မြန်မာနိုင်ငံကူးလက်မှတ်
စာအုပ်(Passport) ပျောက်ဆုံးပါက ပြည်ပတွင် ပျောက်ဆုံးခြင်းအတွက်
ပြည်ပပျောက် ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၃၀၀ နှင့် ပြည်တွင်းတွင်
ပျောက်ဆုံးခြင်းအတွက် ပြည်တွင်းပျောက် ဒဏ်ကြေး ကျပ် ၄၀၀၀၀ ပေးဆောင်၍
ပြန်လည် လျှောက်ထားနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံကူးလက်မှတ်
ပျောက်ဆုံး၍ ပြန်လည်လျှောက်ထားရာတွင် ပြည်ပတွင် ပျောက်ဆုံးခဲ့ပါက ဒဏ်ကြေး
အမေရိကန်ဒေါ်လာ ၃၀၀ ကို မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တွင် သွင်း၍
လျှောက်ထားနိုင်ပြီး ပြည်တွင်းတွင် ပျောက်ဆုံးခဲ့ပါက ပတ်စ်ပို့
ပျောက်ဆုံးကြောင်း သတင်းစာတွင် ကြော်ငြာပြီး တစ်လပြည့်သည့် အချိန်တွင်
ကြော်ငြာပါသည့် သတင်းစာ မူရင်းနှင့်အတူ ပြည်တွင်းပျောက် ဒဏ်ကြေးပေးဆောင်၍
ပြန်လည် လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့၏
ထုတ်ပြန်ချက်အရ သိရှိရသည်။ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် ၂၀၁၁
ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပုံမှန် မြန်မာနိုင်ငံကူးလက်မှတ်
လျှောက်ထားသူများအား တစ်လအစား ၂၁ ရက်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ်
ထုတ်ပေးခဲ့ကြောင်းနှင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ အလုပ်သမား
နိုင်ငံကူးလက်မှတ် သက်တမ်းအား ယခင်သုံးနှစ်မှ လေးနှစ် သတ်မှတ်ထုတ်ပေးခြင်း၊
သင်္ဘောသား နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားမှုများအား ယခင်တစ်လမှ
နှစ်ပတ်ဖြင့် ထုတ်ပေးခြင်းနှင့် သင်္ဘောသားအသစ် နိုင်ငံကူးလက်မှတ်များအား
သာမန်နိုင်ငံကူးလက်မှတ် လျှောက်ထားသူများကဲ့သို့ ၂၁ ရက်ဖြင့် ထုတ်ပေးခြင်း၊
သင်္ဘောသား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ကိုယ်ရေးကိုယ်တာ ကိစ္စဖြင့်
ပြည်ပသို့ သွားရောက်ရန်ရှိပါက ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊
သင်္ဘောသား အလုပ်အကိုင်ကြီးကြပ်ရေးဌာနခွဲ၏ ခွင့်ပြုချက်ဖြင့်သာ ပြည်ပသို့
သွားရောက်ခွင့်ပြုခြင်း၊ ခွင့်ပြုကာလ ကျော်လွန်နေသူများအား Black List
စာရင်းသွင်း၍ အရေးယူရန်အတွက် သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာနမှ
ကြပ်မတ်၍ အမည်စာရင်းအား မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနနှင့်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ တင်ပြခြင်းများကို
ဆောင်ရွက်နေကြောင်းလည်း သိရသည်။ လက်ရှိကာလတွင် နိုင်ငံကူးလက်မှတ်
လျှောက်ထားရာတွင် တစ်နိုင်ငံလုံးမှ လျှောက်ထားသူများမှာ
ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသို့
လာရောက်လျှောက်ထားနေရပြီး မကြာမီလများအတွင်း အထက်မြန်မာပြည်အတွက်
မန္တလေးတိုင်း ဒေသကြီးတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးတစ်ခု
ဖွင့်လှစ်နိုင်ရန် စီစဉ်မှုများရှိနေကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁
ရက်နေ့မှ ဧပြီလ ၃၀ ရက်အထိ နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုမှာ အမျိုးသား
၃၄၉၄၅ ဦးနှင့် အမျိုးသမီး ၂၅၀၁၉ ဦးဖြစ်ပြီး စုစုပေါင်း ၅၉၉၆၄ ဦး
ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင်
ဖော်ပြထားပါသည်။
Posted by ဂျစ်တီး
Source: ခေတ်လူငယ်
No comments:
Post a Comment