Thursday, August 30, 2012

စာဖတ်ခြင်းဖြင့် လုပ်ငန်းခွင်မှာ တိုးတက်မှုရရှိနိုင်ခြင်း

စာဘယ်လောက်ဖတ်သလဲပေါ်မူတည်ပြီး အင်္ဂလိပ်စာ အဆင့်အတန်း ကွာသွားပါတယ်။ စာဖတ်နည်းသူတွေ၊ လုံးဝစာမဖတ်သူတွေဟာ အင်္ဂလိပ်စာလည်း အားနည်းတတ်ကြတယ်။ စာအများကြီးဖတ်သူတွေဟာ အင်္ဂလိပ်စာမှာလည်း အဆင့်မြင့်မြင့် တတ်မြောက်လေ့ ရှိကြတယ်။
စာဖတ်တယ်ဆိုတာ ဘ၀တစ်သက်တာ ရရှိနိုင်တဲ့ အရေးကြီးဆုံးကျွမ်းကျင်မှုတွေထဲမှာ တစ်ခုအပါအ၀င် ဖြစ်တယ်။ စာဖတ်ရတာကို အလုပ်တစ်ခုလို မြင်တဲ့သူတွေ ရှိပေမယ့် အဲဒီလို သဘောထားတာ မှားယွင်း ပါတယ်။ စာဖတ်တာကို ဖျော်ဖြေရေးလည်း ဖြစ်သင့်ပါတယ်။ စာဖတ်ရတာ ပျော်တယ်ဆိုပြီး စာဖတ်ဖို့ မျှော်လင့်နေတာမျိုးဖြစ်သင့်ပါတယ်။ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု တိုးတက်ဖို့ကတော့ စာမဖတ်လို့ မရပါဘူး။ စာဖတ်ဝါသနာပါရင်တော့ ကောင်းပါတယ်၊ မပါရင်တော့ အင်္ဂလိပ်စာတတ်ဖို့ အခွင့်အလမ်း နည်းသွားပါမယ်။
လူတစ်ယောက်နဲ့ စကားပြောကြည့်ရင် စာဖတ်များသူလား၊ စာဖတ်နည်းသူလား သိနိုင်ပါတယ်။ စာဖတ်များသူက သူ့ရဲ့ ရှုမြင်ပုံကို ဥပမာတွေ၊ နမူနာတွေနဲ့ သိုင်းဝိုင်းပြီး ပြောနိုင်တယ်။ သမိုင်းစာအုပ် ဖတ်ရတာ ၀ါသနာပါသူဆိုရင် သမိုင်းဖြစ်စဉ် ဥပမာတွေကို ထုတ်ပြနိုင်တယ်။ စာဖတ်တော့ ဗဟုသုတ ပိုရှိတာပေါ့။ ကမ္ဘာကြီးအကြောင်း ပိုပြီး သိလာတယ်။ စာဖတ်များတဲ့ဝန်ထမ်းကို အလုပ်ရှင် သဘောကျတယ်။ စာဖတ်များတယ်ဆိုကတည်းက ပညာတတ်သူဖြစ်တော့မယ်။ အလုပ်ကို အလုပ်နဲ့ တူအောင် လုပ်နိုင်တော့မယ်။ ဖတ်နေရုံနဲ့တော့ မပြီးဘူးပေါ့လေ။ အလုပ်ကိုလည်း စနစ်တကျ လုပ်ရမှာ ဖြစ်တယ်။
စာဖတ်ရင်း အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုတွေကို တိုးတက်အောင် ဘယ်လို လုပ်ရမလဲ
စာဖတ်တဲ့အခါ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုတွေ တိုးတက်လာအောင် လုပ်နိုင်တာတွေ ရှိပါတယ်။ ယခင်က မတွေ့မြင်ဘူးတဲ့ ဝေါဟာရတွေနဲ့ ကြုံတွေ့ရနိုင်တယ်။ အဲဒီဝေါဟာရတွေကို ကျော်မဖတ်ဘဲ အချိန်ယူပြီး အဓိပ္ပာယ်သိအောင် လေ့လာသင့်တယ်။ ရှေ့နောက် စကားအဆက်အစပ်ကို ကြည့်ပြီး ဝေါဟာရတွေရဲ့ အဓိပ္ပာယ်ကို တစ်ခါတစ်ရံ အကြမ်းအားဖြင့် သိနိုင်တယ်။ မသိသေးတဲ့ ဝေါဟာရကို ဘယ်လို သုံးထားသလဲ လေ့လာရမယ်။ ဒါဆို သဲလွန်စ ရလာတတ်တယ်။ အချို့ စာရေးဆရာတွေက ဝေါဟာရတွေကို သုံးရင်း အဓိပ္ပာယ်ပါ တစ်ပါတည်း ဖော်ပြတတ်တယ်။ စာဖတ်ရင်း အဓိပ္ပာယ်ပါ သိသွားမှာ ဖြစ်တယ်။
ရှေ့နောက် စကားအဆက်အစပ်ကို ကြည့်ပြီး ဝေါဟာရတွေရဲ့ အဓိပ္ပာယ်ကို မသိနိုင်ရင်၊ စာရေးသူကလည်း အဓိပ္ပာယ်ဖော်ပြမထားရင်၊ အဘိဓာန်ကြည့်ရတော့မယ်။ အလုပ်ရှုပ်လိုက်တာလို့ ထင်ရပေမယ့် တတ်နိုင်သလောက် အဘိဓာန် ကြည့်ပေးသင့်တယ်။

