Sunday, June 05, 2011

ဆရာကြီး ဦးသာနိုးရဲ့ ဆောင်းပါး(၁၅)

V - ed ( Past Participle )
အရင်က V-ing သုံးပုံးသုံးနည်း ဆွေးနွေးခဲတာကို ကြေညက်လျှင် အခု V-ed သုံးစွဲတာနဲ့ ပတ်သက်ပြီး အခက်အခဲသိပ်တွေ့လိမ့်မယ်လို့ မထင်ပါဘူး။ အနက်အဓိပ္ပာယ်မှာသာ ကွဲပြားမယ်။ နေရာအနေအထားက အတူတူပါပဲ။
တခုတော့ သတိထားပါ ။ Past Participle လို့ နာမည်အပြည့်အစုံကို ဖော်ပြရာမှာ ရှည်လွန်းတဲ့အတွက် V-ed လို့ အလွယ်သုံးလိုက်တာဖြစ်တယ်။ တွေ့သမျှ V တိုင်းကို -ed ထည့်လို့ မဖြစ်ပါဘူး။ do ကနေ done, learn ကနေ learnt စသည်ဖြင့် ထူးခြားပြောင်းလဲပုံများကို မှတ်ထားရပေလိမ့်မယ်။ အဲလို မှတ်မထားတဲ့အတွက် writed, sended စသည်ဖြင့် ရယ်ဖွယ်လိလိ မှားကြတာကို ကြုံတွေ့ရမှာပါ။
ပထမဆုံး ခေါင်းထဲမှာစွဲနေစေချင်တာကတော့  V-ed ကို ခုလို Non-finite သဘောမှာသုံးတာဟာ Passive သဘောကို ဆောင်တယ်ဆိုတာပါပဲ။ Finite ဖြစ်တဲ့  Passive Verb မှာ ပါရိုးပါစဉ် is, are, was, were, will be ဆိုတာတွေကို ချန်ပြီး သုံးထားတာလို့ နားလည်နိုင်တယ်။
A house made of stone can look beautiful.
ကျောက်တုံးနဲ့လုပ်ထားတဲ့အိမ်ဟာ လှတတ်တယ်။
( ဒီနေရာမှာ that is ချန်ထားတယ်လို့ ယူဆနိုင်ပါတယ်။ )
Children born on Sunday are believed to be short-tempered
တနင်္ဂနွေနေ့မှာ မွေးတဲ့ကလေးများ စိတ်တိုတယ်လို့ ယုံကြတယ်။
( ဒီနေရာမှာ who are ကို ချန်ထားတယ်လို့ ယူဆနိုင်ပါတယ်။ )
ဒီအသုံးအနှုန်းကို နားလည်ဖို့ဟာ အင်္ဂလိပ်စာဖတ်ရေးမှာရော၊ ရေးတတ်ရေးမှာပါ အရေးကြီးပါတယ်။ ဒီသဘောကို နားမလည်ရင် V-ed ကို Non-Finite လို့ မမြင်ဘဲ၊ Finite လို့ မြင်ကာ အဓိပ္ပာယ်လွဲမှားသွားတတ်တယ်။ အင်္ဂလိပ်စာမှာကလည်း ဒီအသုံးက အများဆုံးသုံးကြတာ။ သတင်းစာခေါင်းစီးကအစ ဒီလို အတပ်များကြတာ။ ဥပမာ..
Plane shot down
Diplomat kidnapped
ဒါတွေကို ( လေယာဉ်ပျံက ပစ်ချတယ် )၊ ( သံတမန်က ပြန်ပေးဆွဲတယ် ) လို့ ထင်မိရော။ ဖြစ်သင့်တဲ့အတိုင်း၊ အမှန်အတိုင်း ( လေယာဉ်ပျံ ပစ်ချခံရတယ် ) ၊( သံတမန်ကို ပြန်ပေးဆွဲသွားတယ် ) လို့ နားမလည်တော့ ဘူး။
နမူနာများမှာ တွေရတဲ့အတိုင်း V-ed ဟာ Adj သဘော အဓိက သုံးပါတယ်။ Adj ဆိုတာ the နဲ့  တွဲရင် ဗဟုဝုစ်နာမ် ဖြစ်သွားတယ်။ ဒီတော့  the poor - ဆင်းရဲသားများ ၊ the rich - လူချမ်းသာများ ၊ the oppressed- အဖိနှိပ်ခံရတဲ့ ပြည်သူများ ၊ the privileged - အခွင့်ထူးခံများ၊ the uneducated - ပညာမတတ်သူများ စသည်ဖြင့် ဖြစ်ကုန်တယ်။ အဲ.. beloved ကတော့ တစ်ယောက်တည်းကို ပြောလို့ ရရဲ့။ My beloved- ငါ့ချစ်သူပေါ့ ။ Adjective တို့ ထုံးစံအတိုင်း V-ed တစ်လုံးတည်းဆိုလျှင် N ရှေ့က၊ တခြား စကားလုံးတွေ ပါရင် N ရဲ့ နောက်ကထားပြီး သုံးရတယ်။
