Wednesday, August 01, 2012

အင်္ဂလိပ်စာ အင်္ဂလိပ်သဒ္ဒါ လေ့လာစရာ သိစရာလား

အင်္ဂလိပ်စာ လေ့လာလျင် သဒ္ဒါကိုလေ့လာဖို့ လိုသလား။
လိုပါသည်။
ဘာကြောင့်လဲ။
သဒ္ဒါသိမှသာ မှန်မှန်ကန်ကန်ပြန်သုံးတတ်မှာပါ။
ပြန်သုံးဖို့ မရည်ရွယ်ရင်ရော။
မရည်ရွယ်ရင်လည်း သဒ္ဒါကိုလေ့လာသင့်ပါသည်။ ပြန်သုံးသည်ဆိုရာမှာ အပြောနှင့် အရေးကိုဆိုလိုပါသည်။ ပြန်သုံးဖို့ မရည်ရွယ်လျှင်လည်း အဖတ်နှင့်အကြားအတွက် လိုပါသည်။ စွမ်းရည်လေးမျိုးစလုံးအတွက် လိုသည်ဟု ဆိုရပါမည်။ သို့သော် အဖတ်အတွက်မူ အခြေခံဝါကျပုံစံများကို သိထားရုံမျှဖြင့် စာအုပ်အလွယ်ဖတ်အတော်များများကို ဖတ်နိုင်ပါလိမ့်မည်။ အကြားအတွက်မူ အခြေခံအသံထွက်ပိုင်းကိုပါ လေ့လာရပါမည်။ ဝေါဟာရကြွယ်ဖို့ရန်လည်း အာရုံစိုက်ရပါမည်။ ဝေါဟာရများများရဖို့သည် သဒ္ဒါထက်ပင် ပိုအရေးကြီသည်ဟုဆိုနိုင်ပါမည်။
သဒ္ဒါရရုံဖြင့် အဖတ် အကြား အရေး အပြော လေးမျိုးစလုံးပိုင်နိုင်ပါသလား။
မပိုင်နိုင်ပါ။ သဒ္ဒါရရုံဆိုသည်မှာ များသောအားဖြင့် ဘာသာစကားဆိုင်ရာ သတ်မှတ်ထားသည့် စည်းမျဉ်းများကို သိသည့်အဆင့်သာရှိတတ်ပါသည်။ ဥပမာ ကတ္တားဆိုသည်မှာ ဘာ.... ကြိယာဆိုသည်မှာဘာ... သိသည့်သဘောကို ဆိုလိုပါသည်။ ရေကူးတတ်ဖို့ ရေထဲမဆင်းကြည့်ဘဲ ကုန်းပေါ်တွင် လက်လှုပ်ခြေလှုပ်နေသည်နှင့် တူပါသည်။
ဘာကို စလေ့လာရမလဲ။ သဒ္ဒါကလား အဖတ်ကလား။
ဘာကစ စ ရပါသည်။ အရေးကြီးသည်မှာ တစ်ခုတည်းကို အာရုံမစိုက်မိဖို့ ဖြစ်သည်။ ဝေါဟာရ၊ အသံထွက်တို့ကိုလည်း လေ့လာဖို့ ရန်မမေ့သင့်ပါ။ တခုချင်းစီသပ်သပ်လေ့လာသလို ရောပေါင်းပြီလည်း လေ့လာလို့ရပါသည်။ ဥပမာ ဖတ်မိသည့် စာအုပ်တွင်ပါသည့် ကိုယ်လေ့လာချင်သည့် စာကြောင်းပုံသဏ္ဌာန်ကို လိုက်ရှာကြည့်တာမျိုးပါ။ ပေးရမည့်အချိန်အားဖြင့်ဆိုလျှင် တစ်နာရီတွင် သဒ္ဒါအတွက် ဆယ်မိနစ်စာလောက်ပေးပြီး ကျန်သော ဝေါဟာရ၊ အဖတ် နှင့် အပြောအတွက် ကို ပိုအချိန်ပေးသင့်ပါသည်။

