၂၀၀၈ ခုနှစ်၊ မေလ (၂၄)ရက်။
ဒီနေ့သည် ဂျပန်ဘာသာသင်ကြားမှု (၁)လခွဲပြည့်မြောက်သည့်နေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဂျပန်နိုင်ငံရောက်ပြီး ဦးစွာပထမခရီးတစ်ခု ထွက်ဖြစ်ဖို့ အကြောင်းပေါ်လာပါတယ်။ မြန်မာပြည်က ထွက်မလာခင် ဂျပန်ကို ပညာတော်သင်သွားရဖို့ ပြင်ကြဆင်ကြတုန်းကလည်း ဂျပန်နိုင်ငံနဲ့ ပတ်သက်တဲ့ အထောက်အထားစာရွက်စာတမ်း တွေလက်လှမ်းမှီသလောက် ရှာကြည့်ပါတယ်။ ထုံးစံအတိုင်း အမြဲရောက်နေကျ ပန်းဆိုးတန်းလမ်း ဘက်မှာပဲပေါ့။ ကံကောင်းထောက်မစွာ “ဂျပန်ပြည်မှာ ရက်ပေါင်း ၁၃၀၀” ဆိုတဲ့ စာအုပ်လေးတစ်အုပ်တွေ့တယ်။ ရေးတဲ့သူကလည်း MONBUKAGASHOU အတိုကောက်အခေါ် မွန်ဘူးရှိုး လို့ခေါ်တဲ့ ဂျပန်ပညာရေးဝန်ကြီးဌာန အထောက်အပံ့နဲ့ ဂျပန်နိုင်ငံမှာ ပညာတော်သင်နေသွားသူက ရေးသားထားတာဆိုတော့ ကျွန်တော့်အတွက် မွန်ဘူးရှိုးကျောင်းသားလဲ ဖြစ်ပြန်တော့ များစွာမှ အထောက်အကူရလှပါတယ်။ သူတို့တုန်းက Osaka gaidai အိုဆာကာ ဂိုင်းဒိုင်း လို့ခေါ်တဲ့ အိုဆာကာ နိုင်ငံခြားဘာသာသင် တက္ကသိုလ်မှာ နိုင်ငံတကာက ကျောင်းသားပေါင်းစုံ ဂျပန်စာ စုဝေးသင်ကြရပြီး အဲဒီနောက်မှ သက်ဆိုင်ရာ တက္ကသိုလ်များသို့ သွားကြရတာဖြစ်ပါတယ်။ သူတို့ ဂျပန်စာသင်ကြားနေစဉ်ကာလများမှာလည်း မကြာခဏဆိုသလို လေ့လာရေး အပျော်ခရီးစဉ်လေးတွေ စီစဉ်ပေးတယ်ဆိုတာ ဖတ်ခဲ့ရတယ်။ ဆိုတော့ ခရီးသွားလာရတာ အင်မတန်မှ နှစ်ခြိုက်တတ်တဲ့ ကျွန်တော့်အတွက်တော့ စူဋ္ဌလိပ်ရေထဲလွှတ်သလိုနေတော့တာပေါ့။ ကျွန်တော်လဲ ခရီးသွားလာပြီး ဒေသန္တရဗဟုသုတလေးတွေ ရှာဖွေရတာ အင်မတန်မှ စိတ်ဝင်စားပါတယ်။ ဘာလို့လဲဆိုတော့ ဒေသတစ်ခုနဲ့တစ်ခု၊ အဲဒီဒေသမှာ နေထိုင်နေကြတဲ့ လူမျိုးစုတွေရဲ့ နေထိုင်ပြုမူတာတွေကအင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့အတွက်ကြောင့်လဲဖြစ်ပါတယ်။
ဒီလိုနဲ့ ကျွန်တော်လဲ ဂျပန်စာသင်ကြားရင်း ဘယ်လို ခရီးတွေများစီစဉ်ပေးမှာပါလဲ စောင့်မျှော်ရင်းနဲ့ပေါ့။ တစ်နေ့ ဂျပန်စာ အတန်းပြီးလို့ အဆောင်ကို ပြန်အလာ အဆောင်ဧည့်တွေ့ခန်းမှာ ဂျပန်မိတ်ဆွေများအသင်းက Volunteer အဖွဲ့များတွေ့လိုက်ရပါတယ်။ ဒီနေရာမှာ ဂျပန်နိုင်ငံရဲ့ Volunteer များအကြောင်းကို ကျွန်တော် နည်းနည်း