Sunday, May 29, 2011

ကျွန်တော် ပညာသင် (၁)

၂၀၀၈ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့။
ဒီနေ့သည် ကျွန်တော်၏ ဘဝသစ်တစ်ခု အစပျိုးမည့်နေ့ဖြစ်ပါသည်။ သွားရမည်နေ့ရောက်သော်လည်း ကျွန်တော့်မှာ လိုအပ်သည်များပြင်ဆင်လို့ မပြီးသေးပါ။ အစတည်းက ဘယ်လိုပင် စီမံချက်ဆွဲ ပြင်ဆင်ခဲ့သော်လည်း လိုအပ်သည်များ ဖြည့်ဆည်းလို့ မဆုံးနိုင်သေးပါ။ ဒါက ဓမ္မတာဖြစ်ပါသည်။ မနှင်းယုရွှေ (ကွန်ပျူတာတက္ကသိုလ်) ထံ ဖုန်းဆက်ဖြစ်တာ ကံကောင်းသည်။ Hand Carry ထဲအစားအသောက်မှအစ Custom မလွတ်ကင်းတာမသယ်ဖို့ Luggage ထဲပဲထည့်ဖို့ပြောပါသည်။ သူက ကိုးရီယားတစ်ခေါက် ထွက်ထားဖူးတော့ သိနေတာဖြစ်သည်။ မြို့ထဲမှ အိမ်ပြန်ရောက်တော့ ပြင်ဆင်ထားသမျှ ပြန်ပြောင်းထည့်ရသည်။ ညနေ (၁၇း၄၅) နာရီ အိမ်မှ ထွက်ဖို့ပြင်ဆင်ထားပါသည်။ KME မှ ကိုဝေဖြိုးဆန်း ဂျစ်တစ်စီးနှင့် TAXI တစ်စီးသွားဖို့ ပြင်ဆင်ထားပြီး၊ ကျွန်တော်ချိန်းထားသည့် အချိန်အတိုင်း ရောက်မှလာပါ့မလား စိုးရိမ်နေဆဲမှာပင် လမ်းထိပ်မှ ကားချိုးကွေ့ဝင်လာတာမြင်ရသည်။ ယောဂီကျောင်းလမ်းထဲမှ ကျွန်တော့်အစ်ကို မိသားစု(ပြင်/ထိန်း) အား ဝင်ခေါ်ပြီး မင်္ဂလာဒုံလေဆိပ်သို့ ထွက်ခဲ့ပါသည်။

အမှတ်တရ ဓါတ်ပုံများရိုက်ပြီး Check in လုပ်ဖို့ဝင်ခဲ့ပါသည်။ အနီးကပ်မှပြောတော့ အစ်မကြီးပဲ ဝင်ခွင့်ရပါသည်။ (အရင်က စီစဉ်ခဲ့ဖို့မေ့နေခဲ့သည်။) Immigration check လုပ်ဖို့ တက်လာတော့ လေယာဉ်ထွက်ချိန် ည(၁၉း၄၅) နာရီ ကပ်နေခဲ့ပြီ ဖြစ်ပါသည်။ စိတ်လောနေတာကြောင့် အစ်မကြီးအား သေချာနှုတ်မဆက်ဖြစ်ခဲ့တော့ပါ။ ကျန်တဲ့အဖွဲ့တွေတော့ Check-in လုပ်နေစဉ်မှာပင် အောက်ဖက်သို့ လက်ပြ နှုတ်ဆက်ဖြစ်ခဲ့သည်။ အောက်မှကိုဝေဖြိုးရော၊ အစ်ကိုကပါ ဓါတ်ပုံတွေလှမ်းရိုက်ကြပါသည်။ ကျွန်တော်လည်း Bag အိတ်များဆွဲ၍ Tunnel ထဲသို့ဝင်ခဲ့ပါသည်။ အစ်မကြီးနောက်မှ လိုက်ကြည့်နေမှာ သေချာပါသည်။ အထဲရောက်တော့ သွားရမည့် အဖွဲ့သားများအား စုံလင်စွာတွေ့ရပါသည်။ အချင်းချင်း နောက်ပြောင်နေဆဲမှာပင် လေယာဉ်ပေါ်တက်ဖို့ ညွှန်ကြားချက်များကြားရပါသည်။ အပြေးအလွှားတက်ခဲ့ရပါသည်။ လေယာဉ်ပေါ်ရောက်တော့မှ ကျွန်တော်တွေ့ချင်နေသော မရွှေချော (မနေခြည်ဦး၊ ရှေ့နေချုပ်ရုံး) အားတွေ့ရပါသည်။ ကျွန်တော်နှင့်အတူ Nagoya University သို့ တက်ခွင့်ရသော ကိုစိုင်းဆမ်စိုင်း(စီးပွားရေးတက္ကသိုလ်) နှင့် မနေခြည်ဦး (ရှေ့နေချုပ်ရုံး) အနက်၊ ကိုစိုင်းမှာ အကြောင်းကြောင်းကြောင့် အတူမလိုက်ဖြစ်ခဲ့ပါ။ ဒါကြောင့် ရှားရှားပါးပါး တိုင်ပင်ဖော်အား လေဆိပ်အဝင်တည်းက ရှာနေခဲ့တာ လေယာဉ်ပေါ်မှပဲ တွေ့ရပါသည်။ သြော- မရွှေချောက ဝီရိယတော့ အတော်ကောင်းတာပဲလို့တော့ စနောက်ဖြစ်ခဲ့ပါသည်။ (နောက်- နာဂိုယာ တက္ကသိုလ်အဆောင်၊ သူ့အခန်းထဲမှာ ကိုစိုင်းခိုင်မျိုးထွန်း(ဒဂုံအရှေ့ပိုင်းတက္ကသိုလ်)၊ ကိုကျော်ကျော်နိုင်(ရှေ့နေချုပ်ရုံး)တို့နှင့် ဆုံဖြစ်ကြတော့- အဲဒီတုန်းက ခင်ဗျား စောစောစီးစီး သင်္ကြန်မိုး ရွာခဲ့တယ် နဲ့တူတယ်လို့စနောက်ဖြစ်လိုက်ပါသည်။ အကြောင်းမှာ အဲဒီချိန်တုန်းက