ဓာရဏပရိတ်ဟာ ပိဋကတ်သုံးပုံထဲ ပါဝင်နေသလား ဆိုတဲ့ မေးခွန်းကို —-
ပါလည်း ပါတယ်။ မပါလည်း မပါဘူး လို့ ဖြေရမယ် ထင်တယ်။ရှင်းမယ်လေ။
ပါဝင်ပုံလေး မပြောခင် မပါဝင်ရတဲ့အကြောင်း
အရင်ပြောမယ်။ ဓာရဏ ပရိတ်တော်ထဲက တချို့
ပါဠိစာသားတွေဟာ ပိဋကသုံးပုံထဲမှာ တိုက်ရိုက်နည်းနဲ့
ပါဝင်နေတာ မဟုတ်ဘဲ ရှေးရှေးဆရာတော်များက
ကောင်းနိုးရာများကို ကြည်ညိုသဒ္ဓါစိတ်နဲ့ ဖွဲ့ဆို
သီကုံးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီ ပါဠိစာသားတွေရဲ့
အဓိပ္ပါယ် သဘောတရားတွေကလည်း ထေရဝါဒဗုဒ္ဓဘာသာနဲ့
မဆန့်ကျင်ပါဘူး။ ဆိုလိုချင်တာက စာပေအနေနဲ့
ပိဋကတ်သုံးပုံထဲမှာ တိုက်ရိုက်မလာဘူး။
အနှစ်သာရအားဖြင့်တော့ ထေရဝါဒနဲ့ သင့်လျော်တဲ့အတွက်
အကျုံး ဝင်နေတဲ့အတွက် ဆရာအစဉ်အဆက် လက်ခံခဲ့ကြတယ်လို့
ဆိုပါတယ်။
ပါဝင်နေတဲ့ ပါဠိစာသားတွေကို ထုတ်နုတ်ပြီး ရှင်းပြမယ်။ ဓာရဏ ပရိတ်ထဲက ——–
၁။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ ၊
၂။ ဗုဒ္ဓါနံ သဗ္ဗညုတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊
၃။ ဗုဒ္ဓါနံ အဘိဟဋာနံ စတုန္နံ ပစ္စယာနံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊
၎။ ဗုဒ္ဓါနံ အသီတိယာ အနုဗျဉ္ဇနာနံ ဗျာမပ္ပဘာယ ဝါ န သက္ကာ
ကေနစိ အန္တရာယော ကာတုံ ဆိုတဲ့ ပါဠိစာသား လေးပုဒ်ကတော့
ဝိနည်းပိဋက၊ ပါရာဇိကကဏ္ဍ အဋ္ဌကထာ ပထမအုပ်၊ စာမျက်နှာ ၁၄၇ –
၈ မှာ တိုက်ရိုက်လာတယ်လို့ ဆိုပါတယ်။ (အဲဒီစာအုပ်ထဲမှာ ဒီလို
စဉ်ထားတာတော့ မဟုတ်ပါဘူး။ ဒါက သိပ်အရေးမကြီးပါဘူး။)
ဝေရဉ္ဇာပုဏ္ဏားကြီးရဲ့ ပင့်ဖိတ်ချက်အရ ဘုရားရှင်ဟာ
ရဟန်းငါးရာနဲ့ ဝေရဉ္ဇာမြို့ကို ရောက်တော်မူတဲ့
အချိန်မှာပေါ့။ မာရ်နတ်ရဲ့ လှည့်စားမှု (လှည့်ပတ်မှု)ကြောင့်
မြို့သူမြို့သားတွေရော၊ ဝေရဉ္ဇာပုဏ္ဏားကြီးကရော
ဘုရားရှင်နဲ့ သံဃာတော်များကို မေ့လျော့နေကြတယ်။
ဘုရားရှင် ကြွတော်မူလာတယ်ဆိုတာကို မသိနိုင်ကြအောင်၊
မေ့လျော့နေကြအောင် မြို့သူမြို့သားတွေကိုရော၊
အနီးအနားမှာ ရှိနေကြသူတွေကို မာရ်နတ်က လှည့်စားထားတယ်လို့
ဆိုပါတယ်။ ဒါကို ဘုရားရှင်က သိတော်မူပါတယ်။ အဲဒီအချိန်မှာ
မြောက်ကျွန်းတို့၊ တာဝတိံသာနတ်ပြည်တို့ကို ကြွရင်လည်း
မာရ်နတ်က အဲဒီလို မေ့လျော့အောင် လုပ်မှာပဲလေ။ ဘာဖြစ်လို့လဲ
ဆိုတော့ အဲဒီအချိန်မှာ မာရ်နတ်ကြီးရဲ့ ရန်ငြှိုး
အာဃာတစိတ်တွေက မတရားပြင်းထန်နေလိုပါတဲ့။
အဲဒါကလည်း ဖုဿဘုရားရှင်လက်ထက်တုန်းက
ဝဋ်ကြွေးတော်ကြောင့်လို့ ဆိုပါတယ်။ ဖုဿဘုရားရှင်
လက်ထက်တုန်းက ဘုရားလောင်းဟာ ဖုဿဘုရားရှင်နဲ့ သာဝကတွေကို
မုယောဆန် (ဆန်းကြမ်းကြမ်း) တွေကို စားကြ၊ သလေးဆန်ကို
(နူးညံ့သိမ်မွေ့တဲ့ဆန်) မစားကြနဲ့လို့
ပြောဆိုခဲ့ဖူးတဲ့ အကုသိုလ်ကံကြောင့် အခုလို ဝါတွင်းကာလမှာ
ပြန်ပြီး အကျိုးပေးရမယ့်အချိန် ရောက်လာလို့ပါတဲ့။
ဒါကြောင့် မုယောဆန်ကြမ်းကြမ်းတွေကို
ဘုန်းပေးရတာပါတဲ့။ မာရ်နတ်က လှည့်စား
လှည့်ပတ်တယ်ဆိုတာကလည်း အချိန်းပိုင်းလေးပါပဲ။
ဒါကြောင့် အဲလို ဖြစ်နေတဲ့အချိန်မှာပဲ မြင်းကုန်သည်
ငါးရာက ဘုရားရှင်နဲ့ သံဃာတော်များအတွက် မုယောဆွမ်း
လှုဒါန်းကြဖို့ အခွင့်ရသွားကြတယ်။ ဒါဆိုရင် မာရ်နတ်က
မြင်းကုန်သည်တွေကိုရော မလှည့်ပတ်တော့ဘူးလားလို့
မေးစရာ ရှိပါတယ်။ မရတော့လို့ မလှည့်ပတ်တာလို့
ဆိုပါတယ်။ မြင်းကုန်သည်တွေ ဘုရားရှင်နဲ့
သံဃာတော်များအတွက်မုယောဆွမ်းကို မလှုဒါန်းဖို့
မာရ်နတ်ကြီးက ဟန့်တားရမှာ မဝံ့မရဲ ဖြစ်သွား တယ်တဲ့။ မာရ်နတ်က
ပိတ်ပင်တားဆီးလို့ မရတော့ဘူး တဲ့။
အဲဒါကိုပဲ ဗုဒ္ဓါနံ အဘိဟဋာနံ စတုန္နံ ပစ္စယာနံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ လို့ ဆိုလိုတာပါ။
မြန်မာလို ပြောမယ်။
၁။ ဘုရားရှင်အတွက် ရည်မှန်းထားတဲ့ ဆွမ်းစတဲ့ ပစ္စည်းဝတ္ထုများ၊ (ပစ္စည်းလေးပါး)
၂။ ဘုရားရှင်ရဲ့ အသက်တော်၊
၃။ (၈၀) သော လက္ခဏာတော်ငယ်နဲ့ တစ်လံမျှလောက်သော ကိုယ်ရောင်တော်၊
၎။ သဗ္ဗညုတဉာဏ်တော် တို့ကို တစ်စုံတစ်ယောက်သောသူက
အန္တရာယ်ပေးခြင်းငှါ၊ တားမြစ်ပိတ်ပင် ခြင်းငှါ
မစွမ်းနိုင်ဘူး၊ မလုပ်နိုင်ဘူးလို့ ဆိုလိုပါတယ်။
ဒါကြောင့် ဘုရားရှင်းဟာ အဲဒီဝါတွင်းမှာ မာရ်နတ်ဖျက်ဆီး
နှောင့်ယှက်လို့ မရတဲ့ မုယောဆွမ်းကို
ဘုန်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ ၊ တထာ မေ
ဟောတု။ ဘုရားရှင်ရဲ့ အသက်တော်ကို မည်သူကမျှ အန္တရာယ်
မပေးနိုင်သလို တပည့်တော်ကိုလည်း အန္တရာယ်
မပေးနိုင်ပါစေသား…….. အစရှိသဖြင့် ဓာရဏပရိတ်မှာ ပါတယ်။
ဒီဓာရဏ ပရိတ်တော်ကို ရှေးရှေး ဆရာတော်များ
စီရင်ခဲ့ကြောင်းကို သာသနာရေးဦးစီးဌာနက ထုတ်ဝေတဲ့
သီရိမင်္ဂလာပရိတ် ဆိုတဲ့ စာအုပ်မှာလည်း ပါဝင်ပါတယ်။
အဲဒီမှာလည်း လေ့လာဖတ်ရှု မှတ်သားနိုင်ကြပါတယ်။
ပရိယတ်စာပေမှာ ဆရာအစဉ်အဆက် လက်ခံကျင့်သုံးခဲ့ကြတဲ့
နည်းများ မူများကိုလည်း အလေးထားတတ်တဲ့ အစဉ်အလာ ရှိပါတယ်။
သံင်္ဂါယနာ တင်ကြတဲ့အခါ အဲဒီ မူတွေကို အသေချာ
စိစစ်သုတ်သင်ပြီးမှ ပြန်လည် တင်သွင်း လက်ခံခဲ့ကြပါတယ်။
ဒါကြောင့် ဓာရဏ ပရိတ်ဟာ ပဋိကတ်မှာ တိုက်ရိုက်မလာသော်လည်း
ဆရာအစဉ်အဆက်တော့ လက်ခံခဲ့ကြတယ်ဆိုတာပါပဲ။
ps . ဒီအကြောင်းတွေကို စိတ်ရှည်လက်ရှည် ရှင်းပြပေးတဲ့ ဦးရှင်းကို ကျေးဇူးအထူးတင်ပါတယ်။
From : စန္ဒာသူရိယ ဘလော့
Posted by Htun
No comments:
Post a Comment