စာအုပ်တစ်အုပ်ထဲက အခန်းတစ်ခန်းကို ဖတ်နေရင်း မသိသေးတဲ့ ဝေါဟာရတွေအားလုံးကို ချရေးထားပါ။ အခန်းတစ်ခန်း ဆုံးသွားရင် အဓိပ္ပာယ်ကြည့်ပါ။ မသိသေးတဲ့ စကားလုံး တစ်လုံး တွေ့တိုင်း စာဖတ်တာကို ရပ်ပြီး အဘိဓာန်ကြည့်ရရင် စာဖတ်နှေးသွားလိမ့်မယ်။ စာမျက်နှာ သုံးလေးမျက်နှာလောက် ဖတ်ပြီးမှ မသိသေးတဲ့ စကားလုံးတွေကို တစ်ပေါင်းတည်း ပြန်ကြည့်တာက ပိုပြီး အဆင်ပြေလိမ့်မယ်။
အင်္ဂလိပ်လို ရေးတတ်ဖို့လည်း အရေးကြီးတယ်
တစ်ချိန်မဟုတ်တစ်ချိန် အချက်အလက်တွေကို ချရေးဖို့ လိုအပ်လာမှာဖြစ်တယ်။ တက္ကသိုလ် တက်နေရင် စာတမ်းတွေ ရေးရမယ်။ ကုမ္ပဏီလုပ်နေရင် လုပ်ငန်းအဆိုပြုလွှာတွေ ရေးဖို့ လိုအပ်မှာ ဖြစ်တယ်။ ကုမ္ပဏီမှာ အလုပ်လျှောက်ရင် ကိုယ်ရေးမှတ်တမ်း ရေးရမယ်။ ဘွဲ့လွန်သင်တန်းတက်ရင် စာတမ်းပြုစု ရမယ်။ အဲဒီအခြေအနေအားလုံးမှာ အင်္ဂလိပ်စာ အဆင့်မြင့်မြင့်ရေးနိုင်မှ အောင်မြင်မှုရမှာ ဖြစ်တယ်။ ဒါကြောင့် အင်္ဂလိပ်စာ ကျွမ်းကျင်မှု တည်ဆောက်ထားဖို့ အထူးအရေးကြီးတယ်။ မှားမှားနေလို့ မဖြစ်ဘူး။ တစ်ခါတည်း မှန်အောင် တန်းရေးနိုင်ရမယ်။
စနစ်တကျ စာရေးတတ်ဖို့ကလည်း ပီပြင်အောင် ပြောတတ်ဖို့လိုဘဲ အရေးကြီးတယ်။ စကားပြောတဲ့အခါ စာရေးတဲ့အခါ သုံးလိုက်တဲ့ စကားအသုံးအနှုန်းတွေကို ကြည့်ပြီး ကိုယ့်အကြောင်းကို သူတပါးက သိနိုင်တယ်။ အင်္ဂလိပ်လို ပြောတဲ့အခါဖြစ်ဖြစ်၊ ရေးတဲ့အခါဖြစ်ဖြစ် အင်္ဂလိပ်စာကတော့ မှန်မှဖြစ်မယ်။ အင်္ဂလိပ်စာ အသုံးအနှုန်းမှားရင် တစ်ဘက်သား နားလည်မှု လွဲနိုင်တယ်။ ဒါမှမဟုတ် ပိုပြီးဆိုတာက ခပ်ညံ့ညံ့လို့ အထင်ခံရနိုင်တယ်။ စာဖတ်များသူကတော့ အဲဒီနယ်ပယ် ၂ခုစလုံးမှာ တိုးတက်မှု ရနိုင်တယ်။ 
စာဖတ်များရပါမယ်။ စာမျိုးစုံလည်း ဖတ်ဖို့ လိုပါတယ်။ စာဖတ်ရာမှာ ဘောင်ခတ်မထားပါနဲ့။ ပုံမှန်အားဖြင့် ဖတ်လေ့မရှိတဲ့ စာမျိုးကိုလည်း မကြာမကြာ ရှာဖတ်ပေးပါ။ အင်္ဂလိပ်စာအဆင့်နဲ့ မမှီ့တမှီ ဖြစ်နေတဲ့ ခပ်ခက်ခက် စာမျိုးကိုလည်း ဖတ်ဖို့ ကြိုးစားပါ။ ဒါမှ တိုးတက်မှာဖြစ်ပါတယ်။
www.exforsys.com မှ "How reading can improve your career" ဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ )
Posted by KAE
 

No comments:

Post a Comment