ရှင်းပြလိုပါတယ်။ Volunteer အဖွဲ့များ ဆိုတာက ဂျပန်မှာ အင်မတန်မှ အရေးပါတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။ များသောအားဖြင့် ပင်စင်နားပြီးသောသူများ၊ အလုပ်အကိုင်လဲ လုပ်ကိုင်ရန်မလိုသူများ၊ အိမ်ထောင်တာဝန်များလဲ ထမ်းဆောင်ရန် မလိုသူများက စုစည်းပြီး ဖွဲ့စည်းထားသော စေတနာ့ ဝန်ထမ်းများပင်ဖြစ်ပါတယ်။ ကျွန်တော်တို့ အဆောင်တွင်လည်း ဆိုခဲ့ပြီးသော ဂျပန်မိတ်ဆွေများအသင်း ဟုခေါ်သော Volunteer အဖွဲ့များက သီတင်းအပတ်စဉ် ကြာသပတေးနေ့တိုင်း အဆောက်သို့လာရောက်၍ ကျွန်တော်တို့ နိုင်ငံခြားသား ကျောင်းသားများအတွက် ဂျပန်ပြည်တွင် နေထိုင်နေစဉ်အတွင်း နေ့စဉ်ကြုံတွေ့နေရသော အခက်အခဲလေးများအား ကူညီဖြေရှင်းပေးခြင်း၊ ကျွန်တော်တို့ နေ့စဉ် သင်ကြားခဲ့ရသော ဂျပန်စာ သင်ခန်းစာများအား ပြောဆိုဆွေးနွေးခြင်းများပြုလုပ်ပေးလေ့ရှိပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ တင်းကြပ်တဲ့ စည်းကမ်းတစ်ခုက စွန့်ပစ်အမှိုက်များအား အတန်းအစားခွဲ၍ စနစ်တကျ စွန့်ပစ်ခြင်းပင်ဖြစ်ပါတယ်။ ဥပမာ- တီဗွီ၊ ရေခဲသေတ္တာ၊ စသည့်လျှပ်စစ်ပစ္စည်းများ၊ မွေ့ယာ၊ စောင် စသည့် အဝတ်အထည်ပစ္စည်းများ စသည်စသည် တို့ကို စွန့်ပစ်ရာတွင် ပစ္စည်းပေါ်မူတည်၍ ပစ္စည်းပစ်ခ ပေးရပါတယ်။ ထို့အတွက် Volunteer များက ပြန်လည်သုံးစွဲရန် သင့်တော်သော ပစ္စည်းလေးများအား စုဆောင်းသယ်ဆောင်လာ၍ လိုအပ်သူများအား ခွဲဝေပေးခြင်းများပြုလုပ်ပေးလေ့ရှိပါတယ်။ (၂၃.၅.၂၀၀၈) ရက်နေ့ ကျွန်တော်နဲ့ ကိုစိုင်းလေး (ကိုစိုင်းဆမ်စိုင်း၊ စီးပွားရေးတက္ကသိုလ်) တို့ ဂျပန်စာ အတန်းပြီးလို့ အဆောင်ကို ပြန်အလာ Volunteer အဖွဲ့များမှ Little World သို့ ခရီးထွက်မှာ ဖြစ်ကြောင်း Aichi Prefecture အတွင်းက ကျောင်းသားများ စုဝေးသွားကြမှာဖြစ်ကြောင်းပြောဆို ရှင်းပြပါတယ်။ ဂျပန်နိုင်ငံမှာ ကျွန်တော်တို့ မြန်မာနိုင်ငံရှိ တိုင်းနဲ့ပြည်နယ်များခွဲထားသလို Prefecture တွေအနေနဲ့ (၄၈) ခု ပိုင်းခြားထားပါတယ်။ အခုကျွန်တော်တို့နေတာက Aichi Prefecture အတွင်းမှာဖြစ်ပါတယ်။ ကျွန်တော်လဲ ကိုစိုင်းလေးအား စည်းရုံး၍ လိုက်ပါရန် စာရင်းပေးလိုက်ပါတယ်။ အဲဒီနောက် နောက်တစ်နေ့ (၂၄.၄.