` ငါ၏
ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့၊ ငါ၏၀ဲလက်ဖြင့် ၀တ်စား တန်ဆာ ပေးအံ့။ အမိသည်
သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို
နှစ်သိမ့်ပါအံ့၊´
(ကျန်စစ်သား၏
မူရင်း မွန်ဘာသာဖြင့် ရေးထိုးထားသော ရွှေစည်းခုံဘုရား ကျောက်စာကို မြန်မာပြန်မှ)
မကြာခင်ကဖြစ်ပျက်ခဲ့တဲ့
ရခိုင်အရေးအခင်းမှာ ကျွန်တော်တို့ဘက်က
အင်္ဂလိပ်လိုသတင်းရေးသားတင်ဆက်နိုင်မှုအားနည်းတော့ နိုင်ငံတကာမှာ
သူများတွေလိမ်ပြောသမျှ ကိုယ်ကလူဆိုးဖြစ်ရတော့တာပေါ့။ ဒါကိုသဘောပေါက်လာလို့
နာမည်ကြီးဂျာနယ်နှစ်စောင်လောက်ကတော့ အင်္ဂလိပ်လိုရေးလာကြပါပြီ။ ဒါကဥပမာပါ။
စာပေရေးသားခြင်းနဲ့တိုင်းပြည်ရဲ့ကောင်းကျိုးဆိုးကျိုးအပေါ်ထောက်ပံ့နိုင်ပုံပါ။
ဒါကြောင့် မြန်မာလိုလည်းရေးကြပါ။ အင်္ဂလိပ်လိုလည်းရေးကြပါ။
အင်္ဂလိပ်လိုရေးနိုင်ခြင်းကတော့
ကိုယ့်ဘ၀တိုးတက်မှုနဲ့တိုက်ရိုက်သက်ဆိုင်နေပြန်ပါတယ်။ ကျောင်းသားဘ၀မှာ essay
လိုပေါ့ပေါ့ပါးပါးတွေရေးရတဲ့အပြင် thesis, dissertation
လိုကျမ်းတွေခန့်ခန့်ငြားငြားရေးရတာလဲ မလွဲမသွေကြုံရမှာပါ။ အလုပ်ထဲရောက်ပြန်တော့
အများစုက ၀န်ထမ်းဘ၀မှာပဲကျင်လည်ရမှာဖြစ်တော့ အထက်ဌာနတွေကို report တွေရေးတင်ရဦးမှာပါ။
အဲဒီအခါမျိုးမှာ ကိုယ်တိုင်ဟန်ကျပန်ကျရေးနိုင်မှ
ကိုယ်လိုရာရောက်အောင်တင်ပြနိုင်ပါလိမ့်မည်။ ကျောင်းသားဘ၀ကလို စာအုပ်ထဲကကူးချတာတွေ
သူများကို ရှဲဒိုးရေးခိုင်းတာမျိုးတွေနဲ့တော့ရေရှည်မှာမဖြစ်နိုင်ပါဘူး။
အင်္ဂလိပ်လိုရေးတဲ့အခါမှာ
မြန်မာလိုစဉ်းစားပြီး အင်္ဂလိပ်လိုဘာသာပြန် ရေးတဲ့နည်းနဲ့ အင်္ဂလိပ်လိုတွေးပြီး တစ်ခါတည်းချရေးတဲ့နည်းဆိုပြီး
နှစ်မျိုးယျေဘုယ ပြောနိုင်ပါလိမ့်မယ်။ ဒုတိယနည်းကတော့
မှန်ကန်သင့်လျော်တဲ့နည်းလို့
ဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့် လေ့လာနေဆဲအခြေခံအဆင့်ကျောင်းသားတွေအတွက် ဒီနည်းလမ်းကခက်ကောင်းခက်နိုင်ပါတယ်။
နောက်တစ်ခါ စာရေးသူတွေမှာ ဦးနှောက်နဲ့ရေးတာနဲ့ နှလုံးသားနဲ့ရေးတာလည်းရှိတတ်ပါတယ်။ ဦးနှောက်နဲ့ရေးတာက အချက်အလက်တွေ၊ အကျိုးသင့်အကြောင်းသင့်တင်ပြရတာဖြစ်လို့
နည်းနည်းပင်ပန်းတတ်ပါတယ်။ နှလုံးသားနဲ့ရေးတဲ့စာကတော့ ကိုယ့်ခံစားချက်ကလေးတစ်ခုကနေ
ဈာန်ဝင်ရေးရတာဆိုတော့ ရေးလိုက်တဲ့စာလုံးတိုင်းမှာ ကိုယ့်ရဲ့စိတ်ပါဝင်စားမှုကရှိနေပါတယ်။
ကျွန်တော်ကတော့
