Friday, April 29, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁)

Voice and Tense
မြန်မာကျောင်းသားတွေကို ကိုယ်ပိုင် အင်္ဂလိပ်စာလေး တစ်ကြောင်းလောက် အရေးဖွဲ့ ခိုင်းလျှင် အများစုဖြစ်လာတတ်တာကတော့ I am go, He is eat, You are write ဆိုတဲ့ ၀ါကျမျိုးတွေပါပဲ။ ဘာ့ကြောင့် ဒီလိုဖြစ်ကြရလည်းလို့  စိတ်ထဲမှာ စီစစ် စဉ်းစားကြည့်တဲ့ အခါ အင်္ဂလိပ်စာကို စသင်ကတည်းက I am here, He is there, This is a book ဆိုတဲ့ ၀ါကျမျိုးနဲ့  အစချီလေ့ရှိကြတာကိုး။ ဒီတော့ဆက်လက်ပြီး စနစ်တကျမသင်ရလျှင် အင်္ဂလိပ်စကားဆိုတာ I နောက်ကအမြဲ am ပါတယ်။ He, She နောက်က အမြဲ is ပါတယ်လို့  ကျောင်းသားရဲ့ မသိစိတ်ထဲမှာ အလိုလို အထင်ရောက်သွားတော့တာပါပဲ။
ဒါကြောင့် အင်္ဂလိပ်စာကို ကျကျနန မသင်ခဲ့ ရပါဘူး။ စနစ်တကျတတ်ချင်လှချည်ရဲ့ ဆိုတဲ့ ကျောင်းသားဟာ ပထမဦးဆုံး အဲသလို I နောက်က am ပါတယ်၊ He, She တို့ နောက်က is ထည့်ချင်တဲ့ အကျင့်ဆိုးကြီးကို အလျင်ဖျောက်ဖျက်ပစ်ဖို့  ကြိုးစားရမှာဖြစ်ပါတယ်။

Am, is, are ဆိုတာ come , go , eat တို့ လို Verb တွေမျှ ဖြစ်တယ်။ သုံးသင့်မှ လိုမှ သုံးရတယ်။ မသုံးသင့်ရင် မလိုရင် မသုံးရဘူးဆိုတာ စွဲစွဲမြဲမြဲ မှတ်ထားပါလေ။
I am ပြောချင် ပြောမယ်၊ I go ပြောချင်ပြောမယ်၊ I eat ပြောချင်ပြောမယ်။ အင်္ဂလိပ်စကားမှာ ၀ါကျဆိုတာ အမိန့် ပေးစကားလို နမူနာအချိုကလွဲလို့  Subject နဲ့ Verb ပေါင်းစပ် ဖွဲ့ စည်းထားတာချည်းပဲ။ Subject နဲ့ ပတ်သက်လို့ Article မှန်မှန်ကန်ကန် သုံးတတ်၊ Singular နဲ Plural မှန်မှန်ကန်ကန် သုံးတတ်ရင် လုံလောက်ပြီ။ နောက်ထပ် လေ့လာစရာ မရှိသလောက်ပါပဲ။ အဲ….Verb မှာကတော့ ကျယ်ဝန်းတယ်။ သေသေချာချာ လေ့လာဖို့ လိုတယ်။ ကျက်တန်တာကို ကျက်ရမယ်။ နားလည် သဘောပေါက်သင့်တာကို ရေရေလည်လည် သဘောပေါက်ရမယ်။ ဆရာတစ်ဆူ လုပ်စားမလောက်ကို တတ်သိ ကျေပွန်နေရမယ်။ အင်္ဂလိပ်စာမှာ Verb မတတ်ရင် ဘာမှမတတ်ဘူး။ အထက်ကပြခဲ့တဲ့ ဥပမာ အချို့ အပြင် ဟောဒါမျိုးတွေလည်း အဂ်လိပ် Verb ကို မသုံးတတ်ကြောင်း ညွှန်ပြနေတဲ နမူနာတွေ ဖြစ်တယ်။
A boy eats a cake.
A cake is eaten by a boy.
I come to my native village to see my grandmother.
အင်္ဂလိပ်ဝါကျတစ်ကြောင်း ရွတ်တော့မယ်ဆိုရင် ပထမ Subject ကို ဖေါ်ထုတ်ပြီးတဲ့နောက် ဒုတိယ သူ နောက်က လိုက်မယ့် Verb ဟာ…………
(၁) Active ဖြစ်မလား၊
(၂) ဘာ tense ဖြစ်မလည်း ချင့်တွက်တတ်ရမယ်။
မှန်မှန်ကန်ကန် ချင့်တွတ်တတ်ရင် အင်္ဂလိပ် စကားတတ်ပြီ။ မမှန်မကန် ဖြစ်နေသမျှ အင်္ဂလိပ်စကားမတတ်သေးဘူး။ ခုနက ပြခဲ့တဲ့ ၀ါကျသုံးကြောင်း ရေးဖွဲ့ သူတို့ ဟာ အင်္ဂလိပ် Verb မသုံးတတ်ကြောင်းပြနေတယ်။
 