သူ့မျက်လုံးတွေ နီရဲနေတာကြောင့် ဖြစ်ပါသည်။ ကိုစိုင်းတို့ကတော့ လွမ်းစရာလေး ကျန်ခဲ့လို့ ဖြစ်မယ်လို့ စနောက်နေခဲ့ပါသည်။) လေယာဉ်ထွက်ချိန် (၁၉း၄၅) နာရီပြောသော်လည်း (၂၀း၁၅) နာရီမှ လေယာဉ်ထွက်ပါသည်။ သူများတွေက ပြောကြပါသည်။နိုင်ငံခြားပညာတော်သင်သွားတယ်ဆိုတာ လေယာဉ်ဘီးစလှိမ့်ပြီး သိမ့်ကနဲဖြစ်လို့ လေယာဉ် လေထဲရောက်တော့မှ ဟင်းချရတာလို့----။ သူများတွေ သိမ့်ကနဲ ဖြစ်သလို ကျွန်တော့်တွင်လည်း သိမ့်ပါသည်။ ဟုတ်ပါသည်။ လေယာဉ်တော့ တက်ဖြစ်ခဲ့ပါပြီ။ လေယာဉ်ပျံသန်းချိန် (၅၀) မိနစ်ကျော်ကျော်လောက်တွင် ဘန်ကောက် သုဝဏ ဘူမိ လေဆိပ်သို့ ရောက်ပါသည်။ ဘန်ကောက်လေဆိပ်ရောက်တော့ ကျွန်တော့်နာရီကို နာရီဝက် (၃၀) မိနစ် နောက်ထပ်ရွေ့လိုက်ပါသည်။ အကြောင်းမှာ ဘန်ကောက်စံတော်ချိန်သည် ရန်ကုန်ထက် (၃၀) မိနစ် စောသောကြောင့် ဖြစ်ပါသည်။ လေဆိပ်ဆင်း- အကြိုကားပေါ်တက်- အဆောက်အဦထဲဝင်မိတော့မှ သူများပြောသမျှ ကိုယ်တွေ့ယုံရတော့သည်။ အစကနဦးခရီးသွားတာဖြစ်လို့၊ အဖော်မပါလို့ တစ်ယောက်တည်း ရွံ့တွန့်နေလို့ကတော့ ရွာလည်မှာသေချာပါသည်။ ကျွန်တော်တို့က သုဝဏ ဘူမိလေဆိပ်သစ်မှာ ဆင်းရတော့ လေဆိပ်ရဲ့ ခမ်းနား ကြီးကျယ်တာ မြင်ရသည်။ သြော်- လို့၊ အာရှရဲ့ တံခါးပေါက်လို့ တင်စားပြောတာလည်း မမှားပါဘူးလေ။ ငါတို့ မင်္ဂလာဒုံကြီးလဲ အာရှဂိတ်ဖြစ်ခဲ့တာပါပဲလို့၊တချိန်ကပေါ့လေ။
ပြေးရင်းလွှားရင်းမှ တွေးမိတွေးရာ တွေးလိုက်ရသေးသည်။တွေးမှာပဲလေ- ကိုယ်ဆီလာပြီး Transit လုပ်ရမယ့်ကိစ္စ။ ကိုယ်က သွားပြီး ဒုက္ခခံ Transit လုပ်ရတာကိုး။ ပြီးတော့ အဆီအငေါ်မတည့် ပတ်စ်ပို့ ကြည့်ပြီးရစ်တာခံရသေးသည်။ လေဆိပ်အကြိုကားပေါ် ကဆင်းပြီး ကျွန်တော်နဲ့ မနေခြည် တို့နှစ်ယောက် Transit လိုင်းသို့ ခပ်သုတ်သုတ် ချီတက်ခဲ့ကြရာ မနှင်းယုလည်း ပါလာပါသည်။ သူက Narita Airport မှာဆင်းရမှာဖြစ်လို့ သူတို့ (၈)ယောက် အုပ်စုနှင့် အတူတူ နေဖို့ သတိပေးရသည်။ Japan Transit Line Check-in လုပ်ပြီး- တနည်းအားဖြင့် နောက် ကျွန်တော်တို့ စီးဖို့ JL-738 (Japan Airline) အတွက် လက်မှတ်ဝင်ယူတာပဲ ဖြစ်ပါသည်။ (အခုနောက်ပိုင်းတော့ အဲဒီလို လက်မှတ်ဝင်ယူစရာ မလိုတော့။ ရန်ကုန်လေဆိပ်တည်းက တစ်ခါတည်း ပေးလိုက်ပြီးဖြစ်လို့ အလုပ်ရှုပ်စရာလဲ မလိုတော့။) အဲဒီအချိန်တုန်းက Japan Airline လည်း ဒေဝါလီ မခံရသေး ဆိုတော့၊ ကျွန်တော်တို့ အတွက် Japan Airline လက်မှတ်တွေစီစဉ်ပေးတာပဲဖြစ်ပါသည်။ Thai Airline(TG) လည်း ရှိတော့ရှိပါသည်။ JAL က TG ထက်ဈေးနဲနဲ ပိုကြီးသည်။ ဒါပေမယ့် ဂျပန်အစိုးရက ကျွန်တော်တို့ကို JAL လက်မှတ်တွေပဲ စီစဉ်ပေးခဲ့ပါသည်။ ကျွန်တော်တို့ Nagoya အဖွဲ့ Chubu International Airport သို့သွားမည့်သူများက F6 Tunnel မှစီးရမည်ဖြစ်ပါသည်။ အမှန်တော့- ကျွန်တော်တို့ (၁၉) ယောက်လုံး (ဒါလည်း အစက သံရုံးမှ ရွေးချယ်ထားတာ အယောက် (၂၀)၊ ထွက်ခါနီးကျမှ သစ်တောရေးရာဝန်ကြီးဌာနက တစ်ယောက်က ၂၀၀၇ ခုနှစ်က ထုတ်ပြန်ထားတဲ့ အမိန့်စာနဲ့ ငြိလို့ ကျန်နေခဲ့ခြင်းဖြစ်သည်။) ဂျပန်နိုင်ငံထိ အတူတူသွား၊ အခြေခံ ဂျပန်စာ သင်ကြားပြီးတော့မှ ဆိုင်ရာဆိုင်ရာ တက္ကသီလာများသို့ မြန်းကြရမည်။ ဒါက ဟိုးတုန်းက- အခုတော့ ဒီလိုမဟုတ်တော့ပြီ။ ဘန်ကောက်တည်းက ကိုယ်စီသွားကြရမည့် မြို့များသို့ နီးစပ်ရာ လေဆိပ်များမှတစ်ဆင့် သွားကြရမည်။ ကျွန်တော်နဲ့ မနေခြည် လက်မှတ်ယူပြီး F6 Tunnel သို့ ချီတက်ဖို့ပြင်တော့ ကျန်တဲ့ အဖွဲ့သားတွေ မနှင်းယု နှင့် မွေး/ရေ ကတစ်ယောက်နားကပ်ပြီး ရေသန့်ဗူး မပါဘူးဗျာဆိုတော့- ဟုတ်တယ်နော် တဲ့၊ အမှန်က သူတို့က ရေသောက်ချင်၍ ဖြစ်ပါသည်။ ကျွန်တော့် အဓိပ္ပါယ်က ရေလောင်းချင်၍ဖြစ်ပါသည်။ နောက်မှ သဘောပေါက်သွားကြတော့မှ ပြုံးနိုင်ကြပါသည်။ အဲဒီတော့မှ မျက်နှာလေးတွေ လန်းလာကြပါသည်။ အရင်ကတော့ စိုးရိမ်စိတ်ကလေးတွေနှင့်- အားလုံးသဘောကျနေဆဲမှာပင် ကျွန်တော် အားလုံးကို လက်ဝှေ့ရမ်း နှုတ်ဆက်ခဲ့ပြီး ထားခဲ့ပါသည်။ အဲဒီကစ လမ်းခွဲကြရပါသည်။ F6 Tunnel ရောက်တော့ ည (၂၂း၅၉) နာရီမှာ လေယာဉ်ထွက်ဖို့ ကြေငြာထားတာတွေ့ရသည်။ မင်္ဂလာဒုံလေဆိပ်တည်းက မွေး/ရေမှ လိုက်ပို့ကူညီသော အစ်ကိုက လုပ်စရာရှိတာလုပ်ဖို့ Transit Time က ဘာမှရတာမဟုတ်ကြောင်း၊ သွားလာရတာနဲ့ ကုန်သွားကြောင်းပြောပါသည်။ အပြေးအလွှားသွားနေရတဲ့ကြားက Horizontal Conveyor Line များကို ကျေးဇူးတင်ရသည်။ JL-738 က ည (၂၃း၃၀) နာရီလောက်မှာ လေယာဉ်ပေါ်တက်ဖို့ ဂျပန်လို ကြေငြာပါသည်။ အဲဒီကစပြီး ဂျပန်လိုပဲ စတင်ထိတွေ့ရပါသည်။ ည (၀၀း၁၀)နာရီ လောက်မှာ လေယာဉ်စတင်ပျံသန်းပါသည်။ ယခင် ရန်ကုန်-ဘန်ကောက် Thai Airway TG-306 နှင့်တော့ ဆင်နဲ့ ဆိတ်လိုကွာပါသည်။ ခင်းကျင်းပြင်ဆင်ထားတာက အစ ကိုယ့်ရဲ့ ရှေ့တည့်တည့် ထိုင်ခုံကျောမှီမှာ TV Screen (6" -Round) တစ်ခုစီပါပါသည်။ ကျွန်တော့်ဘေးမှာ ဂျပန်သားအစ်မိ နှစ်ယောက်ဖြစ်ပါသည်။ မနေခြည်ကတော့ ကျွန်တော့်ရှေ့တည့်တည့်မှာဖြစ်ပါသည်။ Thai Airway TG-306 ပေါ်မှာ ညစာ (ထမင်းဗူး၊ ငါးပေါင်း၊ အသီးအရွက်ပြုတ်၊ ကိတ်မုန့်တစ်တုံး၊ ကော်ဖီကို သီးခြားလိုက်ငှဲ့ပေးပါသည်။) စားခဲ့လို့ သိပ်မဆာပါ။ JL-738 မှာ လေယာဉ်စတင်ပျံသန်းပြီး (၁)နာရီလောက်ကြာမှာ သီးစုံကိတ် တစ်ခု၊ အာလူးချောင်းကြော်တစ်ထုပ်၊ အအေး/ကော်ဖီ ကြိုက်တာရပါသည်။ အမှန်တော့ ဒါက ပုံမှန်အစီအစဉ်ဖြစ်ပါသည်။ ကိုယ်ကြိုက်တာ မှာချင်လည်းရပါသည်။ အရင်သိထားဖူးသမျှ အတိုင်းဖြစ်ပါသည်။ အလျှံပယ်ကျွေးပါသည်။ စူဇကာပုဏား တောင်ဆလံ ပေးယူရလောက်ပါသည်။ သူများတွေ ဝိုင်၊အရက် တွေမှာသောက်တာတွေ့ရသည်။ နောက်လည်း ဆက်တိုက်မှာသလိုချပေးပါသည်။ TG-306 ပေါ်မှာ ထိုင်းသူ လေယာဉ်မယ်တွေလှသလောက် JL-738 ပေါ်မှာလည်း ဂျပန်သွေးပါတဲ့ နိပွန်သူတွေလည်း တော်တော်လှပါသည်။ နံဘေးမှ ဂျပန်သားအစ်မိနှစ်ယောက်ကတော့ ရှေ့ထိုင်ခုံအိတ်ထဲမှ နားကြပ် (Ear- phone) တစ်စုံစီထုတ်ပြီး ကိုယ့်စိတ်ကြိုက် Channel တွေ ကြည့်နေကြပါသည်။ အကဲခတ်ကြည့်တော့ အမေဖြစ်သူက Cartoon ကြည့်ပြီး၊ သမီးဖြစ်သူက Fashion တွေကြည့်နေတာတွေ့ရသည်။ ကိုယ့်ရဲ့ ညာဘက်လက်ရန်းပေါ်မှာ Remote Control ပါပါသည်။ ကျွန်တော်တော့ လေယာဉ်ပေါ်ရောက်ပြီဖြစ်လို့ ထွက်မလာခင်ကရက်ဆက်ပင်ပန်းခဲ့တာကြောင့်ရော၊ ဘန်ကောက်လေဆိပ်ထဲပြေးလွှားခဲ့ရတာကြောင့်ပါ ပင်ပန်းခဲ့သမျှ အတိုးချပြီး အိပ်ပါတော့သည်။ ခေါင်းအုံးအပျော့နှင့် သိုးမွေးစောင်တစ်ထည်ပေးတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါသည်။ ကျွန်တော် တော်တော်အိပ်ပျော်သွားခဲ့ပြီး တစ်ရေးနိုးတော့ ရေဆာနေတာကြောင့် ရေသန့်ဗူးတောင်းလိုက်ပါသည်။ ရေသောက်ပြီး ပြန်အိပ်ပါသည်။ နောက်တစ်ကြိမ်နိုးတော့- အပြင်ဘက်မှာ အလင်းရောင်လာနေတာ မြင်ရပါသည်။ တော်တော်လင်းနေပြီ ဖြစ်ပါသည်။ လက်မှနာရီကိုကြည့်တော့ (၄)နာရီ ထိုးနေတာမြင်ရသည်။ ဘုရားရေ- (၄) နာရီနဲ့ မိုးစင်စင်လင်းနေပြီလို့- သေချာ အကဲခတ်ကြည့်တော့မှ ကျွန်တော်တို့က အလင်းရောင်လာနေတဲ့ဘက်ဆီ ဦးတည်သွားနေတာဖြစ်ပြီး၊ နောက်မှာ အမှောင်ထုက ကျန်နေခဲ့တာဖြစ်ပါသည်။ နေ့ နှင့် ည လို့ ကမ္ဘာလုံးပေါ်မှာ သင်ခဲ့သမျှ အခုမှ ဒိဌ တွေ့မြင်ရတော့သည်။ တကယ့်ကိုမှ နေ့နှင့် ညပါပဲ- နောက်မှ စံတော်ချိန် (၂) နာရီကွာတာကို အမှတ်ရပါသည်။ (ဘန်ကောက်နှင့် တိုကျိုစံတော်ချိန်က (၂) နာရီကွာပြီး၊ မြန်မာနဲ့တော့ (၂) နာရီခွဲကွာပါသည်။) တော်တော်လေးလည်း သဘောကျသွားရပါသည်။ သြော်- ငါကိုယ်တိုင် ခံစားဘူးပြီလို့- ဒါက ဘယ်လိုမှ မခံစားဘူးသေးတဲ့ အသိပါပဲ။ TG-306 ပေါ်မှာ အတိုင်း JL-738 လည်းပဲ ပျံသန်းနေတဲ့နှုန်း၊ အမြင့်ပေ အပြင် Outside Temperature, Local Time, Local Original Time များကြေငြာပေးပါသည်။ လေယာဉ်ပျံသန်းနေစဉ် Flight လမ်းကြောင်းအတိုင်း ရောက်ရှိနေတဲ့နေရာကိုလည်းပြသပါသည်။ Local Time ဆိုတာ လက်ရှိရောက်နေတဲ့နေရာရဲ့ စံတော်ချိန်ဖြစ်ပြီး၊ Local Original Time ဆိုတာ စတင်ပျံသန်းခဲ့တဲ့နေရာရဲ့ စံတော်ချိန်အတိုင်းပဲဖြစ်ပါတယ်။ ဥပမာ- ကျူရှုးကျွန်းတောင်ပိုင်း- ကာဂိုရှီးမားမြို့ပေါ်လောက်ရောက်တဲ့အချိန်လောက်မှာ ဒေသစံတော်ချိန် (Local Time) က (၄း၃၀)နာရီ ဖြစ်ပါတယ်။ စထွက်ခဲ့တဲ့ ဘန်ကောက်စံတော်ချိန်(Local Original Time) က (၂း၃၀)နာရီ ပဲပြနေမှာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့က စံတော်ချိန်ကွာဟချက် (၂)နာရီလို့ သတ်မှတ်တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လေယာဉ်ဆင်းခါနီး နာရီဝက်အလိုမှာ အောက်ဖက် ပင်လယ်ပြင်နဲ့တောင်တန်းတောင်ကုန်းတွေ မြင်နေရပြီဖြစ်ပါတယ်။ သြော်- ဒါဂျပန်ပြည် ပါပဲလားလို့တော့ အောက်မေ့မိပါတယ်။ အဲဒီအချိန်မှာ မနက်စာလာကျွေးပါတယ်။ မဆာလို့ ငြင်းလိုက်ပါတယ်။ ဘေးမှ ဂျပန် အဖွားကြီး မှာစားနေတာတွေ့ရပါတယ်။ အကဲခတ်ကြီးတော့ ငါးဆန်ပြုတ်- တခြားထွေလီကာလီတွေ တွေ့နေရပါတယ်။ အနံ့ကတော့ တော်တော်မွှေးပါတယ်။ ဗိုက်ဆာချင်စိတ်တောင်ပေါက်သွားပါတယ်။ အာရုံက အပြင်တစ်လျှောက်လုံးကို ကြည့်ဖြစ်နေခဲ့ပြီး ခဏနေတော့ Chubu International Airport ကိုဆင်းပါတယ်။