A skilled workman is paid more.
ကျွမ်းကျင်တဲ့ လုပ်သားကို လုပ်အားခ ပိုပေးရတယ်။
Written English is more grammatical than the spoken variety.
အင်္ဂလိပ်စာက အင်္ဂလိပ်စကားထက် သဒ္ဒါမှန်တယ်။
( အရေးခံတဲ့ အင်္ဂလိပ်၊ အပြောခံရတဲ့စကားလို့ အင်္ဂလိပ်လိုမှာ ဆိုတယ်။ )
A burnt child dreads the fire.
မီးလောင်ခံရဖူးတဲ့ကလေး မီးကို ကြောက်တယ်။ ( စကားပုံ )
We are going to visit a pagoda built about 1000 years ago.
လွန်ခဲ့တဲ့ နှစ် ၁၀၀၀ ခန့်က တည်ခဲ့တဲ့ ဘုရားကို သွားဖူးကြမယ်။
Cars manufactured in Japan are cheaper.
ဂျပန်မှာ ထုတ်တဲ့ကားတွေက ပိုဈေးပေါတယ်။
တခါတလေ တစ်လုံးတည်းပေမယ့် N နောက်ကလာတာ တွေ့ရတယ်။
Visitors interviewed say they like the place.
မေးမြန်းခံရတဲ့ ဧည့်သည်များက ဒီအရပ်ကို သဘောကျကြောင်း ပြောပါတယ်။
Adv အနေနဲ့ သုံးခဲ့လျှင် ၀ါကျရှေ့က၊ အလယ်က၊ နောက်က အမျိုးမျိုးထားလို့ ရတယ်။
Surprised, she could not say a word.
အံ့အားသင့် သွားသမို့ သူမ စကားတစ်ခွန်းမျှ မပြောနိုင်။
They sat down, exhausted.
သူတို့ မောမောနဲ့ ထိုင်ချလိုက်ကြတယ်။
The visitor, asked what his impressions were, answered he had none.
သူ့ ထင်မြင်ချက်များက ဘယ်လိုပါလည်းလို့ မေးလိုက်တော့ ဧည့်သည်ကြီးများက ဘာမှ (ပြောစရာ) မရှိပါဘူးတဲ့။
ဒီလိုဝါကျမျိုးမှာ asked အစား when asked လို့ လည်း သုံးလေ့ ရှိတယ်။ အဓိပ္ပာယ်ကတော့  when he was asked ပေါ့ လေ။ when he was စကားလုံးသုံးလုံးကို ဖြုတ်ပစ်ပြီး ခုလို ဖြစ်ပေါ်လာတယ်လို့ မှတ်သားနိုင်ပါတယ်။ V-ing မှာ ဆွေးနွေးခဲ့တဲ့ being asked, on being asked ဆိုတာတွေနဲ့ သဘောချင်းအတူတူပါပဲ။ လေ့ကျင့်ခန်းပဲ လုပ်လုပ်၊ ကိုယ်ပိုင်ရေးရေး finite လား၊ Non-finite လား ကွဲပြားပါစေ။
Watches (make) in Switzerland.
( ၀ါကျတစ်ခုလုံးမှာ V တစ်ခုပဲ တွေ့ရတယ်။ S ဖြစ်တဲ့ Watches ရဲ့ V လို့် သိ၇မယ်။ finite ဒီတော့ )..........
အဖြေ။.......... ။ are made
Watches (make) in Switzerland are excellent.
( ၀ါကျမှာ V နှစ်ခုရှိနေပြီ။ Watches နဲ့ တွဲရမယ့် V ဟာ are ဖြစ်တယ်။ ဒီတော့ ပေးထားတဲ့ make ဟာ Adj အလုပ်ပဲ လုပ်ရလိမ့်မယ်။ )
အဖြေ။............. ။ made
Posted by ကိုတူး(မိတ္ထီလာ GTI)

No comments:

Post a Comment