၂၀၀၈) ရက်နေ့ နံနက် (၈း၀၀)နာရီ Nagoya University Toyota Symposium ရှေ့မှာ စုရပ်လုပ်မှာဖြစ်ကြောင်း၊ အချိန်မီလာရောက်ရန်ပြောပါတယ်။ နောက်တစ်နေ့ စုရပ်နေရာသို့ ကျွန်တော်တို့ နှစ်ယောက် စောစွာရောက်နှင့်နေကြပြီး ခဏနေတော့ ကြိုပို့ ဘတ်စ်ကားကြီးများလည်း ထိုးဆိုက်လာပါသည်။ လိုက်ပါမည့်သူများတွင် ကျွန်တော်တို့နှင့် အတူ ဂျပန်စာသင်ကြားနေသော အတန်းဖော်များ၊ အခြားနိုင်ငံခြားသားကျောင်းသားများ အပါအဝင် ဂျပန်ကျောင်းသားများကိုပါ တွေ့ရပါတယ်။ နောက်မှသိရသည်မှာ ယခုခရီးစဉ်သည် နာဂိုယာတက္ကသိုလ်က သီးသန့်စီစဉ်ပေးသော ခရီးမဟုတ်ပဲ ကျောင်းမှ အဓိက ကမကထပြုလုပ်၍ Volunteer အဖွဲ့များမှဦးဆောင်ပြီးခရီးထွက်ခြင်းဖြစ်ပါတယ်။ သွားရမည့် Little World သည် Aichi Prefecture အနောက်မြောက်ပိုင်းရှိ ဂျပန်နိုင်ငံ၏ ရိုင်းမြစ်ဟု တင်စားခေါ်ဝေါ်သော လှပသော Kiso River ပေါ်ရှိ သမိုင်းဝင် Inuyama မြို့နားတွင်ရှိပါသည်။ နာဂိုယာမြို့မှ ဘတ်စ်ကားဖြင့် မိနစ် (၅၀) ခန့် မောင်းရပါသည်။ သတ်မှတ်ချိန်တွင် ဘတ်စ်ကားကြီးများ ထွက်လာခဲ့၍ ကားများပေါ်တွင်လည်း ခရီးစဉ်နှင့် ပတ်သက်သည်များ၊ လမ်းတစ်လျှောက် ဗဟုသုတများ ရှင်းလင်းပြောပြပေးသော ဂျပန်အမျိုးသမီးလေးများတစ်ယောက်စီပါပါသည်။ ကျွန်တော်တို့လည်း ဂျပန်နိုင်ငံသို့ရောက်ပြီး ပထမဆုံးခရီး ဖြစ်ခြင်းကြောင့်လည်းကောင်း၊ နေ့စဉ် ကျောင်းသွား ဂျပန်စာသင် အဆောင်ပြန်လာ၊ ဒီလိုနဲ့ပဲ အတော်ငြီးငွေ့နေပြီဖြစ်၍တကြောင်း၊ လမ်းတစ်လျှောက် လှပသော ရှုခင်းများအား တက်ကြွရွှင်လန်းစွာ ငေးမောရင်း၊ ဂျပန်မလေးရှင်ပြသည်များနားမလည်တစ်ချက်၊ လည်တစ်ချက်(နားမလည်သည်က များပါသည်။) နားထောင်ရင်းနဲ့ပဲ Little World သို့ ရောက်မှန်းမသိရောက်လာကြပါတယ်။
Little World သည်ကား ကျွန်တော်တို့မြန်မာနိုင်ငံရှိ တိုင်းရင်းသားကျေးရွာကဲ့သို့ပင် ကမ္ဘာ့နိုင်ငံများမှ ရှေးဟောင်းရိုးရာ နေထိုင်မှုဓလေ့များအား တစ်နေရာတည်းတွင် စုပေါင်းလေ့လာနိုင်ရန် ဖန်တီးဆောက်လုပ်ပြသထားခြင်းပဲဖြစ်ပါတယ်။ ဧရိယာအားဖြင့် ခန့်မှန်းခြေ စတုရန်းမီတာ ၁,၂၃၀,၀၀၀ ခန့်ကျယ်ဝန်းပြီး အရှေ့တောင်အာရှ၊ ဥရောပ၊ အာဖရိက စသော အခြားကမ္ဘာ့ ၂၂-နိုင်ငံမှ အိမ်အဆောက်အဦပေါင်း ၃၃-လုံးခန့်ပြသထားပါတယ်။ Little World သို့ရောက်ရှိ၍ ဘတ်စ်ကားများပေါ်မှ ဆင်းလျင်ဆင်းချင်း Table No. များပါသော ကဒ်ပြားလေးများဝေငှပေးပါတယ်။ ၎င်းကဒ်ပြားလေးများအား ကားများပေါ်မှ ဆင်းလာသူတိုင်းအား ကြုံသလို ဝေငှပြီး စားပွဲနံပါတ် တူသူများစုဝေး၍ ပျော်ရွှင်စွာ နေ့လည်စာအား ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်စားကြရန် ဖြစ်ပါတယ်။ အစကတော့ ဘာမှန်း၊ ညာမှန်းနားမလည်။ နောက်တော့မှ ချက်ပြုတ်စားသောက်ကြမည့်နေရာသို့ ခေါ်သွားကြပြီး စားပွဲနံပါတ်တူသူများ နံပါတ်အလိုက် ချက်ပြုတ်စားသောက်စရာ ပစ္စည်းအပြည့်အစုံ ထည့်ထားပေးသော ခြင်းတောင်းများအားယူဆောင်၍ သတ်မှတ်ထားသော မီးဖိုနေရာများတွင် ချက်ပြုတ်စားသောက်ကြရန်ဖြစ်ပါတယ်။ ၎င်းနေရာမှာလည်း ချက်ပြုတ်ရန် မီးဖိုများ၊ စားသောက်ရန် စားပွဲရှည်ကြီးများအား ကျွန်တော်တို့ကဲ့သို့သော အုပ်စုကြီးများ ပျော်ပွဲစားထွက်လာချိန်တွင် အသုံးပြုရန် ရည်ရွယ်၍ ဆောက်လုပ်ထားဟန်တူပါသည်။ ကျွန်တော်တို့ အဖွဲ့တွင် မလေးရှားမှ ကျောင်းသား၂-ယောက်၊ တရုတ်ကျောင်းသူမလေး ၁-ယောက်၊ ကျွန်တော်နှင့် ဂျပန်စာအတန်းတူလည်းဖြစ်သော ကျွန်တော်နှင့်လည်း ရင်နှီးခင်မင်သော ဖိလစ်ပိုင်မှ ကျောင်းသား သန်းသန်းစံနှင့် ကျွန်တော် စုစုပေါင်း ၅-ယောက် ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း အတွေ့အကြုံသစ်အတွက် စိတ်အားထက်သန်စွာ ချက်ပြုတ်ကြရန် ခြင်းတောင်းကြီးအား သတ်မှတ်နေရာသို့ ဆွဲမလာခဲ့ကြပါတယ်။ ခြင်းတောင်းထဲတွင်မတော့ ခေါက်ဆွဲကြော်စားရန် အတွက် ခေါက်ဆွဲထုပ်များ( ဒီက တချို့ခေါက်ဆွဲထုပ်များမှာ ပြုတ်ထားပြီး အအေးခံထားသောကြောင့် ထပ်ပြုတ်စရာ မလိုပါပဲ အဆင်သင့် ကြော်စားရန်ပင်ဖြစ်ပါသည်။)၊ ပုဇွန်များ၊ ဂျပန်အခေါ် အိက ခေါ် ပြည်ကြီးငါးများ၊ အသီးအရွက်များ နှင့် ဆီ၊ဆား၊ ငန်ပြာရေ ဗူးများပင်ဖြစ်ပါတယ်။ နေရာသို့ရောက်ပြီး မီးမွေးသူမွေး၊ ကြော်လှော်ဖို့ပြင်သူကပြင်နေဆဲမှာပင် ကြီးကြပ်သူများထဲမှ ကျွန်တော်တို့ စားပွဲတွင် လူအရေအတွက် နည်းနေသေး၍ နောက်ထပ် ဂျပန်ကျောင်းသား ၂-ယောက်ထပ်ထည့် ပေးသွားပါသည်။ ကျွန်တော်တို့လည်း အသစ်ထပ်ရောက်လာသော ဂျပန်ကျောင်းသားများနှင့် ထပ်မံ မိတ်ဆက်ကြရာ ဂျပန်ကျောင်းသား၏ အမည်မှာ ခိခု ဟူ၍ဖြစ်ပါတယ်။ ခိခု ဆိုတာ ဂျပန်လို နားထောင်သည်ဟု အဓိပ္ပါယ်ရပါသည်။ ခိခုစံ ဆိုတော့ ကိုနားထောင်-ပေါ့။ ဂျပန်မှာ နာမည်များမှည့်ခေါ်လျှင် ကျွန်တော်တို့ မြန်မာနိုင်ငံက ဓလေ့တစ်ခုလိုပင် ကျန်းမာစေရန်လည်းကောင်း၊ ဘဝတွင် အောင်မြင်စေရန်ရည်ရွယ်၍လည်းကောင်း သဘာဝနှင့် နီးစပ်သော အမည်နာမများ (ဥပမာ- ရေ၊ မြေ၊ တောတောင်၊ မြစ်၊ ကျောက်တုံး စသည်) မှည့်ခေါ်လေ့ရှိပါသည်။ ယခု မှည့်ခေါ်သော နာမည်မှာ ထူးဆန်းသော နာမည်တစ်ခုဟူ၍ မှတ်ယူခဲ့ရပါသည်။ နောက် တရုတ်ကျောင်းသူမလေး၏ အမည်မှာ ဒဲန်းရှိ (ဂျပန်လို လျှပ်စစ် ဟူ၍အဓိပ္ပါယ်ရပါသည်။)၊ ဤတွင် ကျွန်တော်က ဟာ- ဒဲန်းရှိ ဆိုတာ ငါ့ရဲ့ မေဂျာပဲလို့ ဝင်နောက်လိုက်ပါသည်။ အဲဒီအချိန်တုန်းက ကျွန်တော်လည်း Electrical lab က မပြောင်းရသေးခင်ဖြစ်ပါတယ်။ ဒဲန်းရှိစံ ဆိုတော့ မလျှပ်စစ်ပေါ့။ ထူးလဲထူးဆန်းပါပေ့။ အဲဒီနောက် ကျွန်တော်တို့လည်း နောက်ထပ် လူအင်အားတောင့်လာ၍ ပိုမို တက်ကြွလာကြပြီး အားတက်သရောလုပ်ကြကိုင်ကြပါသည်။
(ဒါကတော့ ကျွန်တော်တိုရဲ့ ပျော်ရွှင်စရာနေ့လည်စာလေး တက်ကြွစွာချက်ပြုတ်နေကြပုံများဖြစ်ပါတယ်။)
(ဒါကတော့ Little World မှာ ပြကွက်တွေကြည့်ရှုနိုင်ရန် pdf ဖိုင်လေးပဲဖြစ်ပါတယ်။)
ကျွန်တော်တို့လည်း ပျော်ရွှင်စွာ ဝိုင်းဖွဲ့ချက်ပြုတ်စားသောက်ကြပြီးနောက် Little World အတွင်းသို့ ကြည့်ရှုလေ့လာကြရန် ထွက်ခဲ့ကြပါတယ်။ တချို့ စားပွဲဝိုင်းများက အဖွဲ့ဝင်မပျက် လှည့်လည်ကြည့်ရှု ကြသော်လည်း ကျွန်တော်တို့ကတော့ ကိုစိုင်းလေး၊ သန်းသန်းစံ နှင့် ကျွန်တော် ၃-ယောက်သားပဲ ချီတက်ခဲ့ကြပါတယ်။ Little World အဝင် လေဟာပြင် ပြဇာတ်ရုံ Open-Air Stage မှာ ကမ္ဘာတစ်လွှားမှ လူမျိုးစုများရဲ့ ဖျော်ဖြေတင်ဆက်မှုများလည်း အလှည့်ကျတင်ဆက်ပြသပေးလေ့ရှိပါတယ်။ ကျွန်တော်တို့ ရောက်ရှိသွားချိန်တွင်မတော့ ဘရာဇီးနိုင်ငံမှ မျက်လှည့်အကျော်အမော်များရဲ့ ဆန်းကျယ်တဲ့ပြကွက်များဖြင့် ဖျော်ဖြေတင်ဆက်နေတာ တွေ့ရပါတယ်။ အဲဒီနောက် ကျွန်တော်တို့လဲ ကမ္ဘာတစ်လွှားရှိ လူမျိုးစုတွေရဲ့ နေထိုင်မှုဓလေ့ထုံးစံပြကွက်များကို လည်ပတ်ကြည့်ရှုကြပါတယ်။ လျှောက်ကြည့်ကြရင်းနဲ့ မိုးလေးကလည်း တစ်ဖွဲဖွဲကျလာရော၊ ထီးကလည်း ကိုစိုင်းတစ်ယောက်သာ ပါလေတော့ ၃-ယောက်သား မလုံ့တစ်လုံမျှဆောင်းကြရင်း ဂျာမန် ဘာဘေးရီးယန်းမျိုးနွယ်စုတွေရဲ့ နေထိုင်မှုပုံစံများပြသထားတဲ့ နေရာရောက်လာပါတယ်။ ဘာဘေးရီးယန်းပြည်နယ်က ဂျာမဏီနိုင်ငံရဲ့ အရှေ့တောင်ဘက်အပိုင်းလောက်မှာ တည်ရှိပြီး ဧရိယာအကျယ်ဆုံးပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။ ဂျာမန်ဘီယာများပြသထားတာလည်းတွေ့ ရော ကိုစိုင်းလေးက ဟား- ဂျာမန်ဘီယာတွေက နာမည်ကြီးဗျ၊ ကြုံတုန်းအရသာလေး မြည်းကြည့်ကြရအောင်ဗျာ- ဆိုတာနဲ့ ကျွန်တော်လည်း လမ်းလျှောက်လာရတာ အတော်တန်နွမ်းနေတာတစ်ကြောင်း၊ ရာသီဥတုလေးကလည်း ကိုယ့်ဘက်ကပါလေတော့ ကျွန်တော်လဲ မငြင်းတော့ပဲ လုပ်ဗျာ- ချကြတာပေါ့ဆိုပြီး တစ်ယောက်တစ်ဗူးစီ အားပေးလိုက်ကြပါတယ်။ ပြကွက်အားလုံးလည်း ကုန်သလောက်ဖြစ်သွားတော့ ကျွန်တော်တို့လည်း အတော်လေး ပင်ပန်းနွမ်းနေကြပြီဖြစ်ပါတယ်။ ပြကွက်အားလုံးထဲမှာမှ အာရှနေထိုင်မှု ရိုးရာဓလေ့များသည် သဘာဝတရားကြီးနှင့် နီးကပ်စွာနေထိုင်ကြသောသူများဖြစ်ကြောင်း လေ့လာသုံးသပ် ရပါသည်။ စိတ်မကောင်းစရာတစ်ခုကတော့ ကျွန်တော်တို့အိမ်နီးချင်းနိုင်ငံလေးကလည်း တန်းဝင်စွာ ပါဝင်ပြသထားတာတွေ့ရပြီး ကျွန်တော်တို့ဆီက ပုဂံခေတ်နေထိုင်မှု ဓလေ့ထုံးစံလေးတွေလောက်တော့ ပါဝင်ပြသနိုင်ပါလျက်နှင့် ယခုတိုင်မြုပ်ကွယ်လျက်ရှိသည်မှာ ဝမ်းနည်းဖွယ်ရာပင်ဖြစ်ပါသည်။ အဲဒီနောက် ကျွန်တော်တို့လည်း ညနေ (၁၇း၃၀)နာရီခန့်တွင် စုရပ်သို့ပြန်လည်ရောက်ရှိပြီးနောက် ကျွန်တော်တို့ရဲ့ Little World တစ်နေ့တာ ခရီးစဉ်လေး အဆုံးသတ်ခဲ့ပြီး အပြန်လမ်းခရီး ကားပေါ်တွင် ကျွန်တော့်ရင်ထဲ တွင်လည်း အလာခရီးနှင့်မတူပဲ တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားရင်း Nagoya University Toyota Synposium စုရပ်သို့ပြန်လည်ရောက်ရှိခဲ့ပါတော့သည်။
Posted by စိုးမင်းခိုင်
2 comments:
ကိုစိုမင်းခိုင်ရဲ့ Post ဖတ်ရတာ ဗဟုသုတ အများကြီး ရပါတယ်။ ကိုယ်တိုင်မရောက်ဖူးတဲ့ဒေသကို ရောက်သွားရသလို ခံစား၇ပါတယ်။ နောက်များလဲ အဆင်ပြေရင် ရေးပေးပါအုံး။
ဟုတ်ပါတယ်။ နောက်ထပ် ပညာသင်သွားမဲ့သူတွေအတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။ ဆက်ရေးပါဗျာ။
Post a Comment