၂၀၀၈ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့။ ဂျပန်ဒေသ စံတော်ချိန် နံနက် (၈း၀၀) နာရီတွင် Chubu International Airport သို့ ချောမောစွာရောက်ရှိခဲ့ပါသည်။ လေဆိပ်ဆင်းခဲ့ပြီး Immigration check-in လုပ်ပြီး ကျောင်းတက်မှာလားလို့ပဲမေးပါတယ်၊ သက်သေခံစာရွက် Document တောင်းပါတယ်၊ သံရုံးက ထုတ်ပေးထားတဲ့စာရွက် ပေးလိုက်ပါတယ်၊ ကြားဖူးတာနဲ့တော့ တက်တက်စင်ပါပဲ၊ သိပ်မရစ်ပါ၊ ဘာမှကိုရစ်နေတာမတွေ့ရပါ၊ ဝင်ခွင့်ရခဲ့ပြီး Custom Check-in မှာလိုအပ်တာပုံစံဖြည့်ပြီး Luggage ရွေးမယ်လို့လုပ်တော့ ကျွန်တော်နဲ့ မနေခြည်ရဲ့ အိတ်နှစ်လုံးကို တွန်းလှည်းပေါ်မှာ တင်ထားပြီး လေဆိပ်ဝန်ထမ်း ဂျပန်မလေးတွေ (၄၊ ၅၊ ၆ ယောက်လောက်) စောင့်နေတာမြင်ရသည်။ သူတို့ကလည်း ကျွန်တော်တို့ကို အကဲခတ်နေပြီး ကျွန်တော်တို့ နှစ်ယောက်ကလည်း တစ်ယောက်ကို တစ်ယောက်မျက်လုံးချင်း အချက်ပြကာ တွန်းသွားရမှာလားလို့မေးပါသည်။ အဲဒီတော့မှ မရွှေချောများက တခွိခွိရယ်ကာ တွန်းသွားပါ၊ ရပါပြီလို့ပြောပါသည်။ ကျွန်တော်တို့နှစ်ယောက်နောက်ဆုံး ထွက်လာတာဖြစ်ပါသည်။ အထွက်ပေါက်ဝမှာ- တွေ့ပါပြီ ဆိုင်းဘုတ် ၂-ခု၊ တစ်ခုက SOE MINN KHINE ၊ NAGOYA UNIVERSITY ဖြစ်ပြီး နောက်တစ်ခုက Ms. NAY CHI OO ၊ NAGOYA UNIVERSITY ပဲဖြစ်ပါတယ်။ ကျွန်တော်က အရင်သိထားတဲ့အတိုင်း Assistant Professor - Takeyoshi KATO ထံသွားကာ နှုတ်ဆက်ပါသည်။ ဆရာသမားကလည်း ဆိုင်းဘုတ်ထိုးပြပြီး ထပ်မေးပါသည်။ အဲဒီအချိန်မှာ နောက်ဘက်မှ ကျွန်တော့်နာမည် နှုတ်ဆက်သံကြားလို့ လှည့်ကြည့်တော့ ပြုံးပြုံးကြီး ကြည့်နေတဲ့ ကိုရွှေမြန်မာ နှစ်ယောက်ကို တွေ့ရပါသည်။ နာမည် မသိပါ၊ ကိုယ့်ကိုနှုတ်ဆက်တော့ပြန်နှုတ်ဆက်လိုက်ပါသည်။ လေယာဉ်ပေါ်မှာတုန်းက မနေခြည်ကတော့ အပြောသား၊ လာကြိုကြမှာလို့။ (နောက်မှ သိရသည်မှာ ကိုစိုင်းခိုင်မျိုးထွန်း၊ ဒဂုန်အရှေ့ပိုင်းတက္ကသိုလ် နဲ့ ကိုကျော်ကျော်နိုင်၊ ရှေ့နေချုပ်ရုံး တို့ဖြစ်ပါတယ်။) ကျွန်တော်တို့ သုံးစွဲဖို့ ငွေမလဲခင် အခက်အခဲ မဖြစ်အောင် ကျွန်တော်တို့ ၂-ယောက် တစ်ယောက်ကို ယန်း ၁၀၀၀၀ တန်တစ်ရွက်စီ ထုတ်ပေးပါသည်။ ယခင်က MONBUKAGAKUSHOU (ဂျပန်ပညာရေးဝန်ကြီးဌာန) အစီအစဉ်အရ Arrival Allowance ယန်း ၂၅၀၀၀ စီရကြပါသည်။ ဂျပန်လေဆိပ် ခြေချချ ချင်းစရသော ပိုက်ဆံလည်းဖြစ်ပါသည်။ ကျွန်တော်တို့ အလှည့်ကျတော့ အဲဒီ ပိုက်ဆံမရတော့ပါ။ ဒါပေမယ့် ကံကောင်းချင်တော့ ယန်း၁၀၀၀၀ တန်တစ်ရွက်စီ လက်ထဲရောက်လာပါသည်။ အဲဒီအတွက် ကျွန်တော့်မှာ တော်တော့်ကို အဆင်ပြေသွားပါသည်။ ထုံးစံအတိုင်း ကြိုတဲ့သူများနောက်လိုက်သွားရုံပါပဲ- ဆရာသမားက သူတို့ကိုလည်း သူ့ကားနဲ့လိုက်ခဲ့ဖို့ပြောပါသည်။ သူတို့ကလည်းရထားနှင့်ပဲ သွားကြမည်ဖြစ်ကြောင်းပြောပါသည်။ နှုတ်ဆက်ပြီး ထွက်ခဲ့ကြပါသည်။ ကားပေါ်ရောက်တော့ ၂-ယောက်သား စကားတွေဖောင်လာကြပါသည်။ ကျွန်တော် အရင်က Hotel Nikko မှာ Orientation (ဒါကလည်း- ကျွန်တော်တို့ အုပ်စုတွေ မြန်မာပြည်က မထွက်ခင် ကျွန်တော်တို့ အချင်းချင်း ရင်းနှီးခင်မင်မှုရရှိစေရန်အတွက်ရော၊ ဂျပန်ပြည်မှာ ပညာသင်ကျောင်းသား တစ်ယောက် ဆောင်ရန်၊ ရှောင်ရန်အတွက်များပါ သိရှိလိုက်နာဖို့စီစဉ်ပေးခြင်းဖြစ်ပါသည်။) လုပ်တုန်းက လက်ထဲစာရွက်ရောက်လာတော့ ကိုယ့် Professor ကိုယ်တိုင်လာကြိုမှာသိရတော့- နိပ်ဟ လို့၊ အဲဒီတည်းက ရင်တဒိတ်ဒိတ်ခုန်နေခဲ့တာဖြစ်ပါသည်။ ဘာကြောင့်ဆို Professor နှင့်ထိပ်တိုက် တွေ့တွေ့ချင်း အဆင်မပြေဖြစ်မှာ စိုးရိမ်ပူပန်ခဲ့လို့ဖြစ်ပါသည်။ တွေ့တော့လည်း ခပ်ရဲရဲ တင်းတင်းပဲ ပြောဖြစ်ခဲ့ပါသည်။ ဆရာသမားကလည်း ဒီ Chubu International Airport က ဖွင့်ထားတာ ၂-နှစ်လောက်ပဲရှိသေးကြောင်း၊ နာဂိုယာကို နောက်ထပ် (၁)နာရီလောက် ထပ်မောင်းရဦးမှာဖြစ်ကြောင်း၊ သူ Thai ကို Conference တက်ဖို့ သွားခဲ့ကြောင်း စသည် စသည်များပြောပြပါသည်။ ကျွန်တော့်လည်းမေးလိုက်၊ ကျွန်တော်ကလည်းမေးလိုက်၊ လမ်းမှာ ချယ်ရီပန်းတွေ ပွင့်နေတာလည်း - အရမ်းလှကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောပါသည်။


(Chubu International Airport တည်နေရာ ပြထားတာဖြစ်ပါတယ်။ Chubu ဆိုတာ ဂျပန်လို "အလယ်ပိုင်း" လို့ အဓိပ္ပါယ်ရပါတယ်။ Nagoya မြို့ကလည်း ဂျပန်ရဲ့ အလယ်တည့်တည့်မှာရှိတာပါ။)

ကျွန်တော်လည်း ဒီချိန် ချယ်ရီပန်းတွေပွင့်မှာသိထားကြောင်း၊ အခုလိုမြင်ရတော့ အရမ်းလှကြောင်း ပြောလိုက်ပါသည်။ ပြောရင်းနဲ့ နာဂိုယာ ဒိုင်းဂခု (နာဂိုယာ တက္ကသိုလ်) ကိုရောက်ပါသည်။ သူ့ရဲ့ Lab အခန်းကိုခေါ်သွားပါသည်။ ကျွန်တော်တက်ရမှာက Graduate School of Engineering ဖြစ်ပါသည်။ တက္ကသိုလ် ထဲမှာမှ Engineering, Law , Economic စသည်ဖြင့် ခွဲထားကြတာဖြစ်ပါသည်။ ကျွန်တော်တို့ဆီက University တွေလိုတော့ မဟုတ်ပါဘူး။ ငါးထပ်ကို ဓါတ်လှေခါးနဲ့ တက်ရင်းနဲ့ ကျွန်တော့ကိုလည်း မှတ်ထားဖို့ပြောပါသည်။ Lab ခန်းဝမှာ ကျွန်တော့်ရဲ့ Paofessor ကြီး Yasuo SUZUOKI နဲ့တွေ့ပါသည်။ နှုတ်ဆက်ကြပြီး Metting ရှိလို့ ပြာယာပြာယာနဲ့ထွက်သွားပါသည်။ လာကြိုတဲ့ဆရာသမားကလည်း Lab မှာလုပ်နေတာတွေ ရှင်းပြပါသည်။ ကားပေါ်မှကြလည်း မေးသင့်တာတွေ မေးခဲ့ပြီး ဖြစ်ပါသည်။ ရှင်းပြရင်းနဲ့ ကျွန်တော်ဘာလုပ်ချင်တဲ့အကြောင်းမေးပါသည်။ ကျွန်တော်က ကျွန်တော်တို့ဆီက စက်ရုံတွေက Semi-automatic တွေဖြစ်လို့ Fully လုပ်ချင်တဲ့အတွက် Factory Automation အကြောင်း လေ့လာချင်တဲ့အကြောင်း ပြောလိုက်ပါသည်။ Control Engineering လို့ သူသဘောပေါက်သွားပြီး သူ Thai မှာဖတ်ခဲ့တဲ့ စာတမ်းယူလာပြီး ပြပါသည်။ Conventional Power Line မှာ ရုတ်တရက် Voltage Drop ဖြစ်သွားနိုင်တာကို Battery Bank နဲ့ Control လုပ်ထိန်းချုပ်ပုံပြသပါသည်။ အဲဒီလိုမျိုး Control ပိုင်းကို Model လုပ်ချင်ကြောင်း ပြောလိုက်ပါသည်။ သူလဲ စုပ်တသပ်သပ်နဲ့ သူတို့ Lab နဲ့ ကျွန်တော်လုပ်ချင်တာ တော်တော် Difference ဖြစ်နေကြောင်း ပြောပါသည်။ ကျွန်တော်လည်း မတတ်နိုင်ပါ။ ဒါပေမယ့် အတင်းအကြပ်လဲ မပြောပါ။ သူကရှေ့မှာ Language ၆-လ ရှိသေးကြောင်း စဉ်းစားဖို့နဲ့ သူ့ရဲ့ Title တော်တော်များများပါတဲ့ စာအုပ်လေး ပေးဖတ်ခိုင်းပါသည်။ ဒါက ကျွန်တော်ရွေးချယ်ရမှာ ဖြစ်ပါသည်။ အဲဒီလိုဖြစ်မယ်လို့ ကျွန်တော်ဒီကို မလာခင်တည်းက သိပြီးသားပါ၊ တွေးထားပြီးသားပါ၊ Electrical က Electrical ပဲရမှာပဲလို့- ကိုစိုင်းတို့ Kyushu က ကိုမျိုးမင်းသိန်းတို့ကလည်း Professor သဘောကိုနာခံဖို့ ပြောပါသည်။ ကျွန်တော်လည်း နာခံမယ်လို့ တွေးထားပြီး ဖြစ်ပါသည်။ ဒါပေမယ့် ကျွန်တော်အချိန်မဖြုန်းချင်ပါ၊ အလဟဿလည်း မဖြစ်ချင်ပါ၊ ကျွန်တော့်ကို ကျွန်တော်လည်း မစတေးလိုပါ၊ ကျွန်တော်သူတို့ ဆီက ရနိုင်သလောက် ယူရမှဖြစ်မယ်။ Professor လည်း ကျေနပ်အောင်ပေါ့။ အဲဒီနောက် ကျွန်တော်နေရမယ့် အဆောင် (Residence) ကိုလိုက်ပို့ပါသည်။ Nagoya University အပိုင် Residence ၃-ခု ရှိတဲ့အနက် ကျွန်တော်နေရမယ့် Sakurayama Kaiken (Nagoya University Foreign Student House) လဲ တစ်ခုအပါအဝင်ဖြစ်ပါသည်။ အစက သိထားတာက ကျောင်းဝင်း အတွင်းမှာပဲလို့- အခုခေါ်လာတာက တော်တော်ဝေးပြီလို့ ကားစီးရင်း သဘောပေါက်လာပါသည်။ အဆောင်ရောက်ပြီး လိုအပ်တဲ့ Form တွေဖြည့်ပြီး သူကိုယ်တိုင် Luggage တွေဆွဲပြီး လိုက်ပို့ပေးပါသည်။ ပစ္စည်းတွေနေရာချပြီး ကျောင်းကို လာဖို့လမ်းကြောင်း Subway Station ကိုလိုက်ပြပါသည်။ အနီးအနားက Convenience Store ကိုလည်းပြပါသည်။ နောက် နေ့စာစားမလားမေးပြီး အနီးနားက ဆိုင်လေးခေါ်သွားပါသည်။ Menu ကိုကြည့်ပြီး ဘာစားမလဲမေးပါသည်။ ကျွန်တော်လဲ မစဉ်းစားချင်တာနဲ့ ဟမ်ဘာဂါ (ယန်း ၈၈၀) ပဲစားမယ်လို့ ပြောလိုက်ပါသည်။ အဲဒါ အပေါ်မှာ မှင်နီနဲ့ ဘေးမှာ ဒေါင်လိုက် တန်းပြထားတာ (၁) ထမင်း (သို့) ခေါက်ဆွဲ၊ (၂) ဟင်းချို (၃) ကော်ဖီ (သို့) Juice အဲဒီ ၃-မျိုးထဲက တစ်မျိုးစီ ကြိုက်တာ မဖြစ်မနေမှာရကြောင်း ပြောပါသည်။ အားနာပါးနာနဲ့ ပဲမှာလိုက်ရပါသည်။ နောက်ဆုံးရှင်းရတော့ ယန်း ၁၇၀၀ လောက်ကျပါသည်။ တစ်ယောက်ကို ယန်း ၈၅၀ လောက်ကျပါသည်။ မြန်မာငွေနဲ့ တွက်ရင် (၈၅၀၀ ကျပ်) လောက်ဖြစ်ပါသည်။ ငါ့ဆရာတော့ မှားပြီလို့ တွေးနေပြီလားမသိ။ ကျွန်တော်ကတော့ အားရပါးရ စားပြလိုက်ပါသည်။ နောက် အဆောင်ကို လမ်းလျှောက်ပြီးပြန်လာ၊ ဒီကြားထဲ အခက်အခဲဖြစ်ရင် E-mail ပို့ဖို့ပြောပြီး သူကတော့ ပြန်သွားပါသည်။ ကျွန်တော်လဲ အူလည်အူလည်နဲ့ ကျန်ခဲ့ပါသည်။ Chubu လေဆိပ်အထွက်မှာ ကိုစိုင်းက သူတို့ အဆောင်ကိုလာမယ်ဆိုတဲ့ အကြောင်းပြောလိုက်ပါသည်။ ကျွန်တော်လဲ အဆောင်ရှေ့ထွက်ပြီး စောင့်လိုက်၊ လမ်းလျှောက်နေမိပါသည်။ ဧပြီလဆန်းဆိုပေမယ့် ဂျပန်ရဲ့ဆောင်းကြွင်း အအေးဓါတ်က ၁၆၊ ၁၇ ဒီဂရီ စင်တီဂရိတ်လာက်တော့ ရှိပါသေးသည်။ အပြင်မှာ အေးကလဲအေးလာ၊ တဖြည်းဖြည်း ညနေစောင်းလာပြီး ညစာကလည်း စားစရာမရှိဆိုတော့ စိုးရိမ်စိတ်က ပိုလာပါသည်။ ဒါနဲ့ အဆောင်ရုံးခန်းဝင်မေးပြီး ဖုန်းကဒ်ဝယ်ချင်ကြောင်း ပြောတော့ အဆောင် ဧရိယာတစ်ဝိုက်ပါတဲ့ မြေပုံလေး ထုတ်ပေးလိုက်ပါသည်။ Convenience Store၊ ယန်း ၁၀၀ ဆိုင်တို့ ရှာကြည့်ပါသည်။ လမ်းလျှောက်သွားပြီး Store က ဖုန်းကဒ် ယန်း ၂၀၀၀ တန် တစ်ကဒ်ဝယ်လိုက်ပါသည်။ ဖုန်းကဒ်ကတော့ ရပါပြီ။ ဖုန်းရုံကလည်း အဆောင်ရှေ့တည့်တည့်၊ သူတို့ ရေးထားတဲ့ ခန်းဂျီးတွေကလည်း နားမလည်။ ဘယ်လိုဆက်ရမှန်းမသိ။ အဲဒါနဲ့ပဲ ဟိုဟိုဒီဒီ လမ်းလျှောက်နေမိပြန်ပါသည်။ နာရီကလည်း ညနေ (၁၅း၃၀)နာရီ ကိုပြနေပြီး နောက်ဆုံးကြံရမရ ဖြစ်တာနဲ့ပဲ ယန်း၁၀၀တန် ပေါင်မုန့် ၄-လုံးဝယ်လိုက်တယ်၊ ပြီးရော- ညစာတော့ ဖူလုံသွားပြီ- ဒါနဲ့ စိတ်ပျက်လက်ပျက်နဲ့ပဲ အခန်းထဲဝင်ပြီးအိပ်နေလိုက်မိတယ်။ ဘယ်လောက်ကြာကြာအိပ်နေမိတယ်တော့သိ။ တံခါးခေါက်သံ ကြားတော့မှ ဖွင့်ကြည့်တော့- လားလား၊ တံခါးဝမှာ မားမားကြီးရပ်လို့၊ တွေ့ချင်နေပါသော ကိုစိုင်း- ဝမ်းသာအယ်လဲနဲ့ ဖြစ်ကြောင်းကုန်စင်ပြောလိုက်ပါတယ်။ သူတို့စောင့်နေတာ ၁-နာရီခွဲလောက် ရှိပြီဆိုတဲ့ အကြောင်း၊ မနိုးသေးတာနဲ့ စောင့်နေရကြောင်းပြောပါတယ်။ ကျွန်တော်လဲ စောင့်နေရတယ်ဆိုတော့ တော်တော်လေးအားနာသွားမိပါတယ်။ သူတို့က ရောက်စဆို ဒီလိုပဲ အခက်အခဲတွေနဲ့ တွေ့ရမှာဖြစ်ကြောင်း၊ ကိုစိုင်းက သူဆို (၁၀)ရက်လောက် ဒုက္ခခံခဲ့ရကြောင်း၊ တခြားမြန်မာတွေနဲ့လဲ အဆက်သွယ်မရကြောင်း ပြောပြပါသည်။ ခုတစ်ခေါက် ကိုသူရဇော် (နိုင်ငံခြားရေး) ပါတိုးလာတယ်။ ဒါနဲ့ ၄-ယောက်သား ညစာစားဖို့ အပြင်ထွက်လာခဲ့ကြပါတယ်။ ဆိုင်ရောက်တော့ ဆိုင်ရှေ့မှာ ဘာတွေရနိုင်တယ်၊ ဈေးဘယ်ရွေ့ဘယ်မျှရေးထားတဲ့ Board လေးထောင်ထားတယ်။ ဒီက ဆိုင်တွေရဲ့ အလေ့အထလေးတွေက သူတို့ဆိုင်ရဲ့ တစ်နေ့တာ ရနိုင်တာလေးတွေကို ဆိုင်ရှေ့မှာ ကြော်ငြာသဘောမျိုးရေးပြထားလေ့ရှိတယ်လေ။ ဒါကြောင့် ဆိုင်ထဲမဝင်ခင်တည်းက ကိုယ်ကြိုက်နိုင်၊ မကြိုက်နိုင်ရွေးချယ်လို့ရတာပေါ့။ သူတို့ကတော့ ဆိုင်ရှေ့မှာ ရေးပြထားတာလေးတွေ ဖတ်ကြတယ်။ မဆိုဘူး၊ စားလို့ အဆင်ပြေလောက်တယ် ဆိုပြီး ၄-ယောက်သား ဆိုင်ထဲကို ဝင်လိုက်ကြပါတယ်။ ကျွန်တော်လဲ အခုမှ ကိုယ့်ကိုကိုယ် နွေးထွေးသွားမိသလို ခံစားရပါတယ်။ တကယ်ပါ- စောစောကတော့ ဖုန်းတောင် ဘယ်လိုဆက်ရမယ်မှန်းမသိ၊ ငါတော့ ဒုက္ခပဲလို့ တွေးလိုက်မိပါသေးတယ်။ ဆိုင်ထဲရောက်လို့ စိတ်ဒုန်းဒုန်းချလိုက်ပြီး ဂျပန်ဘီယာရဲ့ အရသာလေးမြည်းရင်း သူတို့တည်ခင်းတဲ့ ညစာလေးနဲ့ ကျွန်တော်စောစောက ပြင်ဆင်ထားခဲ့တဲ့ ပေါင်မုန့်ညစာလေးကနေ သီသီလေးလွတ်မြောက်ခဲ့ပါတယ်။ ကျွန်တော် ညနေက အပြင်ထွက်လမ်းလျှောက်နေတုန်း အဆောင်ကို ဖုန်းလာပါတယ်။ မမသန့် နာမည်နဲ့ ဖုန်းနံပါတ်တစ်ခု ပေးထားခဲ့ပါတယ်။ အဲဒါ ကိုစိုင်းက Law ကဖြစ်ကြောင်း ပြောပါတယ်။ နောက် ကျောင်းသားရေးရာမှာ ဆုံဖြစ်ကြတော့ သူလဲအဲဒီနေ့က လည်ချောင်းနာ သိပ်နေမကောင်းဖြစ်တာကြောင့် အဆောင်ကို လာမတွေ့နိုင်ခဲ့ကြောင်းပြောပြရှာပါတယ်။ သူကလဲ Monbushou ကျောင်းသားတစ်ယောက်ဖြစ်ပြီး ကျွန်တော်နေမယ့် Sakurayama kaiken မှာနေသွားခဲ့တာပါ။ သူ့တုန်းကလည်း ပေါင်မုန့်လေးနဲ့ပဲ ပြီးခဲ့ရကြောင်း၊ ဒုက္ခရောက်ခဲ့ကြောင်း ပြောပြပါတယ်။ ကျွန်တော်တို့ ၄-ယောက် ညစာစားပြီး နောက် ကျွန်တော့်ကို အဆောင်ပြန်ပို့ပေးခဲ့ပြီး နောက်နေ့ နေ့လည်(၁)နာရီလောက်လာခေါ်မယ်ဆိုတဲ့ အကြောင်းပြောပြီး လမ်းခွဲလိုက်ကြပါတယ်။ ကျွန်တော်လဲ ဖြစ်သမျှ အကြောင်း အကောင်းလို့တွေးရင်း အိပ်ပစ်လိုက်ပါတော့တယ်။

Posted by စိုးမင်းခိုင်

1 comment:

ခဲကြီး said...

အဲလို လုပ်ပါ ကိုယ့်လူရဲ့၊ ဒီလို အတွေ့အကြုံ လေးတွေ ဖတ်ချင်နေတာ။ ပညာ ရော ကြင်ရာ ရောပါရေးမှ ပြည့်စုံမယ် နော်။

Post a Comment