Voice
Subject က အလုပ်တစ်ခုကို လုပ်နေရင်၊ အဖြစ်တစ်ခု ဖြစ်နေရင် Active Voice လို့ ခေါ်တယ်။
I go to school.
I have breakfast at six.
I am very happy
Subject က အလုပ်တစ်ခုကို ခံယူနေရင် Passive Voice လို့ ခေါ်တယ်။
I was born in 1964.
I am delighted.
ဒီနေရာမှာ Subject ဆိုတာ မြန်မာလို ကတ္တားနဲ့ မရောထွေးစေချင်ဘူး။ မြန်မာမှာ ကတ္တားဆိုတာ ပြုလုပ်သူကိုခေါ်တာ။ အင်္ဂလိပ်မှာတော့ ပြုလုပ်သူရော၊ ခံရသူရော Subject ချည်းပဲ။ Subject ဆိုတာ အကြောင်းအရာ၊ဘာသာရပ်လို့  အဓိပ္ပာယ်ထွက်တယ်။ ဒီဝါကျတွေမှာ ဘယ်သူ့ အကြောင်း ပြောနေတာလည်း။ အဲဒါ Subject ပေါ့။ သူလုပ်ချင် လုပ်မယ်၊ ခံချင်ခံမယ်။ တစ်ခုခု ဖြစ်ချင်ဖြစ်နေမယ်။
အင်္ဂလိပ်ဝါကျတစ်ခု ရေးဖွဲ့ မယ့်သူဟာ ကိုယ်သုံးမယ့် Verb ကို Active မှာ သုံးမှာလား၊ Passive မှာသုံးမှာလား ချင့်ချိန်ရလိမ့်မယ်။ ချင့်ချိန်ပြီး ရုပ်သဏ္ဍာန်ကို မှန်ကန်အောင် စီရင်။
 

Tense
အဲသလို Voice ကို ရွေးပြီးတဲ့ နောက် အခြေအနေကို ချင့်တွက်ရမယ်။ ငါသွားတာတော့ ဟုတ်ပြီ။ အခု သွားတာလား၊ အမြဲတစေ သွားတာကို ပြောချင်တာလား၊ သွားများ သွားခဲ့ရင်လို့  ပြောတာလား စသဖြင့်၊ ဒီလို ချင့်တွက်တာကို Tense မှန်မှန်ကန်ကန် သုံးတယ်လို့ ဆိုတယ်။ အထက်နားက ဥပမာတွေမှာ အမြဲတစေ ကျောင်းကို သွားလေ့ သွားထရှိတာ ပြောလိုတာမို့  I go to school လို့ ရေးတယ်။ အမြဲတစေ ခြောက်နာရီဆို မနက်စာ စားနေကျမို့  I have breakfast at six. လို့ ရေးတယ်။ အခု ၀မ်းသာနေတာမို့  I am very happy. လို့ ရေးတယ်။
အဲဒီ အရင် အမှား နမူနာမှာတော့ ( ကောင်လေး မုန့် စားတယ် ) လို့ ပြောရာမှာ မြန်မာလို ခပ်လွယ်လွယ် စဉ်းစားပြီး ရေးလိုက်တော့ A boy eats cake. လို့ ရေးမိတာပေါ့။ အဓိပ္ပာယ်က ( ကောင်လေးတိုင်း မုန့် စားလေ့စားထ ရှိတယ် ) လို့  ဖြစ်သွားရော။ သူပြောချင်တာက ဒီလိုမဟုတ်ပါဘူး။ တစ်ကြိမ်တစ်ခါ စားတာကို ပြောချင်တာပါ။ ဒီတော့ Tense အသုံး မှားသွားတယ်။ အလားတူပဲ I come to my native village ဆိုရာမှာလည်း tense ကို မစဉ်းစားပဲ မြန်မာလို လွယ်လွယ်တွေး၊ အင်္ဂလိပ်လို ထင်ရာရေးချလိုက်တော့ အမြဲ လာသလိုလို အဓိပ္ပာယ် သက်ရောက်သွားတာပေါ့။ သူပြောချင်တာက အခုလာတာကို ပြောချင်တာပါ။ I’ve come စသည်ဖြင့် ဖြစ်ရပေလိမ့်မယ်။

Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment