Sunday, June 05, 2011

ကျွန်တော် ပညာသင် (၂)

၂၀၀၈ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့။
နံနက်(၈)နာရီလောက်မှာ အိပ်ယာကနိုးလာခဲ့ပါတယ်။ လေယာဉ်ကို ခရီးဝေး စီးခဲ့ရတဲ့ အတွက်ရော၊ မနေ့က အပြင်မှာ ကိုစိုင်းတို့ကို စောင့်နေတုန်း အအေးနည်းနည်း မိသွားတာကြောင့်ပါ တစ်ကိုယ်လုံး ကိုက်ခဲနေပြီး မလှုပ်ချင်ဖြစ်နေမိပါတယ်။ အိပ်ယာကထပြီး ပစ္စည်းတွေနေရာချဖို့လုပ်နေတုန်း ပြင်ဆင်နေဆဲ အပြင်က တံခါးခေါက်သံကြားလို့ ဖွင့်ကြည့်တော့ Foreign Registration (နိုင်ငံခြားသားမှတ်ပုံတင်ခြင်း)၊ Bank Account  ဖွင့်ဖို့ နဲ့ ကျန်းမာရေးအာမခံ (Health Insurance) လုပ်ဖို့ လာခေါ်တာဖြစ်ကြောင်း အဆောင်အောက်ထပ်ကို ချက်ခြင်း ဆင်းခဲ့ဖို့ပြောပါတယ်။ ဂျပန်မှာ ဘယ်လိုနိုင်ငံခြားသားမဆို ရောက်ရှိပြီး သီတင်းပါတ် ၂-ပါတ် အတွင်း သက်ဆိုင်ရာ ရပ်ကွက်ရုံး (ဒါမှမဟုတ်- မြို့နယ်ရုံး) တွေမှာ မဖြစ်မနေ မှတ်ပုံတင်ကြရပါတယ်။ ဒီနေရာမှာ ကျန်းမာရေး အာမခံနဲ့ပတ်သက်လို့ နည်းနည်းရှင်းပြချင်ပါတယ်။

ကျန်းမာရေး အာမခံ ဆိုတာက နေထိုင်မှုအဆင့်အတန်း ဗီဇာပေါ်မူတည်ပြီးအမျိုးမျိုး ကွဲပြား လေ့ရှိပါတယ်။ ကျန်းမာရေး အာမခံ ပြုလုပ်ထားလျင် ဆေးကုသမှု ကုန်ကျစားရိတ်အားလုံးရဲ့ ၃၀% သာလျင်ပေးဆောင်ရပါတယ်။ ကျန်သော ၇၀% ကိုတော့ ဂျပန်အစိုးရမှ ကျခံပေးပါသည်။ ၎င်းကျန်းမာရေး အာမခံသည် ပုဂလိက ဆေးရုံ၊ ဆေးခန်းများ အပေါ်တွင်လည်း သက်ရောက်မှုရှိပါသည်။ နောက်ပြီး ကျွန်တော်တို့လို ကျောင်းသားများအတွက်တော့ ရောက်စက Japan Student Service Orgnization- JASSO မှ ကျွန်တော်တို့ ကျောင်းသားများ ကျခံရသည့် ၃၀% အပေါ်တွင် ထပ်ဆောင်း၍ ၃၀% ကျခံပေးပြန်ပါသည်။ (ဥပမာ- ဆေးကုသမှု ကုန်ကျစားရိတ် ယန်း ၁၀,၀၀၀ ဆိုပါစို့၊ ဂျပန်အစိုးရက ၇၀% (ယန်း ၇၀၀၀) ကျခံပေးပြီး ကျန် ၃၀% (ယန်း ၃၀၀၀)  သာလျင်ကျွန်တော်တို့က ကျခံရမည်ဖြစ်ပါသည်။ ထပ်မံ၍ ကျွန်တော်တို့လို ကျောင်းသားများ အတွက် JASSO မှ ကျွန်တော်တို့ ကျခံရသည့် ၃၀% (ယန်း ၃၀၀၀) အပေါ်တွင် ထပ်ဆောင်း ၃၀% (ယန်း ၉၀၀) ကျခံပေးသည့်အတွက် ကျွန်တော်တို့က ကျန်သော ၇၀% (ယန်း ၂၁၀၀) သာလျင်ကျသင့်တော့မည် ဖြစ်ပါသည်။ သို့သော်လည်း နောက်ပိုင်းတွင်တော့ JASSO ကကျခံပေးခြင်း မရှိတော့သည့် အတွက် ကျွန်တော်တို့၏ ၃၀% အပြည့်အဝကို ကျွန်တော်တို့ ကိုယ်တိုင်က ပေးနေရပါသည်။)  
ကျွန်တော်လည်း ကမန်းကတန်း မျက်နှာသစ် အဝတ်လဲပြီး အောက်ထပ်ကိုပြေးဆင်းခဲ့ပါတယ်။ Indonesia ကျောင်းသား နဲ့ India ကျောင်းသူ တို့ကို ဂျပန် Volunteer အမျိုးသမီးကြီး တစ်ယောက်က ခေါ်သွားနှင့်ပြီး ကျွန်တော့်ကိုတော့ တစ်ယောက်စောင့်နေပါတယ်။ ကျွန်တော်တို့ ဆာကူရာရာမ အဆောင်သည် Showa-ku (ရှိုးဝ မြို့နယ်) အတွင်းရှိသောကြာင့် Showa Kuyakusho (ရှိုးဝ မြို့နယ်ရုံး) သို့ သွားရမှာဖြစ်ပါတယ်။အဆောင်နှင့်လည်း သိပ်မဝေးသောကြောင့် လမ်းလျှောက်ပြီး လာကြပါတယ်။ စကားပြောရင်း လမ်းလျှောက်လာကြရာ သူမက နာဂိုယာမှာ မြန်မာဆိုင်တွေရှိကြောင်း၊ “လမင်း” တို့ “ခရေ” တို့ဖြစ်ကြောင်း၊ ကျွန်တော်က ရောက်ဖူးလားမေးပြီး လမင်း ဆိုတာ The Moon (ဂျပန်လို tsuki ) လို့ခေါ်ကြောင်း၊ ခရေ ဆိုတာ ပန်းနာမည် ဖြစ်ကြောင်း ပြောပြတော့ အံ့သြနေပါတယ်။ ကျွန်တော့်ကို ရန်ကုန်ကလားလို့ မေးပါတယ်။ ဟုတ်တယ်လို့- ပြီးတော့ မြန်မာပြည်ကို   ရောက်ဖူးလားမေးတော့ မရောက်ဖူးကြောင်း၊ သွားချင်ကြောင်းပြောပါတယ်။ 
မှတ်ပုံတင်ခြင်း၊ ကျန်းမာရေးအာမခံများလုပ်ပြီးတော့ ဘဏ်စာရင်း ဖွင့်ဖို့ မြို့နယ်ရုံးနှင့် မလှမ်းမကမ်းတွင်ရှိသော စာတိုက်ဘဏ်ကိုလာကြပါတယ်။ သူတို့ဆီက စာတိုက်ဘဏ် (Yuubinkyoku) များသည် စာတိုက်အလုပ်ရော ဘဏ်အလုပ်ပါတွဲလုပ်ကြတာများပါသည်။ လျှို့ဝှက်ဂဏန်း ၄-လုံးပေးပြီး ဘဏ်စာရင်းဖွင့်ပါတယ်။ ပြီးသွားပါပြီ။ မြို့နယ်ရုံးမှာတုန်းက ကိုစိုင်းဆီ ဖုန်းဆက် လိုက်ပါတယ်။ ရောက်တဲ့နေ့က ဝယ်လိုက်တဲ့ ဖုန်းကဒ်က Oversea ခေါ်တဲ့ဖုန်းကဒ် ဖြစ်နေတဲ့အတွက် ဂျပန်မကြီးကပဲ ဖုန်းကဒ်ထုတ်ပေးပါတယ်။ ရောက်စနေ့က ကျွန်တော်လဲ မြန်မာပြည်က သင်လာခဲ့သော မတောက်တခေါက် ဂျပန်စကားလေးနှင့် ပြောပြလေတော့ ဆိုင်ဝန်ထမ်း ကိုရွှေဂျပန်ကလဲ ကျွန်တော့်ကို နိုင်ငံခြားသား (gaikokujin) ဆိုပြီး သူနားလည်သလို Oversea ကဒ်ပဲရောင်းလိုက်ဟန်တူပါတယ်။ အဲဒီလို ကျွန်တော့်မှာ ဂျပန်ကို ရောက်ရောက်ချင်း အလွဲလေးတွေနဲ့ စခဲ့ရတာပါ။ နောက်မှ သိရသည်မှာ ဂျပန်ပြည်တွင်း ခေါ်ဆိုသော ဖုန်းကဒ်များလည်း အမျိုးမျိုးရှိကြောင်း သိလာရပါတယ်။
အဲဒီနောက် Nagoya University ကျောင်းသားရေးရာဌာနကို ဆက်လာခဲ့ပါ တယ်။  မြေအောက်ရထား ၂-ဆင့်စီးရမှာဖြစ်ပါတယ်။ နာဂိုယာမြို့မှာ မြေအောက်ရထားလိုင်းတွေက Higashiyama Line, Meijo Line, Meiko Line, Tsurumai Line, Sakuradori Line and Kamiida Line ဆိုပြီး ၆-လိုင်းရှိပါတယ်။ အခုကျွန်တော်တို့ စီးရမှာက Sakuradori Line ကနေ Meijo Line ပြောင်းစီးရမှာဖြစ်ပါတယ်။ ဒီက Subway Station တွေတိုင်းမှာက လက်မှတ်ဖြတ်ရမယ့် စက်တွေရဲ့ အထက်နားလေးတွေမှာ ကိုယ်ရောက်နေတဲ့ ဘူတာကနေ သွားချင်တဲ့ဘူတာတွေဆီ  ဘယ်လောက် ကျသင့်တယ်ဆိုတာ Subway Map အကြီးကြီးပေါ်မှာ ဘူတာတွေအလိုက် ဈေးနှုန်းတွေ ကပ်ထားပေးတယ်။ လက်မှတ်ဝယ်ပုံကို ဂျပန်မကြီးတွေက ပြောပြပေးပါတယ်။ နာဂိုယာတက္ကသိုလ်ထိ ယန်း၂၃၀ ကျမှာဖြစ်ပါတယ်။ ဂျပန်ရောက်ပြီး ယခုအကြိမ်က မြေအောက်ရထား စပြီးစီးဖူးတာဖြစ်ပါတယ်။ ကျောင်းထဲဝင်ဝင်ချင်း ကိုစိုင်းက နောက်ကနေ ‘ရောက်လာပြီပေါ့လေ’ လို့ နှုတ်ဆက်ပါတယ်။ တွေ့မယ့်တွေ့တော့လဲဆိုက်ဆိုက်မြိုက်မြိုက်ပါပဲ။ ကိစ္စဝိစ္စများပြီးမှ လာမယ်လို့ပြောလိုက်ပါတယ်။ မနေ့က ညစာစားပြီး လမ်းခွဲပြန်လာတော့ သူတို့လာခေါ်မယ်ပြောလိုက်တာကိုး။ အမှန်က အဆောင်မှာ အပ်ပြီးပြီးချင်း ကျောင်သားတစ်ယောက် ချင်းစီကို Schedule တွေပေးလိုက်ပြီး ဖြစ်ပါတယ်။  ဒါကို ကျွန်တော်က ညစာစားပြီး အဆောင်ပြန်ရောက်တော့ ပင်ပန်းခဲ့တဲ့ဒဏ်တွေကြောင့် မဖတ်ဖြစ်တော့ပဲ ထိုးအိပ်လိုက်မိတော့မသိလိုက်ပဲဖြစ်သွားတာပါ။ ဒါကြောင့် Volunteer ဂျပန်မကြီးတွေက ကျွန်တော်တို့ကို အဆောင်လာခေါ် မြို့နယ်ရုံး၊ ဘဏ်တွေမှာ လုပ်စရာရှိတာလုပ်ကြပြီး ကျောင်းအထိလိုက်ပို့ ကျောင်းအပ်တဲ့ အလုပ်များပြီးသည်အထိ သူတို့ တာဝန်များဖြစ်ပါတယ်။
  

(နိုင်ငံခြားသားကျောင်းသားများအား ဂျပန်ဘာသာ သင်ကြားပေးရာဌာန Education Center for International Student-ECIS )
ကျောင်းသားရေးရာဌာနမှာ လုပ်စရာရှိသည်များပြီးသွားတော့ ကိုစိုင်းတို့ကျောင်းဆောင်ဘက် ထွက်လာခဲ့ပါတယ်။ ကိုစိုင်းတို့ တက်ရတဲ့ Graduate School of International Development (GSID) က ကျောင်းသားရေးရာဌာနနဲ့ မျက်နှာချင်းဆိုင်မှာပါပဲ။ ကိုစိုင်းဆီရောက်တော့ ထမင်းစားကြမယ်ဆိုပြီး ရှောခုဒိုး (ထမင်းဆိုင်လေး) ဆီလာကြပါတယ်။ သူတို့ဆီကတော့ ဘာပဲဖြစ်ဖြစ် တန်းစီစနစ်ပါပဲ။ ကျွန်တော်တို့လဲ ဝင်တန်းစီကြပြီး အောက်ခံဗန်း (Tray) များ၊ တူများ (ဂျပန်မှာ တူကိုပဲ အသုံးပြုပြီး စားကြပါသည်၊ ဇွန်း၊ ခက်ရင်းအသုံးပြုလဲရပါသည်၊ အနောက်တိုင်းသားတွေ ကတော့ ဇွန်း၊ ခက်ရင်းတွေနဲ့ပဲစားကြပါသည်။) ယူကြပြီး ကောင်တာမှ ထမင်းများ၊ ဟင်းများ (ကျွန်တော်ကတော့ ကိုယ်စားနိုင်လောက်သည့် ဟင်းများပဲရွေးချယ်လိုက်ပါသည်။) ကြိုက်ရာရွေး မှာကြပြီးနောက် ငွေရှင်းကောင်တာတွင် ငွေရှင်းကြပါတယ်။ ကိုစိုင်းကတော့ ယန်း ၂၅၀၊ ၃၀၀ လောက်ဆိုစားလို့ဖြစ်ကြောင်း ပြောပါတယ်။ ကျွန်တော်အစား နည်းတာကြည့်ပြီး ကိုစိုင်းက ဒီမှာ သိပ်မချွေတာဖို့ ပြောပါတယ်။ ရောက်စက သူတို့လဲ မြန်မာငွေနဲ့ တွက်ပြီး ချိန်ဆခဲ့ရကြောင်း ပြောပါတယ်။ ကျွန်တော်ကလည်း ကိုယ်တိုင်က အစားနည်းကြောင်း အခု အစားအသောက်ပျက်နေလို့ ကျင့်သားမရသေးကြောင်းပြောလိုက်ပါတယ်။ စားသောက်ပြီး ထွက်လာကြတော့ မနေခြည်၊ မနန်း (ပညာရေး) တို့နဲ့တွေ့တော့ ညနေထမင်းစုချက်စားကြမယ်ဆိုပြီး မနေခြည် အဆောင်( International Residence- ဒါကလည်း Nagoya University ပိုင် အဆောင်တစ်ခုဖြစ်ပြီး ကျောင်းနှင့် ၁၀ မိနစ်ခန့်သာဝေးပါသည်။) ကိုလာကြပါတယ်။ အဆောင်ရောက်တော့ မနန်းက ပိုက်ဆံအိတ်မေ့ကျန်ခဲ့တာကို သူ့အသိ နိုင်ငံခြားသားတစ်ယောက်က ဖုန်းဆက်ပြောတာနဲ့ ပြန်သွား ယူမယ်ဆိုပြီး ပြန်မလာနိုင် လောက်တော့ကြောင်းပါပြောသွားတယ်။ အဲဒီနောက် ကျွန်တော်တို့လဲ ခဏနားနေပြီး ကိုကျော်နိုင်၊ ကိုစိုင်း၊ မနေခြည် နဲ့ ကျွန်တော်တို့ လိုအပ်သည့် ပစ္စည်းများဝယ်ဖို့ Yamada Denki (ရာမဒ လျှပ်စစ်ကုမ္ပဏီ) ဘက်ဈေးဝယ်ထွက်ခဲ့ကြပါတယ်။ ကျွန်တော်လဲ ကျွန်တော့်အတွက် လိုအပ်သော ထမင်းပေါင်းအိုး ဝယ်လိုက်ပါတယ်။ ယန်း ၄၉၈၀ ကျပါတယ်။ မြန်မာငွေနဲ့ တွက်လျင် ကျွန်တော်တို့ဆီက ဈေးနှုန်းနှင့်သိပ်မကွာပါ။ ပစ္စည်းတော်တော်များများမှာ တရုတ်နိုင်ငံလုပ်တွေချည်း တွေ့နေရာ ဂျပန်က ပြန်လာသော ကျွန်တော့်အသိတစ်ယောက်က ပစ္စည်းတော်တော်များများက တရုတ်နိုင်ငံလုပ်တွေချည်း ဖြစ်နေသည့်အတွက် တအံ့တသြ ပြောပြခဲ့တာကို အမှတ်ရလိုက်ပါသည်။
အဲဒီနောက် မနေခြည်အခန်းပြန်လာကြကာ ညနေစာ ချက်ပြုတ်စားကြပြီးနောက်တစ်နေ့ အစီအစဉ်များဆွဲပြီး ပြန်လာကြပါတယ်။ ကိုကျော်နိုင် နဲ့ ကိုစိုင်းက ကျွန်တော့်ကို မြေအောက်ရထားဘူတာရုံကို လိုက်ပို့ပါတယ်။ ကျွန်တော့်အဆောင်ထိ ရထား ၂-ဆင့်စီးရမှာ ဖြစ်ပါတယ်။ ရထားစီးပုံ၊ Exit ထွက်ပုံတွေ သင်ပေးပြီး ပြန်လွှတ်လိုက်ပါတယ်။ ဒါဟာ- ဂျပန်ရောက်ပြီး ဒုတိယအကြိမ် မြေအောက်ရထားစီးရခြင်းပါပဲ။ တစ်ယောက်တည်း စီးရမှာဖြစ်ပါတယ်။ သူတို့ဆီမှာ လမ်းညွှန်ဆိုင်းဘုတ်စနစ်တွေ တော်တော်ကောင်းပါတယ်။ ရထားပေါ်မှာလဲ နောက်ရပ်မယ့် ဘူတာတွေကို ကြေငြာပါတယ်။( နောက်သူတို့ ကြေငြာတာတွေ နားလည်လာတော့မှ နောက်ရပ်မယ့်ဘူတာက ဘာဘူတာပါ၊ ဒီတစ်ခါရပ်မယ့် ဘူတာရဲ့ ပလက်ဖောင်းက ရထားရဲ့ ဘယ်/ညာဘက်ခြမ်း၊ အဲဒီဘူတာမှာဆင်းရင် အထင်ကရ ဖြစ်တဲ့ နေရာတို့၊ ရုံးတို့၊ နောက်ပြီး အဲဒီဘူတာထဲမှာပဲ ဘယ်တွဲနံပါတ်က ဆင်းရင် ဓါတ်လှေခါး၊ စက်လှေခါးရှိပါတယ် စသည်ဖြင့် ထည့်သွင်းပြောပြလေ့ရှိပါတယ်။) ကျွန်တော်တော့ ကျွန်တော့်ကိုယ်ကျွန်တော် အိပ်မက်များလား ထင်နေတုန်းပါပဲ။ ကိုစိုင်းတို့ကိုလဲ အဲဒီအကြောင်း ခဏခဏပြောဖြစ်တယ်။ ကိုစိုင်းက သူ့တုန်းကလည်း ဒီတိုင်းပါပဲ- အိပ်မက်လို ခံစားခဲ့ရကြောင်း ပြောပြပါတယ်။ ကျွန်တော်ဆင်းရမယ့် ဘူတာကို ရောက်ပါပြီ။ စိတ်မချလို့ အမှားအယွင်း ဖြစ်ခဲ့ရင် ဖုန်းဆက်ဖို့ တဖွဖွမှာလိုက်ပါတယ်။ Exit တွေက ရပ်တဲ့ဘူတာရဲ့ နေရာပေါ်မူတည်ပြီး အနည်း၊ အများရှိပါတယ်။ ကျွန်တော်ဆင်းတဲ့ ဘူတာဆိုရင် Exit ၈-ခု ထိရှိပါတယ်။ မြေအောက်ကနေ မြေပေါ်ကို ပြန်တက်ရမှာဆိုတော့ နီးစပ်ရာတွေကို ထွက်ပေါက်ထားပေးတဲ့သဘော ဖြစ်ပါတယ်။ အဆောင်တော့ပြန်ရောက်ပါပြီ။ ဒီနေ့တစ်နေ့တာကတော့ ကျွန်တော်ရဲ့ ဂျပန်ရောက်ပြီး ဒုတိယမြောက်နေ့ အမှတ်တရရှိလှစွာသော အတွေ့အကြုံလေးများပဲ ဖြစ်ပါတယ်။

Posted by စိုးမင်းခိုင်

1 comment:

ဝတီ said...

ကိုစိုးမင်းခိုင်ရေ...
ခင်ဗျားလဲ မအားလပ်တဲ့ကြားကနေ Post တွေ ရေးပေးနေတော့ ခင်ဗျားရင်ထဲမှာ ကျွန်တော်တို့ကျောင်းရဲ့ အငွေ့အသက်လေးတွေ ရှိနေသေးတာပဲဆိုပြီး ကျွန်တော်အတော်လေး ဝမ်းသာမိပါတယ်။ ဒီ blog လေးဟာ ကျောင်းပြီးကတည်းက တနေရာစီ ကွဲကွာသွားကြတဲ့ သူငယ်ချင်းတွေအားလုံး မိမိဘဝတလျှောက် တွေ့ကြုံခဲ့ရသမျှ ခံစားချက်တွေ၊ အတွေ့အကြုံတွေ၊ အသိပညာဗဟုသုတတွေကို တဦးမှတဦးဆီသို့ မျှဝေရင်း ပြန်လည်ဆုံဆည်းကြတဲ့နေရာလေးပေါ့။ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့သူငယ်ချင်းတွေအများစု ဒီblogလေးဆီကို အလည်မလာနိုင်၊ မိမိတို့ရဲ့ မိမိဘဝတလျှောက် တွေ့ကြုံခဲ့ရသမျှအကြောင်းအရာတွေကို ပြန်လည်မမျှဝေနိုင်ချိန်မှာ ခင်ဗျားရေးသားတဲ့ Post ဟာ ကျွန်တော်အပါအဝင် ဒီblogလေးကို အမြဲအလည်လာနေကြ သူငယ်ချင်းတွေအတွက်တော့ အားဆေးတခွက်ပေါ့ဗျာ။

Post a Comment