ကိုယ့်နေ့စဉ်ဘ၀ကြုံတွေ့နေရတဲ့ဖြစ်စဉ်တွေမှာ ဦးနှောက်ကိစ္စရော နှလုံးသားကိစ္စပါရှိနေလို့
သွားရင်းလာရင်းလုပ်ရင်းကိုင်ရင်းနဲ့ ဖြတ်ကနဲပေါ်လာတဲ့စိတ်ကူးလေးတစ်ခုကို ချက်ချင်းမှတ်စုလေးတို့ထား၊
အေးအေးဆေးဆေးအားလပ်တဲ့အချိန်ကျတော့မှ သေသေချာချာ ပြန်ရေးလုပ်တတ်ပါတယ်။ အားလုံးကိုတစ်ကြောင်းတည်းနဲ့ပြောရရင်တော့
မိမိစိတ်ဝင်စားရာနဲ့ ကျွမ်းကျင်ရာကြောင်းတွေရေးရင် လွယ်ကူပါလိမ့်မယ်။
ဘယ်ဆင့်ကနေစရေးမလဲ
တစ်ချို့က
ကျွန်တော်တို့မှအင်္ဂလိပ်စာမတတ်သေးတာ။ ဘယ်လိုရေးရမှာလဲ ဟု မေးလာနိုင်ပါတယ်။ ဒါဆိုရင်
ဘယ်လောက်အထိတတ်မှ အင်္ဂလိပ်လိုရေးကြတော့မှာလဲ။ ဆရာမကြီးဒေါ်ခင်မျိုးချစ်တို့
ဆရာကြီးတက်တိုး တို့လိုအဆင့်မျိုးရောက်မှရေးရမှာလား။ သူ့အထွာနှင့်သူစရပါမည်။
မိမိလက်ရှိအဆင့်ကနေစရေးနိုင်ပါသည်။ အဓိကက ရည်ရွယ်ချက်တစ်ခုသတ်မှတ်ထားဖို့ပင်ဖြစ်သည်။
(၁) မိမိစာရေးသားစွမ်းရည်တိုးတက်လာဖို့။ (၂) မိမိ၏အင်္ဂလိပ်စာတိုးတက်လာဖို့။ (၃)
အတွေ့အကြုံဖလှယ်ဖို့ စသည်လိုရည်မှန်းပြီးရေးလျှင်တော့ မိုးကောင်းကင်ကို
ဒူးနှင့်တိုက်စရာမလိုတော့ပါ။
ရေးပါများလာတဲ့အခါတစထက်တစ်စလွယ်လာပါလိမ့်မယ်။
ဘယ်မှာရေးမလဲ
စာရေးရာမှာ
Phrase, sentence level ကနေ paragraph level ဆီကိုတစ်ဆင့်ခြင်းလေ့ကျင့်နိုင်ပါတယ်။
အရင်ခေတ်တုန်းက စာရေးချင်ရင် ကိုယ့်ဘာသာဒိုင်ယာရီထဲရေး သူငယ်ချင်းတွေလိုက်ပြ၊
ဒါမမဟုတ် မဂ္ဂဇင်းစာစောင်တွေဆီပို့ချင်ပို့ ဒီလောက်ပဲတတ်နိုင်ခဲ့သည်။ အခု social
media ခေတ်မှာကျတော့ ကိုယ်ပိုင် blog တစ်ခုဖွင့်ပြီးရေးချင်တာရေးလို့ရသည်။ Gtalk
ကနေချက်လို့ရသည်။ forum တွေ facebook တွေ မှာရေးလို့ရသည်။ comment တွေပေးလို့ရသည်။
အများကြီးမတတ်သေးတဲ့သူက သူငယ်ချင်းဓါတ်ပုံလှလှလေးကို wow! It's great. တို့ It's
lovely တို့ကနေစရေးနိုင်ပါသည်။ နိုင်ငံရေးလို issue မျိုးတွေမှာ
ကိုယ့်ရဲ့ထင်မြင်ချက်တွေကို ရေးနိုင်ပါသည်။
ဒါတွေဟာ စာရေးလေ့ကျင့်လို့အကောင်းဆုံးနေရာတွေပဲပေါ့။
ဒီလိုရေးတော့ ကိုယ့်အရေးအသားကို ပြင်ပေးသွား တဲ့လူရှိနိုင်သည်။
ဆဲသွားသည့်လူလဲရှိနိုင်သည်။ ဒါတွေကအရေးမကြီး။ ကိုယ့်ရဲ့ရည်မှန်းချက်က အပေါ်က ၁-၂-၃
ကိုမျက်ချေမပြတ်ဖို့ပဲဖြစ်သည်။ phrase လေးတွေ sentence လေးတွေ သူများတွေရေးထားတာ တွေ့ပါများတော့ကိုယ်လည်းသိလာမည်။
ကိုယ်လိုက်ရေးပါများတော့ sentence level ပိုင်လာမည်။ ဒီထက်တစ်ဆင့်မြင့်ချင်ရင်
transition တွေသုံးတတ်အောင်လေ့လာပြီး ၀ါကျတစ်ကြောင်းနှင့်တစ်ကြောင်း၊ စာပိုဒ် တစ်ပိုဒ်နှင့်တစ်ပိုဒ်
အဆက်အစပ်ပုံလေးတွေ အဆင်ပြေလာအောင်အထိ ပျော်ပျော်ပါးပါးလေ့ကျင့်နိုင်ပါသည်။
လေ့လာသည်ဆိုရာ၌
တကူးတကအချိန်ပေးစရာမလိုဘဲ သူများတွေရေးထားတာ များများဖတ်လာလေ
သဘောပေါက်လာလေလေဖြစ်ပါတယ်။ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုကတော့ ကိုယ်ကြိုက်တဲ့စာရေးဆရာတစ်ယောက်ရဲ့လက်ရာတွေကို
များများဖတ်နိုင်သမျှဖတ်ပါ။ သူ့အရေးအသားဟန် ဟာကိုယ့်ခေါင်းထဲစွဲလာပါလိမ့်မယ်။
တစ်ခုသတိထားရမှာက အင်တာနက်ပေါ်က comment တွေ စာတွေဟာစံသတ်မှတ်ထားတဲ့ အရေးအသားမဟုတ်တာတွေ၊
စာလုံးပေါင်းတွေကအစ တစ်လွဲဖြစ်နိုင်ပါတယ်။ ဒါတွေကိုတော့ကိုယ်က dictionary
တစ်ခုနဲ့တိုက်ဆိုင်စစ်ဆေးကြည့်ရပါမယ်။
အင်တာနက်မှာစာရေးကြတဲ့အခါ
လူအများက ဖြစ်သလိုပဲရေးကြပါတယ်။ စာလုံးကြီးရမယ့်နေရာမှာမကြီး၊ အတိုမချုံ့ရမယ့်နေရာတွေမှာ
အတိုကောက်တွေရေးနဲ့။ တကယ်တော့ အတိုကောက်စာလုံးတွေ ဆိုတာ hand phone တွေရဲ့ SMS
ပေးပို့တာကနေဖြစ်လာတာပါ။ တယ်လီဖုန်းမှာတော့ ခလုပ်လေးတွေက သေးတယ်။ ၁ ကနေ ၉
အပါအ၀င်စုစုပေါင်း ခလုပ် ၁၂ ပဲပါလေ့ရှိတယ်။ ခလုပ်တစ်ခုမှာ အက္ခရာ
၎ခုလောက်ထည့်ထားတော့ စာရိုက်ရတာ အရှည်ကြီးရိုက်လို့မရပါဘူး။ ဒါကြောင့်
အတိုကောက်တွေ BRB, တို့ LOL တို့သုံးရတာပါ။ ဒါပေမယ့် ကွန်ပျူတာနဲ့စာရိုက်မယ်ဆိုရင်
standard keyboard ရှိနေတော့ အဲဒီလိုချုံ့ရိုက်စရာမလိုပါဘူး။
လက်ရေးနဲ့ရေးတာထက်တောင် ကွန်ပျူတာကမြန်နေတော့ အပြည့်အစုံရိုက်ရမှာ ၀န်မလေးသင့်ပါဘူး။
ကိုယ့်စာကိုဖတ်တဲ့သူကို လေးစားတဲ့အနေနဲ့ အနည်းဆုံး စာလုံးပေါင်း၊ သဒ္ဒါ
အထားအသိုမှန်အောင် အားထုတ်သင့်ပါတယ်။
နိဂုံးချုပ်အနေနဲ့ကတော့
တစ်ဦးနဲ့တစ်ဦးကူညီကြပါ။ သူမသိတာကိုရှင်းပြလိုက်လို့ ကိုယ့်မှာလျော့မသွားတဲ့အပြင်
ကိုယ့်ရဲ့စွမ်းရည်တွေတက်လာပါလိမ့်မယ်။ မိတ်ဆွေသူငယ်ချင်းလည်း တိုးပွားလာပါလိမ့်မယ်။
comment တွေ discussion တွေမှာ အင်္ဂလိပ်လိုရေးသားဆွေးနွေးပါ။ Do something in
English. Write something in English everyday. လုပ်ရင် တစ်နေ့နေ့မှာ
အင်္ဂလိပ်လိုအဆင့်အတန်းရှိရှိ ရေးသားနိုင်တဲ့သူ ဖြစ်လာပါလိမ့်မယ်။
ရေးသားသူ - ဇာနည်(MyWay!)
Posted by ကိုတူး(မိတ္ထီလာ GTI)
No comments:
Post a Comment