံများကို ကြားယောင်မိပြန်သည်။
“မုန်းတယ်၊ မုန်းတယ်၊ နာတယ်။ ငါသေတောင် မကျေဘူး”
ပွဲတော်ခေါ်လည်း မပျော်။ ကြားသမျှ အသံမှန်သမျှ ပူလောင်နေ၏။ နန်းတော်မှာလည်း မနေချင်။ ဘုရင်ကိုလည်း မမြင်ချင်။ ဘယ်သူ့ကိုမှလည်း စောလုံ မမြင်ချင်တော့ပါ။
“ငါ ဘာလုပ်ရမလဲ”
စောလုံ၏ ခေါင်းထဲမှ အတွေးတစ်ချက်က လက်ခနဲ့ စောလုံ၏ လှသောမျက်နှာလေး ကြောက်စရာအသွင်ပြောင်း၍ “ငါ့ကို အရှက်ခွဲတဲ့ ဘုရင်။ အရှက်အတွက် အသက်သေစေရမယ်” ဟု ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။
“အလှည့်ကျ ဆက်သရမည့် ပွဲတော်အုပ်” နာကျည်းမုန်းတီးမူများဖြင့် ပြုံးလိုက်သည်။
အရှက်ကို အသက်နှင့် လဲ၍ အသိများကာ မုန်းမိုးစွေစွာရွာလေတော့သတည်း။
နရသီဟပတေ့မင်းသည် ပွဲတော်တည်ချိန်ရောက်လာ၍ ဆက်သလာသော ပွဲတောအုပ်ကို ဖွင့်လိုက်သည်။ ထိုအချိန်တွင် အောက်မှခွေးချေသံကြား၍ နိမိတ်မကောင်းဟုယူဆကာ ပွဲတော်အုပ်ကို စားတော်မခေါ်သေးဘဲ ပွဲတော်စာမှ ခွေးကို ချကျွေးလေသည်။ ခဏမှာပင် ခွေးသေ၏။
မင်းကြီး ဒေါသအမျက် ချောင်းချောင်းထွက်၍ စစ်မေး၏။ “ဒါ ဘယ်သူ့လက်ချက်လဲ” ဟု စောလုံထံမှ ပွဲတော်အုပ်ကို ဆက်ပါသည်ဟု သိရသောအခါ မိဖုရားစောလုံကို ခေါ်ယူ၍ စစ်မေးသည်။ ဒေါသအာဃာတမီးလောင်မြိုက်နေသော မိဖုရားစောလုံသည် ကြောက်စိတ်အလျဉ်းမရှိ။
“အများတကာရှေ့မှာ အရှက်ရစေရန် ရေနှင့်ပက်ခိုင်းသောကြောင့်” ဟု ဝံ့စားစွာ စကားဆို၏။ စောလုံ၏ဒေါသကား နရသီဟပတေ့မင်းထံ ကူးပြောင်း၍ မင်းမာန်မင်းမီးက လောင်အားပိုကြီးကာ “စောလုံကို သံကျပ်စင်မှာ ကျပ်တင်၍ သတ်စေ” ဟု အမိန့်ချလေသည်။
အေးသောရေမှစခဲ့သောမီးသည် သံကျပ်စင်မှာ အလျံတညီးညီးတောက်ခဲ့ရသည်။ ပိတောက်တဝေဝေဖြင့် သင်္ကြန်ပွဲတွင် အသရေတင့်ခဲ့သော စောလုံခမျာ သံကျပ်စင်၌ ပြာအဖြစ်သို့ရောက်ကာ ဘဝဆုံးခဲ့ရရှာလေသည်။ စောလုံဝိညာဉ်ညဖြစ်သော ဘဝထိများ နရသီဟပတေ့မင်းအပေါ် မုန်းဦးလေမလား.....။
ကျွန်တော်ဖတ်ခဲ့ရသော FACES MAGAZINE ထဲမှ ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။
Posted by ဝတီ
No comments:
Post a Comment