သဒ္ဒါကို ဘယ်အဆင့်အထိလေ့လာသင့်ပါသလဲ။
သဒ္ဒါလေ့ကျင့်ခန်းစာအုပ်များတွင် တွေ့ရတတ်သည်မှာ အခြေခံအဆင့်၊ အလယ်ဆင့်၊ အထက်ဆင့်ဟူ၍ တွေ့ရတတ်သည်။ အခြေခံအဆင့်တွင်ပါတတ်သည့် အရာများကိုအာဂုံဆောင်နိုင်ပါစေ၊ ဖတ်တတ်မည် ပြောတတ်မည်ဟု မဆိုနိုင်ပါ။ အသုံးများသည့် သဒ္ဒါပုံစံများကို ထိုအခြေခံအဆင့် စာအုပ်တွင် ရှာပါ။ စာအုပ်၏ မာတိကာအစဉ်အတိုင်း မလေ့လာသင့်ပါ။ ဥပမာ အတိတ်ကာလဆိုင်ရာ အသုံးတွင် Simple Past Tense ကို Past Perfect Continuous ထက် အရင်သိထားသင့်ပါသည်။ ဖတ်ရာတွင်ဖြစ်စေ၊ ပြောရာတွင်ဖြစ်စေ များများတွေ့ ရ သုံးရတတ်သည့် သဒ္ဒါအသုံးများကို အရင်သိအောင် အားထုတ်ထားသင့်ပါသည်။
သဒ္ဒါကို ဘယ်လိုလေ့လာသင့်သလဲ။
ပုံသေနည်းမရှိပါ။ သို့သော် သဒ္ဒါလေ့လာလျှင် စည်းမျဉ်းများကိုလေ့လာရုံဖြင့်မပြီးဆိုသည်ကို သိထားသင့်ပါသည်။ ဘာသာဗေဒပညာရှင်များက နှစ်မျိုး သုံးမျိုး စသည်ဖြင့် ခွဲပြတတ်ကြပါသည်။ သဒ္ဒွါပုံစံ၊ ထိုပုံစံ၏ အသုံး စသည်ဖြင့်ဖြစ်သည်။ စည်းမျဉ်းဟုဆိုရာတွင် အသုံးများကို ဆိုလိုတတ်ပါသည်။ ဥပမာ Simple Past Tense တွင် Verb ၏ Past Form ကိုသုံးရမည်။ ဘယ်လိုနေရာများတွင် သုံးသည် စသည်ဖြင့်သိထားတတ်ကြသည်။ မလုံလောက်ပါ။ ထိုအသုံးများကို များများတွေ့ ရန် ဖတ်ရပါမည်။ ကြားဖူးရပါမည်။ ပြန်လည်းသုံးဖူးရပါမည်။
သဒ္ဒါကိုမသိဘဲ အင်္ဂလိပ်စာ စကားပြောတတ်နိုင်ပါသလား။
ပြောတတ် ဖတ်တတ် ရေးတတ်နိုင်ပါသည်။ သို့ သော် များများမဖတ် မကြား မရေး မပြောဘဲနှင့်တော့ မရနိုင်ပါ။ ဝေါဟာရသည်လည်း သဒ္ဒါကဲ့သို့ အရေးကြီးပါသည်။ အမှားကင်ကင်းပြောတတ် ရေးတတ် လိုလျင်တော့ သဒ္ဒါကို ကျွမ်းကျင်ရပါမည်။ သဒ္ဒါသည် Fluency ဟုခေါ်သော ရေလည်အောင်လေ့ ကျင့်သည့် အပိုင်းနှင့်မဆိုင်ပါ။ Accuracy ဟုခေါ်သော တိကျအောင်လေ့ကျင့်သည့် အပိုင်းနှင့် သာဆိုင်ပါသည်။ လေ့ကျင့်ရာတွင် ထိုနှစ်ပိုင်းစလုံးကို အာရုံစိုက်ရပါမည်။ Fluency ပိုင်းကို များများလေ့ကျင့်လျှင် ပိုကောင်းသည်ဟု ထင်ပါသည်။
ရေးသားသူ - ကျော်ဝင်းထွန်း
Posted by ကိုတူး(မိတ္ထီလာ GTI) 

No comments:

Post a Comment