Friday, June 22, 2012

ပြည်တွင်းကုမ္ပဏီအချို့မှ ဝန်ထမ်းလစာပေးခြင်းကို ATM ကတ်ဖြင့် အသုံးပြုလာကြ

ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီအချို့မှ ၎င်းတို့၏ ဝန်ထမ်းများ လစာပေးခြင်းကို ATM ကတ်ဖြင့် ပြုလုပ်လာကြောင်း လက်ရှိ အဆိုပါ စနစ်ဖြင့် ဝန်ဆောင်မှုပေးနေသော CB ဘဏ်မှ မန်နေဂျာဒေါ်စန္ဒာထွန်းက ပြောကြားသည်။ ‘အခုလက်ရှိက ပြည်တွင်းကုမ္ပဏီ ကိုးခုနဲ့ CB ဘဏ်နဲ့ချိတ်ပြီး သူတို့ရဲ့ ဝန်ထမ်းတွေကို ATM ကတ်နဲ့ လစာပေးတာ လုပ်နေပါတယ်။ လကုန်ရင် ကုမ္ပဏီဘက်က ဝန်ထမ်းအမည်၊ ကုတ်နံပါတ်၊ ရရှိလစာ စတာတွေကို အွန်လိုင်းကနေ ပို့ပေးရတယ်။ ပြီးမှ ဘဏ်ဘက်ကနေ ATM ကတ်ထဲကို ဝန်ထမ်းရဲ့ Data တွေ ထည့်ပေးရပါတယ်။ ဝန်ထမ်းတွေကတော့ သူတို့နီးစပ်ရာ ATM စက်တွေထဲကနေ ထုတ်ယူကြပါတယ်’ ဟု ဒေါ်စန္ဒာထွန်းက ဆိုသည်။ လက်ရှိ CB ဘဏ်ဖြင့် ချိတ်ဆက်၍ ATM ကတ်ဖြင့် ဝန်ထမ်းလစာပေးခြင်းကို ဆောင်ရွက်နေသော ပြည်တွင်းကုမ္ပဏီများမှာ MIT Co.Ltd, Right Lab ဓာတ်ခွဲခန်းနှင့် Computer ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သော ကုမ္ပဏီအချို့မှ ဆောင်ရွက်လျက်ရှိကြောင်း ထပ်မံသိရှိရသည်။ ‘အခုပြည်တွင်းမှာ ATM ကတ် အသုံးတွင်ကျယ်ဖို့ လိုအပ်လာပါပြီ။ နောက်ပိုင်း MPO, Debit card, Credit card စတာတွေကို တဖြည်းဖြည်း အကောင်အထည် ဖော်သွားရမှာပေါ့။ ငွေစက္ကူ အထပ်လိုက်ကိုင်ပြီး အသုံးပြုတာထက် နိုင်ငံတကာလို ကတ်စနစ် အသုံးပြုနိုင်တာ ပိုကောင်းပါတယ်’ ဟု ပြည်တွင်း သဘောင်္သား ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။ ပြည်တွင်း ပုဂ္ဂလိက ဘဏ်များတွင် ATM ကတ်စနစ် အသုံးပြုနိုင်ရန် ၂၀၁၁ ခုနှစ်အတွင်းမှ ဆောင်ရွက်ခဲ့ကြပြီး ယခုနှစ်တွင်ပို၍ အသုံးတွင်ကျယ်လာကြောင်း၊ CB ဘဏ်မှ အဆိုပါ ကတ်စနစ်ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းမှ ဆောင်ရွက်ခဲ့ပြီး ယခုအချိန်ထိ အဆိုပါကတ် အသုံးပြုသူဦးရေ ခုနစ်ထောင်ကျော်လာပြီ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Posted by ဂျစ်တီး
Source:  ခေတ်လူငယ်

No comments:

Post a Comment